DVB Logo
Home
မြန်မာသတင်း
ကျောက်တော်မြို့နယ် စစ်ဘေးရှောင်ဒုက္ခသည် ကျောင်းသား ၅၀၀ ကျော် ပညာသင်ကြားရေး အခက်အခဲဖြစ်နေ
DVB
·
July 28, 2020
ကျောက်တော်မြို့နယ် စစ်ဘေးရှောင်ဒုက္ခသည် ကျောင်းသား ၅၀၀ ကျော် ပညာသင်ကြားရေး အခက်အခဲဖြစ်နေ
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ အထက်တန်းမှ KG တန်းအထိ ကျောင်းသား/ သူဦးရေ ၅၀၀ ကျော်မှာ ပညာသင်ကြားဖို့ အခက်အခဲဖြစ်နေကြတယ်လို့ စခန်းတာဝန်ခံနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။

လက်ရှိ ညောင်ချောင်းကျေးရွာမှာရှိတဲ့ စာသင်ကျောင်းမှာကျောင်းသား/သူ ၃၀၀ ကျော်ရှိပြီး ညောင်းချောင်းကျေးရွာအနားမှာ တဲအိမ်တွေ ဆောက်လုပ်ကာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင် စခန်းမှာ ကျောင်းမတက်ရဘဲ ကျောင်းသား ၅၀၀ ကျော်ရှိနေတာပါ။

အဆိုပါစာသင်ကျောင်းမှာ ကျောင်းသားမဆန့်လို့ အချိန်နှစ်ချိန်ခွဲပြီးတော့ စာသင်ကြားရမှာ ဖြစ်တယ်လို့ ကျောင်းအုပ်ကြီး ပြောပြချက် အရသိရတာကြောင့် စစ်ဘေးရှောင်စခန်းမှာရှိတဲ့ ပညာသင်အရွယ်ကျောင်းသား/သူများမှာ ပညာသင်ကြားဖို့ ကျောင်းဆောင်အခက်အခဲ ဖြစ်နေတာ လို့ စခန်းတာဝန်ခံကပြောပါတယ်။

ညောင်ချောင်းစစ်ဘေးရှောင်ဒုက္ခသည်စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က “ကျနော်တို့မှာ ကျောင်းဆောင် ဆောက်ဖို့မြေ နေရာတော့ ရှိတယ်။ ဆောက်လုပ်ဖို့အတွက် ကျနော်တို့မှာ ရန်ပုံငွေ မရှိပါဘူး။ ကျောင်းသားအရေအတွက်နဲ့ တွက်ကြည့်လိုက်တော့ အဆောင် ၂၅ ဆောင်လိုအပ် ပါတယ်”လို့ ပြောပါတယ်။

အဆိုပါစစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ ပညာသင်အရွယ်ကျောင်းသား/သူ ၅၀၀ ကျော်ရှိပြီး အခုလိုပညာသင်ဖို့ အခက်အခဲဖြစ်နေတဲ့အတွက် ကျောင်းသားစားရင်းတွေကို မြို့နယ်ပညာရေးမှူး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေကို ပေးပို့ထားပြီးတစ်စုံတရာ အကြောင်းပြန် လာတာ မရှိသေးဘူးလို့ စခန်းတာဝန်ခံကပြောပါတယ်။

“ကျောင်းသား/သူ ၅၀၀ ကျော်စာသင်ဖို့နေရာမရှိတာပါ။ အဲဒီကျောင်းသားစာရင်းကို သေချာပြုစုပြီးတော့မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ပညာရေးမှူးရုံးတွေကို ပို့ထားပါတယ်။ သူတို့ဖက်ကတော့ ဒီကနေ့အချိန်ထိတစ်စုံတရာ အကြောင်းပြန်မလာသေးဘူး”လို့ ဦးခိုင်မျိုးအောင် က ပြောပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းမှာ KG တန်းနဲ့ မူလတန်းကျောင်းသူ/သား ၂၉၀ ဦး၊ အလယ်တန်းကျောင်းသူ၊ ကျောင်းသား ၁၇၁ ဦးနဲ့ အထက်တန်းကျောင်းသူ/သား ၄၂ ဦးရှိပြီး ကျောင်းသား/သူစုစုပေါင်း ၅၀၃ ဦး ဖြစ်တယ်လို့သိရပါတယ်။

ညောင်းချောင်းကျေးရွာအနီးမှာထဲ အိမ်ဆောက်လုပ်ပြီးနေထိုင်နေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည် ကျောင်းသားတွေအနေနဲ့ တခြားနေရာတွေသွားပြီးတော့ ပညာသင်ကြားဖို့ ငွေကြေး မတတ်နိုင်သလို နယ်မြေမတည်ငြိမ်ကြောင့် တစ်ခြားတစ်နေရာကိုသွားရောက်ပြီး ပညာသင်ကြား ဖို့ ဆိုတာကလည်းမဖြစ်နိုင်သေးဘူးလို့ စခန်းတာဝန်ခ့တွေနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ဒီလို အခက်အခဲဖြစ်နေတာနဲ့ပတ်သတ်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ“ ခင်ဗျားတို့ကို အဲဒါနဲ့ပတ်သတ်ပြီးပြောတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ထပ်ထပ်ခါခါမေးမနေနဲ့။ သူတို့က နီးစပ်ရာကျောင်းတွေမှာ တက်တယ်” လို့ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းမှာလည်း ဇူလိုင် ၂၁ ရက်ကစပြီး  ကျန်းမာရေးစည်းကမ်းနဲ့ ကိုက်ညီတဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေကိုသာ ကျောင်းချိန်တွေခွဲပြီးဖွင့်လှစ် သင်ကြားပေးနေတာဖြစ်ပြီး အလယ်တန်း၊  မူလတန်းနဲ့ KG တန်းကတော့ ပြန်ဖွင့်လှစ်ခြင်း မရှိသေးပါဘူး။ 

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေပြီးတော့ ဒီကနေ့အချိန်ထိ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေ တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၂ သိန်းအထိရှိလာနေပြီး အဲဒီအထဲမှာ ပညာသင် အရွယ်ကျောင်း သား/သူ ၃၀ ရာခိုင်နှုန်းကျော်ပါဝင်နေတယ်လို့ ရခိုင်ပြည်နယ် လူမှု အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်အရ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013