DVB Logo
Home
Lead Story
ပြခွင့်မရတဲ့ ကိုကိုးကျွန်းပန်းချီကား
DVB
·
August 1, 2020
ပြခွင့်မရတဲ့ ကိုကိုးကျွန်းပန်းချီကား
1 / 5
Donate to DVB

မစည်ကားအပ်၊ အစာငတ်ခံ 

ရေပတ်လည်ဝန်း၊ ကိုကိုးကျွန်းမည်

အာဇာနည်များ၊ ကျဆုံးသွားသည်

ပန်းချီကားများ၊ သူရေးထားခဲ့ ။ ။

ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇူလိုင် ၃၁ ရက်ဟာ ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့ ၄၉ နှစ်မြောက်အဖြစ် တွေ့ရတယ်။ အမှတ်ရမိသွားတယ်။ သတိရသွားတယ်။ နောင်တော် ကျောင်းသား တိုက်ပွဲဝင် အာဇာနည်များကို အလေးပြုမိသွားပြီ။

တပြိုင်တည်းပဲ ကိုကိုးကျွန်းမှာ ၃ နှစ်ခွဲလောက်နေခဲ့ရတဲ့ အစာငတ်ခံတိုက်ပွဲ ဆင်နွှဲခဲ့သူ ရဲနီအောင်ဗလ (ခေါ်) ဦးအောင်မြင့် (ခေါ်) ပန်းချီဆရာကြီး ရာဟုလာ ကွယ်လွန်ခဲ့တာလည်း ၂၀၁၁ ခုနှစ် ဇူလိုင် ၃၁ ရက်ပါပဲ။ တိုက်ဆိုင်ပါပေ့။

 



ဟုတ်တယ်။ သည်ရက်ပိုင်းတွေမှာ တိုက်ဆိုင်နေတယ်။ ပန်းချီကိုဦး က Kalasa ပြခန်းမှာ တကိုယ်တော်ပန်းချီပြပွဲ လုပ်တယ်။ ပြပွဲမှာ ပန်းချီရာဟုလာ ပုံတူ ၃ ပုံ ပြသထားတယ်။ ပန်းချီကိုဦးကို အင်တာဗျူးတော့ 2010 ခုနှစ် ဩဂုတ်လ ၂၉ ရက်က မိုးခပြခန်းမှာ လုပ်ခဲ့တဲ့  ပန်းချီဆရာကြီး ရာဟုလာရဲ့ တကိုယ်တော် ပန်းချီပြပွဲ ‘‘Untitle’’Solo Show မှာ ကိုကိုးကျွန်းထောင် ပန်းချီ ၂ ကား ပြသခွင့် မရခဲ့တာကို သိရတယ်။ အဲ့သည်ခေတ်က စိစစ်ရေးက ဆင်ဆာခွင့်ပြုမှ ပြရတာလေ။ ဒီ မပြသရတဲ့ ရာဟုလာ ပန်းချီကားတွေကတော့ ထောင်တွင်း ရေချိုးနေကြပုံကားနဲ့ ကိုကိုးကျွန်း အကျဉ်းစခန်းပုံကားတွေပါ။

