DVB Logo
Home
အာရှဒေသ
အာဖဂန်နစ္စတန်ရဲ့ ပထမဆုံး အမျိုးသမီး ရုပ်ရှင်ပွဲတော်
DVB
·
June 4, 2013
အာဖဂန်နစ္စတန်ရဲ့ ပထမဆုံး အမျိုးသမီး ရုပ်ရှင်ပွဲတော်
1 / 2
Donate to DVB

အာာဖဂန်နစ္စတန်မှာ ပထမဆုံးကျင်းပတဲ့ အမျိုးသမီးရုပ်ရှင်ပွဲတော်မှာ ရုပ်ရှင်ကားပေါင်း ၄၅ ကား ပြသပါတယ်။

ဒီထဲက "ဆီတာရာဟာ" (ကြယ်ပွင့်ကလေးများ) ရုပ်ရှင်ကားကို ပရိသတ်က စိတ်ဝင်စားကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးလုပ်ဖို့ သွားကြတဲ့ အာဖဂန်အမျိုးသမီးတွေရဲ့ ဇာတ်လမ်းရုပ်ရှင်ပါ။

အမျိုးသမီးတစုနဲ့ အမေရိကန်ပြည်ထောင်စုကို ခရီးသွားရင်းနဲ့ ရုပ်ရှင်ရိုက်ဖို့ စိတ်ကူးပေါ်လာတာလို့ ဒါရိုက်တာ အီဘရာဟီမီက ရှင်းပါတယ်။

"အဲဒီခရီးက ပထမဆုံး နိုင်ငံခြားခရီးလည်း ဟုတ်တယ်။ တခြားအမျိုးသမီး တော်တော်များများ အတွက်လည်း အတူတူပါပဲ။ အမေရိကားကို ရောက်တဲ့အခါ အမျိုးသမီးတွေက ကျမတို့ထက် အများကြီး တိုးတက်တဲ့လူ့အဖွဲ့အစည်းနဲ့ အလွယ်တကူပဲ အံဝင်ခွင်ကျ ဖြစ်နိုင်တာတာကို တွေ့ခဲ့ရတယ်။"

ဒီလိုနဲ့ အာဖဂန်အမျိုးသမီးတွေလည်း အရည်အချင်းတွေကို ရုပ်ရှင်ဖန်တီးဖို့ စိတ်ကူးရတာလို့ ဆိုပါတယ်။

"အဲဒီ အမျိုးသမီးတွေက စီးပွားရေးသမားတွေလည်း ဖြစ်နိုင်တယ်။ စီးပွားရေးစီမံကိန်း ချမှတ်နိုင်တယ်။ ကိုယ့်ဖာသာလည်း ခရီးသွားနိုင်တယ်။ ကိုယ့်အလုပ်မှာလည်း သတ္တိရှိရှိ လုပ်နိုင်ကြတယ်။"

အီဘရာဟီမီဟာ အာဖဂန်နစ္စတန်က ရှားပါးတဲ့အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာတွေထဲက တယောက်ပါ။ အခုအထိ ရုပ်ရှင် ၄ ကားကို ရိုက်ကူးခဲ့ပြီး၊ အားလုံးက အမျိုးသမီးတွေရဲ့ ဘ၀အကြောင်းတွေ ချည်းပါပဲ။

"မှတ်တမ်းရုပ်ရှင်ကို ကျမ စိတ်ဝင်စားတယ်။ မှတ်တမ်းရုပ်ရှင်က လူ့အဖွဲ့အစည်းရဲ့ သရုပ်မှန်ကို ထင်ဟပ်နိုင်တယ်" လို့ ပြောပါတယ်။

သူ့မရဲ့ ပထမဆုံးရုပ်ရှင်က ဘယ်ဘက် လက်တဖက်တည်းရှိတဲ့ အမျိုးသမီးတယောက်ရဲ့ လုပ်ငန်းခွင် အခက်အခဲတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ အခုရုပ်ရှင်ပွဲတော်မှာတော့ "ဆီတာရာဟာ" (ကြယ်ပွင့်ကလေးများ) ရုပ်ရှင်ကားကို ပြသပါတယ်။

"ခံစားရတာတော့ ပြောမပြတတ်အောင်ပါပဲ၊ ငိုချင်လောက်အောင်ပါပဲ။ ကျမအလုပ်အတွက် အရမ်းဂုဏ်ယူတယ်" လို့ ဒါရိုက်တာ အီဘရာဟီမီက ပြောပါတယ်။

