DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ်ကထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များ စားနပ်ရိက္ခာနှင့် နေစရာ အခက်ကြုံနေ
DVB
·
July 30, 2020
အမ်းမြို့နယ်ကထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များ စားနပ်ရိက္ခာနှင့် နေစရာ အခက်ကြုံနေ
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ စစ်ဘေးရှောင်စခန်းကို ရောက်ရှိ ခိုလှုံနေကြတဲ့ အမ်းမြို့နယ်က ဒေသခံစစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာနဲ့နေထိုင်ဖို့ တဲအိမ်တွေ အရေးတကြီးလိုအပ်နေတယ်လို့ စခန်းတာဝန်ခံတွေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေက ပြောပါတယ်။

လက်ရှိမှာ စခန်းရှိစစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာအတွက် စခန်းတာဝန်ရှိသူ တွေက ကျေးရွာတွေမှာအလှူငွေ ကောက်ခံပြီး ရသမျှပစ္စည်းတွေနဲ့ စားဝတ်နေရေးအတွက် အဆင်ပြေနိုင်အောင် ကြိုးစားထောက်ပံ့ပေးနေရသလို အစိုးရအဖွဲ့အစည်း၊ နိုင်ငံခြားအဖွဲ့ အစည်းတွေနဲ့ အလှူရှင်တွေကလည်း လှူဒါန်းမှုတွေနည်းပါးလာတာကြာင့် စားနပ်ရိက္ခာ အခက်ကြုံနေရတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

စခန်းတာဝန်ခံဥက္ကဋ္ဌ ဦးမောင်သောင်းစိန်က “စားနပ်ရိက္ခာကတော့ ဆန်၊ ဆီ၊ ဆားတွေ လိုအပ်နေပါတယ်။ ကျနော်တို့က နယ်တွေကိုထွက်ပြီးတော့ အလှူငွေကောက်ခံပေမယ့် အရင်လို လွတ်လပ်မှု မရှိတော့ပါ။ အဆင်မပြေတော့ဘူး။ အလှူရှင်တွေလည်း လှူဒါန်းမှု နည်ပါးလာတယ်။ အစိုးရနဲ့ နိုင်ငံခြားအဖွဲ့တွေရောက်မလာကြဘူး။ အဲဒါကြောင့် အခက်အခဲ ဖြစ်နေတာပါ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေက အမ်းမြို့နယ် ဒလက်ချောင်းအုပ်စုက အလယ်ကျွန်းကျေးရွာ၊ ဝက်ခုတ်ကျေးရွာ၊ တောင်ရွာ၊ မြောက်ရွာ၊ ကဇုကိုင်းကျေးရွာအုပ်စုက ဆင်ဦးတိုက်ကျေးရွာ၊ သေးကမ်းထောက်ကျေးရွာ၊ အုန်းနီချောင်းကျေးရွာတို့မှဒေသခံ ကျေးရွာသားတွေ ထွက်ပြေး လာကြတာဖြစ်ပြီး လူဦးရေက ၁၀၇၆ ဦးရှိပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၁၅ ရက်က အမ်းမြို့နယ်ရှိ ကဇုကိုင်းကျေးရွာအနီးရှိတောင်ပေါ်မှာရှိတဲ့ တပ်မတော်စခန်းတစ်ခုက လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့တာကြောင့် ဆင်ဦးတိုက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးကျည် နှစ်ကြိမ် ထိမှန်ခဲ့ကာ ကမ်းထောင်းကြီးမြို့ဘက်ကို ကျေးရွာသားတွေ ရွာလုံးကျွတ်ထွက်ပြေးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒုက္ခသည်တွေကိုကူညီဆောင်ရွက်ပေးနေတဲ့ ကိုမျိုးလွင်က “ရွာတောင်ကြီးစခန်းကနေ လက်နက်ကြီးတွေနဲ့လှမ်းပစ်လို့ ဘုန်းကြီးကျောင်းမှာ ထိသွားတယ်။ အဲဒီလို ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည်ထိနောက်ပိုင်းမှာ ရွာသားတွေက မနေရဲကြတော့ဘူး။ အဲဒါတွေကြောင့် ရွာလုံးကျွတ် ထွက်ပြေးသွားကြတာ ဖြစ်တယ်”လို့ပြောပါတယ်။

အဆိုပါကျေးရွာမှာ အိမ်ခြေ ၁၀၀ ရာကျော်ရှိပြီး လူဦးရေ ၅၀၀ ကျော် (ရခိုင်နဲ့ချင်း)နေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။

တပ်မတော်သတင်းသတင်းမှန်ပြန်ရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ တိုက်ပွဲမဖြစ်ဘဲ တစ်ဖက်သက်ပစ်ခတ်တာမရှိဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခတပ်တော် (အေအေ) တို့ တိုက်ပွဲဖြစ်ပွားနေတာကြာင့် စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း နှစ်သိန်းနီးပါးရှိလာပြီလို့  ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး (REC) ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013