အမည်မဲ့ ရာဟုလာ Untitled Yahula

မင်းကွန်းမှာ ပန်းချီရာဟုလာ အိမ်ရှိတယ်။ ပန်းချီကိုဦး၊ ဒါရိုက်တာ ရှင်ဒေဝီတို့က သူ့ရဲ့ဘဝ ဇတ်လမ်း Documentary ရိုက်ကူးထားတယ်။ သူက အလံနီကွန်မြူနစ်၊ ကိုကိုးကျွန်းပြန်တယောက်ပါ။ သူ့အကြောင်း Documentary နာမည်က 'The Untitled Life' ပါ။ 'သူက သူ့ပန်းချီပြပွဲတွေမှာ နာမည်ပေးလေ့မရှိ။ Untitled လို့သာ ပေးပါတယ်။ ပန်းချီကားတွေကိုလည်း Untitled လို့သာပေးပါတယ်။ ကြည့်ရှုသူ ပရိသတ်သာ လွတ်လွတ်လပ်လပ် ခံစားပြီး နာမည်ပေးချင်ပေးပါလေ့စေ ဆိုတဲ့သဘောပါ။  သူ့နာမည်ရင်းက ဦးအောင်မြင့်။ ရဲနီ အောင်ဗလလို့လည်း ခေါ်တယ်။ သူ့အကြောင်းကို ဝီကီပီးဒီးထားမှာ အခုလို ဖော်ပြထားရဲ့။ ပန်းချီရာဟုလာ (ခ) ဦးအောင်မြင့်ကို ၁၉၄၆ ခုနှစ်၌ အဖ ဦးတင်မောင်(စံပြဆေးလိပ်ခုံ)နှင့် အမိ ဒေါ်အုန်းကြည် (ကျောင်းဆရာမ) တို့မှ ရွှေဘိုမြို့၊ မုံအာတွင်းရပ်ကွက်တွင် မွေးဖွားခဲ့သည်။ ၁၉၆၄ ခုနှစ်၌ မန္တလေး ပန်းချီပန်းပုကျောင်း တက်ကာ ပန်းချီဆရာကြီးများဖြစ်ကြသော ဦးအေးကျော်၊ ဦးချစ်မြဲ၊ ဦးကံညွန့်(မန္တလေး)၊ ဦးသန်းမောင်၊ ဦးသောင်းဖေ (ရွှေဘို)တို့ထံတွင် ပန်းချီပညာသင်ယူခဲ့သည်။ မိဘများထံမှ မကြာခဏ အမွေတောင်းတတ်သောကြောင့် သူငယ်ချင်းများက ရာဟုလာဟု ခေါ်ဆိုခဲ့ကြသည်။ တစ်ကျွန်းပြန် နိုင်ငံရေးလှုပ်ရှားဖူးသူ တစ်ဦးအဖြစ်လည်း လူသိများကြသည်။ ပန်းချီဆရာ ရာဟု လာ(ခ)ဦးအောင်မြင့် အသက် ၆၅ နှစ်သည် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က လည်ချောင်းကင်ဆာ ရောဂါဖြင့် သူ၏နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။ ပန်းချီရာဟုလာ ရုပ်အလောင်း ကို ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီက မင်းကွန်း၊ ဈေးဆိပ်ကျေးရွာ၊ အေးချမ်းမြေသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပြီး အုတ်ဂူပေါ်တွင် သူဆုတောင်းလေ့ရှိ သော “နောင်ဘဝမှာ သံသရာတစ်ဆက်ရှိခဲ့လို့ လူဖြစ်လာခဲ့ရင် ပန်းချီ ဆရာတစ်ယောက် ဖြစ်ရပါလို၏” ဟူသော ဆုတောင်းကို ကျောက်ပြားထွင်းကာ ရေးထိုးထားသည်။

