
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရုရှားထိန်းချုပ်ထားတဲ့ ဒွန်းနက်စ်ဒေသမှာ မောင်းနှင်နေတဲ့ ခရီးသည်တင် ဘတ်စ်ကားတစီးကို ယူကရိန်းဘက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ အရပ်သား ၈ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဇွန် ၃ ရက်မှာ ရုရှားက စွပ်စွဲလိုက်ပါတယ်။
ယူကရိန်းဒရုန်းဟာ မော်စကိုကနေ ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားဒေသက ဆင်ဖာရိုပိုလ်ကို သွားမဲ့ လမ်းကြောင်းပေါ်ရှိ ဒွန်းနက်စ်ဒေသ ယေနာကီယေဗို အခြေချနယ်မြေမှာ ခရီးသည်တွေ တင်ဖို့ ရပ်နားနေတုန်း ဘတ်စ်ကားကို ထိမှန်ခဲ့တာလို့ ရုရှားခန့်အပ်ထားတဲ့ ဒေသအကြီးအကဲ ဒဲနစ်စ် ပူရှီလင်က ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ မကြုံစဖူး ရက်စက်ကြမ်းကြုတ်တဲ့ လူမဆန်တဲ့ ရန်စတိုက်ခိုက်မှုကို နောက်တကြိမ် ထပ်ကျူးလွန်လိုက်တာဖြစ်တယ် လို့ ဒဲနစ်စ် ပူရှီလင်က ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။
ဒီဖြစ်ရပ်အပေါ် ယူကရိန်းဘက်က ချက်ချင်း တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ အဲဒီ ဘတ်စ်ကား ပေါ်မှာ လိုက်ပါစီးနင်းဖို့ ခရီးသည် ၅၃ ယောက် စာရင်းပေးသွင်းထားတာပါ။
ရုရှားစုံစမ်း စစ်ဆေးရေးမှူးတွေကတော့ ဒါကို "အကြမ်းဖက်တိုက်ခိုက်မှု" လို့ ဖော်ပြပြီး ရာဇဝတ်မှု အဖြစ် အမှုဖွင့်ထားကာ တာဝန်ရှိသူတွေရဲ့ နာမည်တွေကို ဖော်ထုတ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဒရုန်းက ခရီးသည်တင် ဘတ်စ်ကားကို ဝင်တိုက်ပြီး ပေါက်ကွဲသွားတဲ့ အချိန်ခဏလေးကို (CCTV) မှာ ရိုက်ကူး မှတ်တမ်းရရှိထားပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးတွေဘက်က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာတော့ လမ်းဘေးမှာ ရပ်ထားတဲ့ အဖြူရောင် ခရီးသည်တင် ဘတ်စ်ကားကြီး ပျက်စီးနေတာကို မြင်တွေ့ရပြီး ကားရဲ့ သံပြားခေါင်မိုး တချို့အစိတ်အပိုင်းတွေက ပြိုကျနေကာ အတွင်းပိုင်းတခုလုံး ပြာကျသွားတဲ့အပြင် မှန်ပြတင်းပေါက်တွေအားလုံးလည်း ကွဲအက်ကုန်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ဒီတိုက်ခိုက်မှုဟာ အရပ်သားတွေကို ယူကရိန်းဘက်က "လူလိုက်ဖမ်းဆီးမှု" လုပ်ရပ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး၊ ဝန်ကြီးဌာနရဲ့ အထူးသံတမန် ရိုဒီယွန်မီရိုရှနစ် ကတော့ ဒီတိုက်ခိုက်မှုဟာ အရပ်သားတွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။
မီရိုရှနစ်က ယူကရိန်းဟာ အနောက်အုပ်စုရဲ့ စစ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေကို အသုံးပြုပြီ အရပ်ဘက် သယ်ယူပို့ဆောင်ရေး ဆက်သွယ်ရေးလမ်းကြောင်းတွေကို ရပ်တန့်သွား အောင်လုပ်ကာ သည်းမခံနိုင်စရာ လူနေမှုဘဝအခြေအနေတွေကို ဖန်တီးနေတယ် လို့ စွပ်စွဲ ထားပါတယ်။
ရုရှားကိုယ်တိုင်ကလည်း အင်္ဂါနေ့တုန်းက ယူကရိန်းအပေါ် အကြီးအကျယ် ဒရုန်းနဲ့ ဒုံးကျည်တွေ သုံးပြီး တိုက်ခိုက်ခဲ့လို့ လူ ၂၃ ယောက် သေဆုံးကာ အယောက် ၁၃၀ ဒဏ်ရာရခဲ့ပါသေးတယ်။
မော်စကိုကတော့ အဲဒီတိုက်ခိုက်မှုဟာ ရုရှားထိန်းချုပ်ထားတဲ့ လူဟန့်စ်ဒေသက အဆောင်တခုကို ယူကရိန်းဘက်က သေကျေပျက်စီးစေတဲ့အထိ တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့ တာလို့ ပြောဆိုထားပြီး ကိဗ်ဘက်ကတော့ အဲဒီနေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။
Source:Reuters