"ရုပ်ရှင်ကတဆင့် အာဖဂန်အမျိုးသမီးတွေရဲ့ ဘ၀သရုပ်မှန်ကို တင်ပြနိုင်တယ်၊ သူတို့ အခက်အခဲတွေနဲ့ သူတို့ရဲ့ အစွမ်းအစတွေကို တင်ပြနိုင်တယ်။"

အာဖဂန်နစ္စတန်မှာ ပထမဆုံး အမျိုးသမီးရုပ်ရှင်ပွဲတော်ကို နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ကျင်းပတာပါ။

အာဖဂန်နစ္စတန်က ရုပ်ရှင်သမားတွေကို အားပေးချင်တာကြောင့် ကျင်းပတာလို့ ပွင့်လင်း လူ့အဖွဲ့အစည်း (Open Society Organization) အန်ဂျီအိုအဖွဲ့က ဇာရာ မိုတာကာက ပြောပါတယ်။

"ဒီနှစ်မှာတော့ အမျိုးသမီးတွေရဲ့ သတ္တိတွေကို ပြသမယ်။ ရုပ်ရှင်ကားပေါင်း ၄၅ ကားကို လက်ခံရရှိပါတယ်။ အားလုံးက အမျိုးသမီးဒါရိုက်တာတွေ ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေချည်းပါပဲ။"

"ရုပ်ရှင်တွေကို ကြည့်လိုက်ရင် အာဖဂန်အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်က မြင့်မားတယ်ဆိုတာကို တွေ့ရပါတယ်။"

အာဖဂန်နစ္စတန်မှာ ၁၉၈၀ ပြည့်လွန်နှစ်တွေအထိ ရုပ်ရှင်ဇာတ်ကားပေါင်း ဒါဇင်ပေါင်းများစွာ ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် တာလီဘန်တွေနဲ့ ပြည်တွင်းစစ်ဖြစ်တဲ့အခါ ရုပ်ရှင်လုပ်ငန်းလည်း ပျက်စီးသွားရတယ်။ တာလီဘန်ခေတ်မှာ တီဗွီနဲ့ ရုပ်ရှင်ရုံတွေကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။

ဒီလိုနဲ့ တာလီဘန်တွေရဲ့ခေတ် ကျဆုံးသွားတဲ့အခါမှာ အခြေအနေတွေ တိုးတက်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ရုပ်ရှင်လောကထဲမှာ အမျိုးသမီးဒါရိုက်တာတွေ ပြန်ပေါ်လာပါတယ်။

အမျိုးသမီးရုပ်ရှင်ပွဲတော်ဟာ အာဖဂန်လူ့အဖွဲ့အစည်းအတွက် အချိုးအကွေ့လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခက်အခဲတွေ အမြောက်အမြား ရှိနေသေးတယ်လို့ ရုပ်ရှင်ဒါရိုက်တာ အီဘရာဟီမီကတော့ ပြောပါတယ်။

"လူတွေက ရုပ်ရှင်တွေကို တီဗွီလိုင်းတွေကနေ ပြဖို့အတွက် တောင်းဆိုကြတယ်။ ဒါပေမယ့် ကျမ မပြချင်ဘူး၊ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းက တုံ့ပြန်လာမှာကို ကြောက်တယ်။ ကျမအတွက်ရော၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လုံခြုံရေးအတွက်ပါ စိုးရိမ်ရတယ်။"

တကယ်တမ်းကျတော့ သူ့မိသားစုထဲက တချို့ကတောင် သူ့ရုပ်ရှင်ကို လက်မခံနိုင်သေးဘူးလို့ ပြောပါတယ်။

"ဒီပွဲမှာ ပြလိုက်တော့ ပရိသတ်ရဲ့ တုံ့ပြန်တာတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်သွားပါပြီ။"

အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ နာဘီလာ ခူးရက်စ်ကတော့ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာတွေ အားလုံးကို အထူးလေးစားတယ်လို့ ပြောပါတယ်။

"ရုပ်ရှင်ဒါရိုက်တာတွေက ဒီလိုပဲ ဖန်တီးသွားမယ်ဆိုရင် လူ့အဖွဲ့အစည်းထဲမှာ အများကြီး ပြောင်းလဲသွားမယ်လို့ ယုံကြည်ပါတယ်။ ရုပ်ရှင်က လူ့အဖွဲ့အစည်းအပေါ် အများကြီး သက်ရောက်နိုင်ပါတယ်။"

(Afghanistan Hosts First Women’s Film Festival by Ghayor Waziri, Kabul, Afghanistan)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013