ရာဟုလာနှင့် ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲ

အစိုးရတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို တကျွန်းပို့လေ့ရှိတယ်။ ၁၉၅၈ ခုနှစ်က ဦးနေဝင်း အိမ်စောင့်အစိုးရ  အာဏာသိမ်းအပြီး ဗကသ တကသ ကျောင်းသားတွေ၊ ကွန်မြူနစ် နိုင်ငံရေးသမားတွေကို ကိုကိုးကျွန်း အကျဉ်းထောင်ဆီ ပထမဆုံး ပို့တယ်။ ၁၉၆၉ ခုနှစ်ကျတော့ အာဏာသိမ်း စစ်တပ်က ကိုကိုးကျွန်း အကျဉ်းထောင်ချဲ့ ဆောက်ပြီး ဒုတိယအကြိမ် ပို့တယ်။ မိသားစုနဲ့ဝေး အပေါင်းအသင်းတွေနဲ့ လူထုနဲ့ ဝေးစေဖို့ပေါ့။ ၁၉၇၁ ခုနှစ် ကိုကိုးကျွန်းမှာ ဖြစ်ခဲ့တဲ့ ရက်စက် ဖိနှိပ်မှုတွေ၊ အစာငတ်ခံ တိုက်ပွဲ၊  အစာငတ်ခံ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသူတွေ ရှိခဲ့တာပါ။ စာရေးဆရာ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ လေထီးဗိုလ်အုန်းမောင်၊ ရဲဘော်ဖေအောင်၊ ရန်ကြီးအောင်ဦးစိန်ဝင်း၊ ရဲဘော်ဖိုးသံချောင်း၊ စာရေးဆရာထက်မြက်၊ ပန်းချီရာဟုလာ အစရှိသူတွေ ပါတယ်။ ကျောင်းသား၊ အလုပ်သမား၊ ဆရာဝန်တွေ၊ စာရေးဆရာ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ ရဲနီတွေ၊ မြန်မာနိုင်ငံ အလုပ်သမားညီညွတ်ရေးပါတီ ရဲဘော်တွေ၊ တသီးပုဂ္ဂလ စသည်ဖြင့် လူငယ်၊ လူလတ်၊ လူကြီး အားလုံးလိုလို ပါဝင်ခဲ့ကြတယ်။ ကိုကိုးကျွန်းရောက် နိုင်ငံရေးအကျဉ်းသား ၂၃၃ ဦးရှိခဲ့တယ်။ အခုဆို သက်ရှိထင်ရှားသူ နည်းနည်းပဲ ကျန်တော့ရဲ့။ ကိုကိုးကျွန်းမှာ လုံလောက်တဲ့ ဆေးကုသခွင့် မရ့။ အသားစို လုံးဝမစားရ၊ ရက်လွန် အသားဘူးတွေသာ စားကြရပြီး ပိုးထိုး ငါးပိနဲ့ ပဲတွေ ဆန်ပိုးထိုးတွေသာ စားကြရလို့ အဟာရချို့တဲ့ သေဆုံးကြရတယ်။ တယောက်ဟာ  အသည်းရောင် အသားဝါဖြစ် သေတယ်။ ကြာရင် အကုန်သေကုန်မယ်လို့သုံးသပ်ပြီး အစာငတ်ခံ တိုက်ပွဲတွေလုပ်ကြတယ်။ အစာငတ်ခံတိုက်ပွဲ Hunger Strike ၄၆ ရက် တိုက်ပွဲမှာ ၂ ဦး  ကျဆုံးခဲ့တယ်။ နောက်ဆုံး ကိုယ်ထူ ကိုယ်ထ ဖျက်သိမ်းပေးရေး ဆိုတဲ့ ၅၃ ရက် အစာငတ်ခံ တိုက်ပွဲကြီး ၁၉၇၁ ခုနှစ် ဇွန်လ ၉ ရက်ကနေ ဇူလိုင် ၃၁ ထိမှာ ၈ ဦး ကျဆုံးခဲ့တယ်။ အောင်ပွဲရတယ်။ ကိုကိုးကျွန်းအကျဉ်းထောင်ကို ဖျက်သိမ်းပြီး ပြည်မကို ၁၉၇၁ ခု နိုဝင်ဘာ ပြည်တော်ညွှန့် သင်္ဘောနဲ့ခေါ်တယ်။ ပန်းချီရာဟုလာဟာ ကိုကိုးကျွန်းမှာ ၁၉၆၉ ဖေဖော်ဝါရီ ၁၃ ကနေ ၁၉၇၁ နိုဝင်ဘာထိ အကျဉ်းကျခဲ့တယ်။ အစာငတ်ခံ တိုက်ပွဲဝင်ခဲ့ကြသူတွေထဲက တယောက်။



ကိုကိုးကျွန်း အလောင်းလုပွဲပန်းချီကား

ဆရာရာဟုလာက ကိုကိုကျွန်း အလောင်းလုပွဲပန်းချီကားကို အခုလို Sketch သာ ဆွဲနိုင်ခဲ့တယ်။ သူဟာ လည်းပင်း အပေါက်ဖောက်ထားရတဲ့အထိ ဖြစ်ခဲ့တဲ့ လည်ပင်းကင်ဆာနဲ့ မဆုံးမီ နောက်ဆုံးရေး ပန်းချီကား ဖြစ်ပါတယ်။ ကိုကိုးကျွန်းမှာ အစာငတ်ခံရင်း ကျဆုံးခဲ့ကြတဲ့ ရဲဘော် ရဲနီတွေ စာရင်းကတော့—

၁။ ရဲဘော်သိန်းကြည် (အမှုထမ်း)

၂။ ရဲဘော်ချစ်ဆွေ (မဲကြီး) ပြည်ကျောင်းသားခေါင်းဆောင်

၃။ ရဲဘော်အုန်းမော် (ရေတပ်)

၄။ ရဲဘော်စိန်ချင်း (အလုပ်သမား)

၅။ ရဲဘော်ထွန်းမြင့် (အမှုထမ်း)

၆။ ရဲဘော်လေးမောင် (မန္တလေး တ က သ)

၇။ ရဲဘော်ကိုလတ် (ခ) မောင်မောင်စိုး (မန္တလေး တကသ)

၈။ ရဲဘော်ထွန်းဝင်း (လေတပ်)

၉။ ရဲနီဘိုကြူ

၁၀။ ရဲနီတင်ငြိမ်း

၁၁။ ရဲနီမြင့်သိန်း

၁၂၊ ရဲနီနယ်လင်း

၁၃။ ရဲဘော်ထွန်းရှိန် (မ သုံးလုံး ခရိုင်ခေါင်းဆောင်) တို့ပါ။ ဒီထဲက ရဲနီတင်ငြိမ်း ကျဆုံးတော့ အလောင်းကို အာဏာပိုင်တွေက ဝင်လုပါတယ်။ မပေးဘဲ ပြန်လုကြရာက ကိုကိုးကျွန်း အလောင်းလုပွဲဖြစ်ခဲ့တာပါ။ ဒါကို ကိုယ်တိုင်ကြုံခဲ့သူ ပန်းချီရာဟုလာက နှစ်တွေကြာမှ သူ့ဘဝနောက်ဆုံးပန်းချီအနေနဲ့ ပြန်ဆွဲခဲ့တာပေါ့။

