DVB Logo
Home
မြန်မာသတင်း
ရေကြည်မြို့နယ်က ရွာသား ၁၀၀၀ ကျော်အတွက် ချင်းကုန်းဆရာတော် ဆန်လှူဒါန်း
DVB
·
July 27, 2020
ရေကြည်မြို့နယ်က ရွာသား ၁၀၀၀ ကျော်အတွက် ချင်းကုန်းဆရာတော် ဆန်လှူဒါန်း
1 / 5
Donate to DVB

ဧရာတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ကျေးရွာအုပ်စု ၃ စုက ဒေသခံ ပြည်သူ ၁၀၀၀ ကျော်အတွက် စားဝတ်နေရေး အဆင်ပြေစေဖို့ ချင်းကုန်းကျေးရွာ ဆရာတော်က ဇူလိုင် ၂၆ ရက်မှာ ဆန်တွေ ပေးဝေ လှူဒါန်းပါတယ်။

ရေကြည်မြို့နယ်အတွင်းက ရေသိုးကျေးရွာအုပ်စု၊ ကန်ချောင်းကျေးရွာအုပ်စုနဲ့ တွတ်ပလွတ်ကျေးရွာအုပ်စုက ဒေသခံရွာသူရွာသားတွေအတွက် ချင်းကုန်းကျေးရွာ ဆရာတော် အဂ္ဂမဟာမဟာ ဇောတိကဓဇ ဘဒ္ဒန္တကောသလ္လက ဆန်အိတ် ၃၇၀ ကို စားဝတ်နေရေး အဆင်ပြေစေဖို့ ရည်ရွယ်ပြီး လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

ဆရာတော်က "ဒကာ ဒကာမတွေ စားဝတ်နေရေးအခက်အခဲဖြစ်နေတော့ ဒီအခက်အခဲတွေကို ပြေလည်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ သိန်း ၁၀၀ ကျော်ဖိုး လှူဒါန်းပေးဖြစ်တာပါ။ အဓိက ဒီက ရွာသူရွာသားတွေက ဆန်ရှိရင် စားဝတ်နေရေး အဆင်ပြေတော့ ဆန်ကို ဦးစားပေးလှူဒါန်း ပေးဖြစ်ခဲ့တာပါ" လို့ မိန့်ပါတယ်။

ကျေးရွာအုပ်စု ၃ စုက လူဦးရေ ၁၀၀၀ ကျော်အတွက် အိမ်ထောင်စု ၁ စုကို ဆန် ၈ ပြည်အနည်းဆုံးပေးဝေသွားတာဟာ ပထမဆုံးအကြိမ်ဆန်လှူဒါန်းတာဖြစ်ပြီး နောက်ထပ်လည်း လှူဒါန်းသွားဖို့ ရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။

ဒီရောဂါဖြစ်ပွားပြီးနောက်ပိုင်း အသွားအလာတွေကလည်း အဆင်မပြေ အလုပ်အကိုင်တွေ ကလည်းမရှိတော့ စားဝတ်နေရေးတွေ အခက်အခဲရှိလာသလို ကျေးရွာထဲက ကလေးငယ်တွေ ကိုတော့ ချင်းကုန်းဆရာတော်ကခေါ်ယူကျေးမွေးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေသိုးကျေးရွာအုပ်စု၊ ချင်းကုန်းကျေးရွာနေ ဒေါ်ခင်အုန်းမြင့်က"ဘုန်းဘုန်းကြီးဝေတဲ့ ဆန်တွေက ၁ အိတ်ကို ၃ ဦးမျှပေးတာ၊ ဒေါ်လေးတို့က ဆန်ရှိရင် စားလို့ ရတယ်။ ခြံထဲစိုက်ထားတဲ့ သီးနှံလေးတွေက ရောင်းမရတော့ အဲ့တာလေးတွေနဲ့ စားသောက်ရင် အဆင်ပြေပါတယ်။ စားဝတ်နေရေးအခက်အခဲ ဖြစ်နေချိန်မှာ ခုလို လှူပေးလို့ ဝမ်းသာပါ တယ်"လို့ ပြောပါတယ်။

ချင်းကုန်းကျေးရွာ ဆရာတော်ဟာ သက်တော် ၇၇ နှစ်ရှိပြီဖြစ်ပြီး ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေသလို မိဘမဲ့ကလေး ၁၀၀ ကျော်ကို စောင့်ရှောက်၊ စာသင်ပေးတာတွေလည်း ပြုလုပ်ပေးနေပါတယ်။

သတင်း -မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013