DVB Logo
Home
ကျန်းမာရေး
သင်သောက်နေတဲ့ အရက်တွေကို ဘာတွေနဲ့ ဖန်တီးထားတာလဲ
DVB
·
August 2, 2020
သင်သောက်နေတဲ့ အရက်တွေကို ဘာတွေနဲ့ ဖန်တီးထားတာလဲ
Donate to DVB

အရက်မသောက်နဲ့နော် လို့ ပြောရတာက တကယ်တော့ လွယ်မယောင်နဲ့ အခက်ဆုံး စကားပါ။ ခပ်လွယ်လွယ်ခေါင်းငြိမ့်ပြပြီးသွားရင် လစ်တာနဲ့ ကစ်ကြပြန်တဲ့သူတွေ သိပ်များပါတယ်။

အရက်သောက်တာက မကောင်းပါဘူး။ လူတိုင်းပြောနေကြစကားပါ။ ဒါပေမယ့်လည်း ပြောရင်းဆိုရင်း တစ်ခွက်တစ်ဖလား မော့မိကြပြန်တာပဲ မဟုတ်လား။

ကိုယ်ဒီလို မော့မိနေတဲ့ အရက်တွေကို ဘယ်အရာတွေကနေ ဖန်တီးထားတာလဲ။ ဘာကြောင့် အရက်ကို လူတွေ ဒီလောက်နှစ်ခြိုက်နေရတာလဲဆိုတာကို တွေးမိဖူးကြရဲ့လား။ အရက်မြင်ရင် ချဉ်ချဉ်တူးတူး မူးရင်ပြီးရောဆိုပြီး သောက်နေလို့ မဖြစ်ဘူးလေ။

အရက်အမျိုးအစားကလည်း တစ်ခုနဲ့တစ်ခု မတူကြသလို အခြေခံကုန်ကြမ်းချင်းကလည်း မတူကြပါဘူး။ ဒီစာစုမှာတော့ လူအများစုသောက်သုံးနေတဲ့ အရက်တွေကို ဘယ်လိုအရာတွေကို အခြေခံပြီး ဖန်တီးထားတာလဲဆိုတာကို ပြောပြချင်ပါတယ်။

ဝီစကီ


ဝီစကီလို့ပြောလိုက်ရင် ဂျော်နီဝါကာပဲ ပြေးမြင်မိကြမယ်မဟုတ်လား။ ဝီစကီဆိုတာ မုယောဂျုံစေ့ကို ပေါင်းခံချက်လုပ်ထားတဲ့ ယမကာတစ်မျိုးပဲဖြစ်ပါတယ်။ ဘီယာနဲ့မတူတာကတော့ ဝီစကီမှာ ဗျစ်ပွင့်မပါဘဲ ချက်လုပ်ထားတာပါ။

ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဂျုံ၊ နှံစားပြောင်း၊ မုယောစပါး၊ ပြောင်းဖူးနဲ့ မြင်းစားဂျုံတွေဟာ နည်းစနစ်အလိုက် ပြောင်းလဲနိုင်ပေမယ့် ဘီယာနဲ့ ထုတ်လုပ်ပုံခြင်း ဆင်တူသယောင်ရှိပါတယ်။ မုယောစပါးတွေကို ပေါင်းခံချက်လုပ်တာဖြစ်တဲ့အတွက် နည်းမှန်လမ်းမှန်နဲ့ သင့်လျော်ရုံမှီဝဲရင် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပေမယ့် နေ့စဉ်ရက်ဆက်သောက်သုံးမယ်ဆိုရင်တော့ ပြောင်းပြန်ရလဒ်ရပါလိမ့်မယ်။

ဘရန်ဒီ


ဘရန်ဒီဆိုတာ ဝိုင်အရက်ကို ထပ်မံချက်လုပ်ထားတာ ဖြစ်ပါတယ်။ Cognac နဲ့ Armagnac ဘရန်ဒီတွေဟာ ပြင်သစ်နိုင်ငံရဲ့ သီးခြားနေရာတွေမှာသာ ချက်လုပ်ကြရတာဖြစ်သလို ထုထည်အားဖြင့် အရက်ပါဝင်မှု ၃၅% ကနေ ၆ဝ% အထိ ဖြစ်ပါတယ်။ အများအားဖြင့် ဘရန်ဒီကို ညအိပ်ရာဝင်ခါနီး သောက်လေ့ရှိပြီး အသားအရေလှပစေရုံမက အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးတယ်လို့ အဆိုရှိပါတယ်။ တချို့ဒေသတွေမှာ စပျစ်သီးတို့လို သစ်သီးတွေကို အချဉ်ဖောက်ပြီးတော့လည်း ဘရန်ဒီချက်လုပ်လေ့ရှိပါတယ်။

