
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ မြေပုံပေါ်မှာ အမေရိကန်အလံ အရောင်ခြယ်ထားတဲ့ ပုံတပုံကို မျှဝေခဲ့ပြီးနောက် ဗင်နီဇွဲလားနိုင်ငံသားတွေက အမေရိကန်ရဲ့ ၅၁ ခု မြောက်ပြည်နယ် ဖြစ်လာစေချင်တဲ့ စိတ်ကူးကို မေ ၁၃ ရက်မှာ ငြင်းပယ်ခဲ့ကြပါတယ်။
ထရမ့်ပ်ဟာ အင်္ဂါနေ့က Truth Social မှာ “၅၁ ခုမြောက် ပြည်နယ်” ဆိုတဲ့ စာသားအောက်မှာ အမေရိကန်အလံအရောင် ဖြည့်ထားတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ မြေပုံကို တင်ခဲ့တာပါ။
ထရမ့်ပ်ဟာ ဗင်နီဇွဲလားကို အမေရိကန်ရဲ့ ၅၁ ခုမြောက်ပြည်နယ်အဖြစ် သတ်မှတ်ဖို့ “အတည်ပေါက် စဉ်းစားနေတယ်” လို့ သူ့ကို ပြောခဲ့ကြောင်း Fox News သတင်းကြေညာသူ ဂျွန်ရောဘတ်စ် ကလည်း တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
ဗင်နီဇွဲလား ယာယီသမ္မတ ဒဲလ်စီ ရိုဒရီဂတ်ဇ် ကတော့ တနင်္လာနေ့က သည်ဟိဂ်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံသားတွေဟာ “ကိုယ့်ရဲ့ လွတ်လပ်ရေးဖြစ်စဉ်ကို မြတ်နိုးသူတွေ” ဖြစ်သလို အချုပ်အခြာအာဏာကိုလည်း ဆက်လက်ကာကွယ်သွားမယ်လို့ ပြောခဲ့ ပါတယ်။
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်တွေကို ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလားဟာ “သံတမန်ရေးရာ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်” ကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကရာကာ့စ်မြို့ လမ်းမတွေပေါ်က ဒေသခံတွေကလည်း ထရမ့်ပ်ရဲ့ အကြံအစည်ကို ပယ်ချကြ ပါတယ်။
အငြိမ်းစားဆရာ အင်းနရစ်ဂ် ဆန့်ဇ်က အမေရိကန်နဲ့ ဆက်ဆံရေးဟာ အရေးကြီးပေမဲ့ ဗင်နီဇွဲလား ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်ကြောင်းနဲ့ ဘယ်လိုအပြောင်းအလဲမျိုးကိုမဆို “အတင်း အကျပ် မလုပ်ဘဲ တိုင်ပင်ဆွေးနွေးသင့်တာ” လို့ ပြောပါတယ်။
သူနာပြု ဂါဘရီရယ်လာ ဂုဇ်မန်းကလည်း သူ့ရဲ့အမြင်ကို ထောက်ခံပြောဆိုခဲ့ပြီး ဗင်နီဇွဲလား နိုင်ငံသားတွေမှာ သူတို့ရဲ့ အနာဂတ်ကို “ဆုံးဖြတ်ပိုင်ခွင့် လွတ်လပ်ခွင့်” ရှိတယ်၊ ဒါပေမဲ့ ပိုပြီးတော့ သိနားလည်အောင် လုပ်ဖို့ လိုတယ်လို့ ပြောဆိုပါတယ်။
အငြိမ်းစား အစ္စမေးလ် ကာမာဂို ကတော့ ထရမ့်ပ်ဟာ “အာဏာရှင်ဆန်တဲ့ အတွေးအခေါ်မျိုး ရှိသူ” လို့ ဖော်ပြပြီး သူ့အနေနဲ့ တခြားနိုင်ငံရဲ့ လက်အောက်ခံ မဖြစ်ချင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
Source: Reuters










