DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ မွေးမြူရေးထွက်ကုန်ပစ္စည်း ၄၀ ရာခိုင်နှုန်းခန့် ထိခိုက်
DVB
·
August 4, 2020
ကိုဗစ်ကာလ မွေးမြူရေးထွက်ကုန်ပစ္စည်း ၄၀ ရာခိုင်နှုန်းခန့် ထိခိုက်
1 / 6
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်တွင်းမွေးမြူရေးကဏ္ဍက ထွက်ရှိတဲ့ ထွက်ကုန်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ဖို့ အအေးခန်းစနစ် မရှိတာကြောင့် မွေးမြူထုတ်လုပ်သူတွေအနေနဲ့ ၄၀ ရာခိုင်နှုန်းလောက် ထိခိုက်နစ်နာမှုတွေ ရှိနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးက သိရပါတယ်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်းက “ကိုဗစ်-၁၉ ကြောင့်အသွားအလာတွေ ကန့်သတ်ထားတဲ့အတွက် ကျနော်တို့ရဲ့ နေ့စဉ် စားသုံးနေတဲ့ အသားတွေ၊ ထွက်ကုန်တွေကို သိမ်းဆည်းထားနိုင်မယ့် အအေးခန်းစနစ် မရှိတဲ့အတွက်ကြောင့် မွေးမြူထုတ်လုပ်တဲ့သူတွေမှာ သူတို့ရဲ့ထွက်ကုန်တွေကို မရောင်းချရတဲ့အတွက် ထိခိုက်နစ်နာမှုတွေ ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ၄၀ ရာခိုင်နှုန်းလောက် ထိခိုက်တာရှိပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုအပေါ် မွေးမြူရေးကဏ္ဍ ပြန်လည်ကုစားမှုအစီအစဉ်နဲ့ ဖွင့်လှစ်တဲ့ CERP သင်တန်းတွေကို ကြီးကြပ်ဆောင်ရွက်ဖို့နဲ့ လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၀က်မွေးမြူထုတ်လုပ် သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

အဲဒီသင်တန်းကိုတော့ တိုင်းနဲ့ ပြည်နယ် ၁၀ ခုရှိ မြို့နယ်ပေါင်း ၁၁၈ မြို့နယ်မှာ ဖွင့်လှစ် သင်ကြားပေးသွားမှာ ဖြစ်သလို မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်က ရပ်ကွက်/ကျေးရွာ ပေါင်း ၃၄ ခုမှာ သင်ကြားပေးသွားမှာဖြစ်ပြီး ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပေါင်း ၈ ခုမှာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာက စီးပွားဖြစ် ၀က်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်မိုးက “ကိုဗစ်ကာလမှာ ထိခိုက်နစ်နာမှုအများကြီး မရှိပေမယ့် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါအနည်းငယ်တော့ ရှိပါတယ်။ အများကြီး မွေးထားတဲ့သူတွေမှာ ထိခိုက်မှုက နည်းတယ် ဆိုပေမယ့်လည်း တစ်ကောင်စ နှစ်ကောင်စ မွေးတဲ့သူတွေမှာတော့ ထိခိုက်နစ်နာမှုများပါတယ်။ ရောဂါဖြစ်ပွားနေတဲ့ ၀က်တွေရဲ့ အနေအထားနဲ့ ကုန်သည်တွေက ချိန်ထိုးပြီး ၀က်စျေးတွေ သတ်မှတ်လိုက်တော့ ကိုယ့်၀က်တွေ ဘယ်လောက်ကောင်းကောင်း တချို့ဝက်တွေ ကျန်းမာရေးမကောင်းတော့ အဲဒီစျေးနှုန်းအတိုင်းပဲ လိုက်၀ယ်တာဆိုတော့ စျေးကွက်ထဲမှာ အများကြီး ထိခိုက်မှုရှိပါတယ်” လို့ ပြောပါတယ်။

စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် CERP အရ ဖွင့်လှစ်တဲ့ ၀က်မွေးမြူ ထုတ်လုပ် သင်တန်းကို မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်းမှာ သြဂုတ် ၂ ရက်မှ ၅ ရက်အထိ ဖွင့်လှစ် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကာလအတွင်း မွေးမြူရေးသမားတွေကို ကျွဲ/နွား မွေးမြူထုတ်လုပ်သင်တန်း၊ သိုး/ဆိတ် မွေးမြူထုတ်လုပ်သင်တန်း၊ ကြက်/၀က်မွေးမြူထုတ်လုပ်သင်တန်း၊ တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်သင်တန်းနဲ့ မေထုန်မဲ့ သားစပ်နည်းနဲ့ ပွားများလာအောင် ထုတ်လုပ်တဲ့ သင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးသွားဖို့လည်း ရှိပါတယ်။

သတင်း- ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013