DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းကြေညာ၊ ဝန်ကြီးချုပ်ဟောင်း ဝင်ပြိုင်မည်
DVB
·
August 6, 2020
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းကြေညာ၊ ဝန်ကြီးချုပ်ဟောင်း ဝင်ပြိုင်မည်
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတခု ဖြစ်တဲ့ ကယားပြည် နယ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြည်နယ်တွင်း မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဒီကနေ့ မီဒီယာနဲ့ တွေ့ဆုံပြောကြားလိုက်ပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြည်နယ်အတွင်းမဲဆန္ဒနယ် ၃၄ နေရာထဲက ၃၀ ကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကျန်တဲ့ ၄ နေရာကိုတော့ ပါတီရဲ့ မဟာမိတ်ဖြစ်တဲ့ ကယန်းအမျိုးသားပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီအထွေထွေအတွင်းရေးမှုး ဦးသဲရယ်က ပြောပါတယ်။  

“ရွေးကောက်ပွဲဝင်မဲ့ မဲဆန္ဒနယ်ကတော့ ၃၄ နေရာလောက်ရှိတယ်။ ကျနော်တို့ပါတီအနေနဲ့ ၃၀ ဝင်ပြိုင်ပြီးတော့မှ ကျန်တဲ့ ၄ နေရာကတော့ KNP ကယန်းအမျိုးသားပါတီကနေပြီးတော့မှ ဝင်ပြိုင်မှာဖြစ်ပါတယ်။”

ဒီကနေ့မှာတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်း ၃၄ ဦးရဲ့  အမည်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ အရင်ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး (ခ) ခူးဘူးရယ်ပါဝင်လာပါတယ်။

“ဘူးရယ် ခင်မောင်ဦးဆိုတာက ၂၀၁၀ - ၂၀၁၅ အတွင်းမှာ ပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဘူးရယ် ခင်မောင်ဦးပဲ ဖြစ်ပါတယ်။ သူကတော့ လွိုင်ကော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှာ ဝင်ရောက် ယဉ်ပြိုင်မှာ ဖြစ်ပါတယ်။”

