
ဆူဒန်နိုင်ငံ၊ အရှေ့ဒါဖာပြည်နယ်ရဲ့ မြို့တော်အယ်လ်-ဒါအင်ရှိ သင်ကြားရေးဆေးရုံကို တိုက်ခိုက်မှုကြောင့် ကလေး ၁၃ ယောက် အပါအဝင် လူ ၆၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တေဒရိုအက်ဒါနွန် ဂေဘရီယေးဆပ်က ပြောပါတယ်။
သောကြာနေ့ညက တိုက်ခိုက်မှုမှာ လူနာများစွာ၊ အမျိုးသမီးသူနာပြု ၂ ယောက်နဲ့ အမျိုးသားဆရာဝန်တယောက်လည်း သေဆုံးခဲ့ကာ အဆောက်အအုံမှာ လုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းသွားခဲ့တယ်လို့လည်း ပြောပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း ၈ ယောက် အပါအဝင် နောက်ထပ် ၈၉ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် ဆေးရုံရဲ့ ကလေး၊ မီးဖွားနဲ့ အရေးပေါ်ဌာနတွေ ပျက်စီးစေခဲ့ပြီး အဆောက်အအုံက အလုပ်မလုပ်နိုင်တော့ဘဲ မြို့ရဲ့ မရှိမဖြစ်လိုတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေကို ဖြတ်တောက်ခဲ့ပါတယ်။
ဆူဒန်စစ်ပွဲအတွင်း ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကို တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်တဲ့ သေဆုံးသူ အရေအတွက် ၂,၀၀၀ ကျော်သွားပြီလို့ တေဒရိုက ပြောပါတယ်။
ဆူဒန်စစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့အကြား ၃ နှစ်နီးပါးကြာ ပဋိပက္ခအတွင်း ကျန်းမာရေး စောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှု ၂၁၃ ကြိမ်ထဲမှာ လူ ၂၀၃၆ ယောက် သေဆုံးခဲ့တယ်လို့ WHO က အတည်ပြုခဲ့ပါတယ်။
ဆေးရုံကို ထိမှန်ခဲ့တာဟာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှု ဖြစ်တယ်လို့ ဆူဒန်လူ့အခွင့်အရေးအဖွဲ့ Emergency Lawyers က သတင်းပို့ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလလယ်မှာ စစ်တပ်နဲ့ RSF အကြား စစ်ပွဲ စဖြစ်ခဲ့ပြီး အကြမ်းဖက်မှု လှိုင်းလုံးကြီးတခု ဖြစ်ပေါ်စေခဲ့တာပါ။
ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ကြီးထွားလာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေထဲက တခုဆီကို ဦးတည်စေခဲ့ပါတယ်။
လူပေါင်း သောင်းနဲ့ချီ သေဆုံးပြီး ၁၂ သန်းကျော် နေအိမ်တွေကနေ ထွက်ပြေးခဲ့ရပါတယ်။ လူပေါင်း ၃၃ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေပါတယ်။
RSF ဟာ အနောက်ပိုင်းဆူဒန်က ကျယ်ပြန့်တဲ့ ဒါဖာဒေသကို လွှမ်းမိုးထားပြီး ဆူဒန်စစ်တပ်ကတော့ အရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ မြောက်ပိုင်းကို ထိန်းချုပ်ထားပါတယ်။
Source: Reuters










