DVB Logo
Home
ဆောင်းပါး
၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ လိုနေပြီလား
DVB
·
June 6, 2013
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်းအောဘရိုက် မြန်မာနိုင်ငံကို လာရောက် လည်ပတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတ ဦးဥာဏ်ထွန်းအပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်ဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး အပါအ၀င် မြန်မာနိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ တိုင်းရင်းသားပါတီခေါင်းဆောင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ စုံစုံစေ့စေ့ တွေ့ဆုံခဲ့ပါတယ်။

သူတွေ့ဆုံရတဲ့ အဓိကအကျဆုံး အကြောင်းအရာကတော့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိစ္စ ဖြစ်ပါတယ်။ အာဏာပိုင်တွေဘက်က ဘာတွေ ပြင်ထားသလဲ၊ နိုင်ငံရေးပါတီတွေဘက်ကရော ဘာတွေ ပြင်ထားသလဲ၊ ရွေးကောက်ပွဲကော်မရှင်ကို သဘောကျရဲ့လား၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်ကြရဲ့လား၊ ဘာ အခက်အခဲတွေ ရှိနေကြသလဲ စတာတွေ မေးမြန်းပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်းအောဘရိုက်ဟာ အမေရိကန်နိုင်ငံ အမျိုးသား ဒီမိုကရက်တစ် အင်စတီကျူ (အန်ဒီအိုင်)ရဲ့ လက်ရှိ ဥက္ကဋ္ဌလည်းဖြစ်တာကြောင့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးလွတ်လပ်မှု မြှင့်တင်ပေးရေး ကူညီဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ မယ်ဒလင်းအောဘရိုက်နဲ့ တွေ့ဆုံစဉ် နိုင်ငံရေးပါတီတွေက ဘာတွေ ပြောဆို ဆွေးနွေးလိုက်ပါသလဲ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ရာ စောနေပြီလား၊ ပြင်ဆင်မယ် ဆိုရင် ဘာတွေ ပြင်ဆင်သင့်သလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားပါမယ်။

၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာတွေ ပြောလိုက်လဲ ဆိုတာ မသိရပေမယ့် သူနဲ့ တွေ့တဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်အများစုကတော့ သမ္မတက ရွေးချယ်ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စ သိပ်ပြီး မယ်မယ်ရရ ဆွေးနွေးလိုက်နိုင်တာ မတွေ့ရပါဘူး။ ပါတီခေါင်းဆောင် တချို့ တင်ပြတဲ့ ပီအာရ် စနစ်အကြောင်းကိုပဲ အချိန်ကုန်ခံ ပြောဆို ငြင်းခုံခဲ့ကြတာပါ။ တကယ်ဆိုရင် ၂၀၁၅ ဒီဇင်ဘာ လောက်မှာ လုပ်မယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ပြောဆိုထားတဲ့ ရွေးကောက်ပွဲကို ခုအချိန်ကကြည့်ရင် ဝေးသေးတယ်လို့ ထင်ရပေမယ့် တကယ်ရင်ဆိုင်ရမယ့် ပြဿနာတွေကိုကြည့်ရင် ခုကတည်းက လုပ်မှ တော်ကာကျမယ်ဆိုတာ သတိပြုမိနိုင်မှာဖြစ်ပါတယ်။

ဒီရက်ပိုင်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီနာယကအဖွဲ့ဝင် ဦးဝင်းတင် ပြောတဲ့ သဘောထားတွေဟာ စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ ဦးဝင်းတင် အဓိက ပြောတာက လာမယ့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတဖို့ ဆိုရင် လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပစ်ရမယ်၊ အများလက်ခံနိုင်တဲ့ လေးစားလောက်သူတွေနဲ့ အသစ် ပြန်လည် ဖွဲ့စည်းရမယ်၊ လက်ရှိ ကော်မရှင်က နိုင်ငံရေးပါတီတွေကို တရားသူကြီးတွေလို အထက်စီးကနေ အမိန့်ပေး ညွှန်ကြားနေတာတွေကိုလည်း ဖျက်သိမ်းရမယ် လို့ဆိုပါတယ်။ တကယ်တော့ ဦးဝင်းတင်ပြောတာ သွေးထွက်အောင် မှန်ပါတယ်။ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆိုတာဟာ အရင် စစ်အစိုးရက စိတ်ကြိုက် ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နည်းဥပဒေ တွေကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။

အရင် စစ်အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ထိန်းချုပ်ဖို့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ် ကွပ်ကဲရေး ညွှန်ကြားရေးမှူးရုံးကို တည်ထောင်ခဲ့သလို၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဖွဲ့စည်းခွင့်ပြုလိုက်တဲ့ နိုင်ငံရေးပါတီတွေကို ထိန်းချုပ်ဖို့ အဲဒီ ဥပဒေတွေ ပြဋ္ဌာန်းပြီး “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်”ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေဟာ တရားမျှတမှုရှိတဲ့ ဥပဒေတွေမဟုတ်သလို နိုင်ငံရေးပါတီတွေကို ပုလိပ်အလုပ်၊ တရားသူကြီး အလုပ်လုပ်နိုင်အောင် ရေးဆွဲပြဋ္ဌာန်းပေးထားတာပဲ ဖြစ်ပါတယ်။ ဒါတင်မက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုလည်း အငြိမ်းစား စစ်ဗိုလ်ချုပ်တယောက်ကို ခန့်ထားပြီး ကော်မရှင်အဆင့်ဆင့်ကိုလည်း စစ်အရာရှိဟောင်းတွေနဲ့ စနစ်တကျ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒီ အခြေအနေအောက်မှာ ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်ဆိုရင်တော့ ဒါဟာ စိတ်ကူးယဉ်မှုတခုသာ ဖြစ်ပါလိမ့်မယ်။
အခြားတဖက်ကကြည့်ရင် မြန်မာနိုင်ငံအတွက် ၂၀၁၅ ရွေးကောက်ပွဲဟာ အလွန်အလွန် အရေးကြီးပါတယ်။ နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် သတ်မှတ်နိုင်ဖို့ရာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲနဲ့ အဲဒီရွေးကောက်ပွဲမှာ ပြည်သူတွေက ရွေးချယ်သူတွေ အုပ်ချုပ်တဲ့ အစိုးရအဖွဲ့ ရှိဖို့ လိုပါတယ်။ လက်ရှိသမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အစိုးရဟာ အဲဒီ အင်္ဂါရပ်နဲ့ လုံးဝ ညီညွတ်တာ မဟုတ်ပါဘူး။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာရ ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေဟာ ရွေးကောက်ပွဲရှုံးပြီး အာဏာကို ရှောရှောရှူရှူ လွှဲပေးလိမ့်မယ်လို့လည်း မမျှော်လင့်ကောင်းပါဘူး။ ဒီအတွက် အတိုက်အခံတွေဟာ အခြား နိုင်ငံရေးတာဝန်တွေ ထမ်းဆောင်ရင်း ၂၀၁၅ ရွေးကောက်ပွဲအတွက် ခုကတည်းက စနစ်တကျ ပြင်ရပါတော့မယ်။ ဦးဝင်းတင်ပြောသလို လက်ရှိ ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်းပြီး နိုင်ငံရေးပါတီ အားလုံးလက်ခံနိုင်တဲ့ ကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းရေး၊ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ရေးတွေကို တွန်းတွန်းတိုက်တိုက် စပြီးလုပ်ကြရမယ် ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013