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး (ခ) ခူးဘူးရယ်ကို ရွေးချယ်ရတာနဲ့ပတ် သက်ပြီးတော့ “ဘူးရယ်ခင်မောင်ဦး ကျနော်တို့ပါတီမှာ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့အကြောင်း အရင်းရယ်၊ ကျနော်တို့ပါတီက ရွေးချယ်ဖြစ်တဲ့ အဓိကအကြောင်းအရင်းကတော့ သူ့ရဲ့အရင်က တွေ့အကြုံနဲ့ အစိုးရမှာဦးဆောင်ပြီးမှ အရင်တုန်းက ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း သူက ထဲထဲဝင် ဝင်ပါဝင်ခဲ့ပြီးတော့မှ တချို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာဆိုလို့ရှိရင် တိုးတက်အောင်မြင်လောက်တဲ့ အခြေအနေတချို့လည်း ကျနော်တို့ တွေ့ရတာပေါ့နော်။ ဆိုတော့ သူ့ရဲ့လုပ်ရည်ကိုယ်ရည်တွေကိုလည်း ကျနော်တို့ နှစ်သက်သဘောကျတာဟာတွေ ရှိတယ်။ အဲဒါတွေကတော့ အဓိက ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ဟာပေါ့နော်။ ဆိုတော့ လာမယ့် ၂၀၂၀ အလွန်ကျလို့ရှိရင်တော့ ကျနော်တို့ မျှော်မှန်းသလောက် အနိုင်ရရှိလို့ ပြည်နယ်အစိုးရထဲမှာ ကျနော်တို့ ဝင်ပါနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ သူ့ရဲ့အတွေ့အကြုံနဲ့ ထိန်းပေးနိုင်မယ်၊ ဆောင်ရွက်ပေး နိုင်မယ်လို့ ကျနော်တို့က ယုံကြည်တာပေါ့နော်။ နောက်တခုက သူ့ရဲ့ စီမံခန့်ခွဲမှုက ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့သူ့ကို ရွေးချယ်ရခြင်းဖြစ်ပါတယ်။ ” လို့ ခူးသဲရယ်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဦးခင်မောင်ဦးဟာ  ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ဘောလခဲမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒ နယ် အမှတ် (၁) မှာ ဝင်ရောက်ရွေးချယ်ခံပြီး အနိုင်ခဲ့တဲ့အတွက်  ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြောက်ခံရသူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ နုတ်ထွက်ထားပြီး ကယားပြည်နယ်ဒီမိုကရက် တစ်ပါတီမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးခံတာဖြစ်ပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်တဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ ကယားပြည်နယ်အတွင်း မြေယာအရေးနဲ့ ပြည်နယ်အရေးမှာ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းထဲမှာ အမျိုးသမီး ၂၈ ရာခိုင်နှုန်းပါဝင်ပြီး လူငယ်ထက်ဝက်လောက်ကို ရွေးချယ်ထားသလို တိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်တဲ့ ကယား၊ ကယန်း၊ ကယော၊ ကရင်၊ ရှမ်း စတဲ့ တိုင်းရင်းသားမျိုးစုံကိုထည့်သွင်းထားပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးဖိုးရယ်က “လူမျိုးစုအလိုက်ကတော့ သူ့ဒေသနဲ့သူ အံဝင်ခွင်ကျဖြစ်အောင်ပေါ့နော်။ အရည်အချင်းလည်း ကိုယ့်ပြည်နယ် တကယ် အလုပ်လုပ်နိုင်တဲ့လူလည်းဖြစ်ရမယ်။ အရည်အချင်းလည်းရှိတယ်။ ပြည်သူလူထုကလည်း လိုလားတယ်ဆိုတဲ့ ကိုယ်စားလှယ်လောင်းတွေကို ကျနော်တို့အဓိကထားပြီးတော့ ရွေးချယ်ပါတယ်။” လို့ ပြောပါတယ်။

ကယန်းအမျိုးသားပါတီကလည်း ကယားပြည်နယ်မှာဝင်ရောက်ယှဉ်ပြိုင်ဖို့  ကိုယ်စာလှယ်လောင်း ၄ ဦးကို ရွေးချယ်ထားသလို ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ကိုယ်စားလှယ် ၆ ဦး စုစုပေါင်း ၁၀ ဦးရွေးချယ်ထားတယ်လို့ ပါတီဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။

“ကျနော်တို့ ကယန်းအမျိုးသားပါတီရဲ့ကိုယ်စားလှယ်လောင်း ၁၀ ယောက်ထဲမှာ ရှမ်းပြည်နယ်မှာ ၄ ယောက်ပါမယ်။ ကယားပြည်နယ်မှာ ၄ ယောက်ပါမယ်။ ရှမ်းပြည်နယ်မှာ ရေးရာဝန်ကြီးတယောက်ပါမယ်ဆိုတော့ ရှမ်းပြည်နယ်မှာ ၅ ယောက်ဖြစ်သွားတယ်။ ပြီးရင်တော့ ကရင်ပြည်နယ်မှာ ၁ ယောက် ဝင်ပြိုင်ဖို့ရှိတယ်။ ကျနော်တို့ ကိုယ်စားလှယ်လောင်းအားလုံးက အသက် ၅၁ နှစ်က အကြီးဆုံးဖြစ်တယ်။ ကျန်တဲ့ပုဂ္ဂိုလ်အားလုံးကတော့ အသက် ၄၀အောက် ခတ်များများပဲဖြစ်တယ်။ နောက်တချက်ကတော့ ကိုယ်စားလှယ်လောင်း ၁၀ ဦးထဲမှာ အမျိုးသမီး ၅ ဦးပါပါတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့စာရင်းအရ မှတ်ပုံတင်ထားတဲ့ ပါတီ ၉၇ ပါတီရှိပြီး ကယားပြည်နယ်မှာ ပြည်နယ်အခြေစိုက်ပါတီ ၂ သာရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013