ဒီစာကို ကျနော် ရေးဖြစ်တာကတော့ Kalasa ပန်းချီပြခန်းမှာ ပန်းချီကိုဦး၊ ဒါရိုက်တာ ရှင်ဒေဝီတို့ရဲ့ Ko Oo Solo Art Show ကိုသွား သတင်းယူဖြစ်ခဲ့လို့။ ပန်းချီကိုဦးကို အင်တာဗျူးလုပ်ရင်းက သူ့ရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာ ပန်းချီရာဟုလာ အကြောင်း ပိုသိလာရလို့ပါ။ သည်ကတဆင့် ၂၀၁၀ ပြည့်နှစ် Morekha Art Gallery က ရာဟုလာရဲ့ Untitle Solo Show မှာ ကိုကိုးကျွန်းထောင် ပန်းချီကားတွေ ပြခွင့်ပိတ်ပင်တာကိုလည်း သိလာရလို့။ ဒါတင်မက အဲ့သည် ပြပွဲမှာ စိစစ်ရေးတာဝန်ရှိသူက ရာဟုလာဆွဲထားတဲ့ ထူးအိမ်သင်ပုံ ပန်းချီကားကိုကြည့်ပြီး ‘‘ အရေးမပါတဲ့ ဒီအဆိုတော် ပုံကိုများ ဘာကြောင့် ပန်းချီဆွဲရသလဲ။” မှတ်ချက်ပြောစကားကို ပန်းချီရာဟုလာ တော်တော်စိတ်ဆိုးခဲ့ပါတယ်။

‘‘ ခင်ဗျား မကြိုက်ရင် ပန်းချီကားကို ဖြုတ်ချလိုက်။ မချိတ်ဘူး။ မပြဘူးပြော။ ရတယ်။ ဒါပေမဲ့ ဘယ်သူ့ပုံကိုတော့ မဆွဲသင့်ဘူးလို့ ပြောခွင့် မရှိဘူး။ ပြောစရာ အကြောင်းမရှိဘူး” လို့ သူက ပြောခဲ့တာပါ။ ပြီးတော့ ဒီရက်ပိုင်း ဖေ့စ်ဘုတ် မှာ ကိုကိုးကျွန်းပြန်ပြည်သူ့သူရဲကောင်းနေ့ ၃၁ ဇူလိုင်ကို အမှတ်တရ ရေးဖော်ပြသူတွေကိုလဲ ဂုဏ်ယူစွာ တွေ့နေရလို့။

ဘာပဲဖြစ်ဖြစ် တိုက်ဆိုင်နေတာကတော့ ဒီနေ့ ၂၀၂၀ ခုနှစ် ဇူလိုင် ၃၁ ရက်ဟာ ကိုကိုးကျွန်းပြန်ပြည်သူ့သူရဲကောင်းနေ့ ၄၉ နှစ်မြောက်ပါ။ တချိန်တည်းမှာ စစ်အစိုးရခေတ် ပြခန်းတွေမှာ ချိတ်ဆွဲပြသခွင့် မရခဲ့တဲ့ ကိုကိုးကျွန်း အကျဉ်းစခန်း ပန်းချီကားတွေ ရေးဆွဲခဲ့သူ၊ ကိုကိုးကျွန်း ၅၃ ရက် အစာငတ်ခံတိုက်ပွဲဝင် ရဲနီတဦးဖြစ်တဲ့ ဦးအောင်မြင့် (ခေါ်) ရဲနီအောင်ဗလ (ခေါ်) ပန်းချီဆရာကြီး ရာဟုလာ ကွယ်လွန်ခြင်း ၉ နှစ်မြောက် နှစ်ပတ်လည်နေ့လဲ ဖြစ်ပါတယ်ဗျာ။ ။ 

ကိုးကား။ ။ စာရေးဆရာထက်မြက်ရဲ့ စစ်အာဏာရှင်နှင့် ကိုကိုးကျွန်းအကျဉ်းထောင် ဆောင်းပါး (ဧရာဝတီ ဝက်ဘဆိုဒ်)

မြန်မာ ဝီကီပီးဒီးယား

ပန်းချီကိုဦး အင်တာဗျူး Ko Oo Solo Show (Kalasa Art Space, No.131 ,1st floor (right ) , 34 street ,middle block , Kyauktada Township, Yangon

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013