ရှိန်ပိန်


ရှိန်ပိန်ဆိုတာက ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်းက ထွက်တဲ့ ဝိုင်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Gas အရှိန်ပြင်းတ အဖျော်ယမကာ တစ်မျိုးဖြစ်ပြီးတော့ အရက်ပါဝင်မှု ၁၂% ခန့် ဖြစ်ပါတယ်။ အဓိက အားဖြင့် စပျစ်သီးကို အခြေခံပြီး ဖန်တီးတာဖြစ်ပေမယ့် တခြားသစ်သီးတွေကနေလည်း ချက်လုပ်တတ်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး အစောကြေလွယ်စေတဲ့ ယမကာတစ်မျိုးပါ။ အဖျော်ယမကာတွေထဲမှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးလို့ ဆိုကြပါတယ်။

ရမ်


သကြားတွေ ၊ ကြံချောင်းတွေကို အချဉ်ဖောက်ပြီး ပေါင်းခံချက်လုပ်ထားတာကို ရမ်လို့ခေါ်ပါတယ်။ သက်တမ်းနုသေးတဲ့ရမ်ကိုတော့ တခြားအရည်တွေနဲ့ ရောနှောသောက်ဖို့ သင့်တော်ပြီးတော့ ချက်လုပ်ထားတာ ကြာပြီဖြစ်တဲ့ သက်တမ်းရင့်ရမ်တွေကို အရသာခံသောက်သုံးရတယ်လို့ ဆိုစကားရှိပါတယ်။ ဆီးချိုသမားတွေ ရှောင်သင့်တဲ့ ယမကာတစ်မျိုးပါ။

ဗော့ကာ


ဗော့ကာဟာ မူလတုန်းက အာလူးကနေ ချက်လုပ်တာပါ။ ခုနောက်ပိုင်းမှာတော့ ဝီစကီများလိုပဲ ဂျုံစေ့ကနေပဲ ပေါင်းခံပြီး ချက်ကြပါတယ်။ ဗော့ကာဟာ သက်တမ်းနုတဲ့အတွက် ပေါင်းခံချက်လုပ်ရာမှာ ရေလိုပဲ အရောင်ကင်းမဲ့ပြီး ကြည်လင်နေတတ်တာဖြစ်ပါတယ်။ ဗော့ဒ်ကာက သွေးလည်ပတ်မှုကောင်းစေပြီး ကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။

တက်ကီလာ


တက်ကီလာဆိုတာကတော့ သင်္ဘောနာနတ် (Agave Tequilana) ဖျော်ရည်ကို အချဉ်ဖောက်ပြီး ပေါင်းခံချက်လုပ်ထားတာဖြစ်ပါတယ်။ တက်ကီလာအရက်အားလုံးကို မက္ကဆီကိုနိုင်ငံ တက်ကီလာမြို့ဝန်းကျင်နဲ့ မက္ကဆီကိုနိုင်ငံ အနောက်မြောက်ဒေသနဲ့ အနောက်အလယ်ပိုင်း ကုန်းမြင့်ဒေသတွေမှာ အဓိက ချက်လုပ်ကြတာ ဖြစ်ပါတယ်။ တက္ကီလာက အရိုးသန်မာစေပြီး အိပ်ပျော်စေပါတယ်။

ဂျင်


ဂျင်အရက်ဆိုတာက ဂျူနီပါဘယ်ရီသီးကို အချဉ်ဖောက်ချက်လုပ်ပြီးတော့ ပေါင်းခံချက်လုပ်ထားတာ ဖြစ်ပါတယ်။ ၁၇ ရာစု အလယ်လောက်ကတည်းက လူကြိုက်များခဲ့တဲ့အရက်ဖြစ်ရုံမက ဒီနေ့ခေတ်မှာလည်း ဂျင်ကို သံပရာသီးနဲ့ တွဲဖက် သောက်သုံးကြပါသေးတယ်။ လေ့လာချက်တွေအရ ဂျင်ဟာ လေသင်တုန်းဖြတ်ချင်းကို ကာကွယ်နိုင်စွမ်းရှိပါတယ်။

အရက်တွေအကြောင်းပြောပြီးချိန်မှာ တစ်ပါတည်းသတိပေးချင်တာက ကြိုက်တတ်လို့ မှီဝဲရင်တောင်မှ ချိန်ချိန်ဆဆ မှီဝဲဖို့ကိစ္စပါ။ အရက်အလွန်အကျွံသောက်ခြင်းဟာ အသက်အန္တရာယ်ကြုံတွေ့နိုင်စေသလို ဘဝတွေကိုပါ ပျက်စီးစေတဲ့အရာပါ။

အရက်ကို အလွန်အကျွံတွေ သောက်သုံးတဲ့အခါ

  • ၁။ ဦးနှောက်ထိခိုက်မယ်။

  • ၂။ ခန္ဓာကိုယ်အပူချိန် ပြောင်းလဲလာမယ်။

  • ၃။ အစာအိမ်ထိခိုက်မယ်။

  • ၄။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းမရနိုင်ဘူး။

  • ၅။ ကိုယ်လက် မအီမသာ ဖြစ်မယ်။

  • ၆။ အရိုးကို ထိခိုက်မယ်။

  • ၇။ အသည်းကို ထိခိုက်မယ်။ စတာတွေပါပဲ။


ရေးသားသူ Ye Zon Aung


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013