DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ပြန်လှည့်မည်မဟုတ်ဟု ကာကွယ်ရေးဦးစီးချုပ်ပြော
DVB
·
June 4, 2013
ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ပြန်လှည့်မည်မဟုတ်ဟု ကာကွယ်ရေးဦးစီးချုပ်ပြော
Donate to DVB

တပ်မတော်က ဒီမိုကရေစီကို ဖော်ဆောင်ပေးခဲ့တာဖြစ်လို့ လက်ရှိ အစိုးရ ဒီမိုကရေစီလမ်းကြောင်း ဆက်လျှောက်နိုင်အောင် ပူးပေါင်းသွားမှာဖြစ်ပြီး နောက်ပြန်လှည့်မှာ မဟုတ်ဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဇွန် ၃ ရက်နေ့က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိသျှတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချက်နဲ့ တွေ့ဆုံစဉ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရသူ ဦးရဲထွဋ်က ဆိုပါတယ်။

“တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျနော်တို့ ရင်ဆိုင်နေရတဲ့ ကိစ္စတွေနဲ့ စိန်ခေါ်မှုတွေကို အကူအညီပေးဖို့အပြင် တပ်မတော်အနေနဲ့ ဒီမိုကရေစီကို စတင် ဖော်ဆောင်ပေးခဲ့တာဖြစ်တယ်။ ဒီလမ်းကြောင်းပေါ် ဆက်လျှောက်နိုင်ဖို့လည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်လို့ တပ်မတော်အနေနဲ့ ဒီမိုကရေစီလမ်းကြေင်းကနေ သွေဖည်ပြီး နောက်ကြောင်းပြန်လှည့်ဖို့ မရှိတော့ဘူးဆိုတာ ထပ်အာမခံလိုက်ပါတယ်။ နောက် ကျနော်တို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာလည်း တပ်မတော်ရဲ့ ပါဝင်ဆောင်ရွက်မှုအခြေအနေတွေကို ရှင်းပြတယ်။”

ဗြိတိသျှကာကွယ်ရေးဦးစီးချုပ်ကို မြန်မာအစိုးရဘက်က တွေ့ဆုံတဲ့အခါမှာ  မြန်မာတပ်မတော်ကို နိုင်ငံတကာအဆင့်အတန်းမီတဲ့ တပ်မတော်အဖြစ် တည်ဆောက်ဖို့ ဆန္ဒရှိတာကြောင့် ဗြိတိန်နိုင်ငံဘက်က ပူးပေါင်းဆောင်ပေးနိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အခုတွေ့ဆုံမှုဟာ နှစ်နိုင်ငံ တပ်မတော်ချင်း စစ်ရေးကဏ္ဍမှာ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပြီး တပ်မတော်ချင်းဆက်ဆံရေးသာ ဖြစ်ပါတယ်လို့ သမ္မတပြောရေးဆိုခွင့် ရှိသူက ဆိုပါတယ်။

“ကျနော်တို့က စစ်ရေးပူးပေါင်းဆောင်ရွက်တာ မဟုတ်ပါဘူး။ တပ်မတော်ချင်း ဆက်ဆံရေးလို့ ပြောတာမှန်ပါမယ်။ စစ်ရေးပူးပေါင်းဆောင်ရွက်မှုလို ပူးတွဲစစ်ရေးလေ့ကျင့်တာမျိုး၊ လက်နက်ရောင်းဝယ်တာမျိုးတွေ မဟုတ်ပါဘူး။ တပ်မတော်ချင်း ဆက်ဆံရေးဆိုတာ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေ၊ ဥပမာ နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စတွေ၊ နယ်စပ်ဖြတ်ကျော်ဖြစ်ပွားတဲ့ ရောဂါတွေနဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားရင် ကယ်ဆယ်ရေးကိစ္စတွေ၊ ဒါတွေမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်၊ အတွေ့အကြုံဖလှယ်နိုင်ဖို့ စတင် ဆက်ဆံတဲ့ ကိစ္စပါ။”

အခုလို အနောက်အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ဗြိတိန်နိုင်ငံက တပ်မတော်ပိုင်း ထိပ်တန်း အရာရှိတယောက် မြန်မာအစိုးရနဲ့ တွေ့ဆုံတဲ့အခြေအနေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက ဦးတင်ဦးက အခုလို သုံးသပ်ပါတယ်။

“အဆက်အသွယ်ပြတ်နေရာက ပြန်ပြီး ဆက်ဆံရေးကောင်းမွန်လာတော့ အပြန်အလှန် ရှေ့ဆက်ပြီး တယောက်နဲ့တယောက်ဆက်ဆံတာ၊ သင်တန်းကျောင်းဖွင့်တဲ့အခါ သွားတက်ကြတာတို့ ပိုတိုးတက်ကောင်းမွန်လာမှာပေါ့။ ဒါလည်းပဲ ရှေ့ဆက် ဆက်ဆံရေးကောင်းမွန်လာနိုင်မယ့် အခြေအနေနဲ့ အလားအလာကောင်းတွေလို့ ပြောရမှာပေါ့။”

ဗြိတိသျှကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆာဒေးဗစ်ရစ်ချက်ဟာ သူ့ရဲ့မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်နောက်ပိုင်းကစပြီး ဗြိတိသျှ-မြန်မာ နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု ကဏ္ဍ ရပ်ဆိုင်းသွားခဲ့ရာကနေ ဗြိတိသျှကာကွယ်ရေးဦးစီးချုပ်တဦး ပထမဆုံး မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013