DVB Logo
Home
မြန်မာသတင်း
ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီ ဖွဲ့စည်း
DVB
·
May 31, 2013
Donate to DVB

ကရင်လက်နက်ကိုင် ၆ ဖွဲ့ပါဝင်တဲ့ ညီညွတ်ရေးကော်မတီတခုကို မကြာသေးခင်က ဖွဲ့စည်းလိုက်ပြီး ဒီကော်မတီကနေ ကရင်လက်နက်ကိုင်တွေ ပြန်လည်ပေါင်းစည်းနိုင်ရေး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အစိုးရနဲ့  အပစ်အခတ်ရပ်စဲထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အားလုံး စုပေါင်းပြီး ကရင်အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရည်စူးကာ ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေး ကော်မတီတရပ်ကို မေလ ၂၈ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ (ကေအန်ယူ/ကေအန်အယ်လ်အေ) ငြိမ်းချမ်းရေးကောင်စီရဲ့ ထိုကော်ကိုစခန်းမှာ ပြုလုပ်တဲ့ အစည်းအဝေးအတွင်း ဖွဲ့စည်းခဲ့တာလို့ ကေအန်ယူ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက ပြောပါတယ်။

“ကရင်အဖွဲ့အစည်းတွေကို ပြန်စုမယ်လေ၊ ကွဲပြဲတာမကောင်းဘူး၊ သီးခြားနေတာ မကောင်းဘူး။ ကရင်အမျိုးသားတွေအားလုံး ညီညွတ်မှ လိုရာပန်းတိုင်ကို မြန်မြန်ရောက်ရှိမယ်။ အကောင်းဆုံးကတော့ လက်ရှိ ကေအန်ယူအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတဲ့ ကာလမှာ လက်နက်ကိုင်အဖွဲ့လေးတွေကတော့ ညီညီညွတ်ညွတ်နေသင့်တယ်လို့ ရည်ရွယ်ပြီး လုပ်တာပါ။ ပေါင်းစည်းလိုက်တဲ့ အခြေအနေအထိတော့ မရောက်သေးဘူး။ ပေါင်းစည်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ပြီး ဒီအဖွဲ့တွေက ဘာလိုအပ်သလဲ၊ ဘယ်လိုဆက်လုပ်သွားသင့်လဲဆိုတာကို တဖြည်းဖြည်း တသွေးတသံတမိန့် ဖြစ်အောင် ဆက်ဆောင်ရွက်သွားမှာပါ။”

ဒီညီညွတ်ရေးကော်မတီကို ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး၊ ဟောင်သရော အထူးဒေသ ငြိမ်းချမ်းရေးတပ်ဖွဲ့၊ ဘုရားကုန်းခေါ် ပဒိုအောင်ဆန်းအဖွဲ့၊ ဒီမိုကရေစီကရင်အကျိုးပြု တပ်မတော် (ဒီကေဘီအေ)၊ အစိုးရ နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်) အဖွဲ့မှ ဗိုလ်မှူး ချစ်သူ အဖွဲ့နဲ့ ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်တဲ့  (ကေအန်ယူ/ကေအန်အယ်လ်အေ) ငြိမ်းချမ်းရေးကောင်စီက အဖွဲ့ဝင် ၃ ယောက်စီနဲ့ ဖွဲ့စည်းထားပါတယ်။

ဒီကော်မတီရဲ့ ဥက္ကဋ္ဌ အနေနဲ့ ကရင်လွတ်မြောက်ရေးတပ်မတော်က ဗိုလ်ချုပ်ဂျော်နီ ဦးဆောင်ပြီး ကော်မီတီဝင် ၁၇ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

ဒီကော်မတီအနေနဲ့ နိုင်ငံရေးဆွေးနွေးသည့်အခါ ထိရောက်မှုရှိလာစေရန် ကရင်လက်နက်ကိုင်အဖွဲ့များ အချင်းချင်း စုစည်းညီညွတ်ဖို့၊  တမျိုးသားလုံးကို ကိုယ်စားပြုသည့် နိုင်ငံရေး ဆွေးနွေးမှုကို ကေအန်ယူမှ ဦးဆောင်နိုင်ဖို့၊ မူးယစ်ဆေးဝါးပြဿနာကို ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ ဦးဆောင်နှိမ်နင်းသွားဖို့ အပါအ၀င် လုပ်ဆောင်ရမယ့်အချက် ၇ ချက်ကို ချမှတ်ခဲ့တယ်လို့ ပဒိုအောင်မောင်အေးက ပြောပါတယ်။

“ကော်မတီက ပြဿနာတွေရှိလာရင် အေးအေးချမ်းချမ်း ညှိနှိုင်းကြမယ်။ ကရင်လူမျိုးထဲ ပြန့်ကျဲနေတဲ့ မူးယစ်ဆေးဝါးတွေကို ပညာပေးနှိမ်နင်းသွားမယ်။ ပြည်သူလူထုအတွက် ကျနော်တို့ဘာလုပ်နိုင်မယ်ဆိုတာ တွဲပြီး နယ်မြေလူထုစည်းရုံးရေးတွေလုပ်မယ်။ ကေအန်ယူရဲ့ သွားနေတဲ့လမ်းကြောင်းအပေါ်မှာ ကျနော်တို့ ညီညီညွတ်ညွတ်နေသင့်တယ်ဆိုတာကို သဘောတူတယ်။ ပိုပြီး ညီညွတ်အောင် ဆက်ဆောင်ရွက်သွားမယ်။”

ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA) က ဗိုလ်မှူးချုပ်ကျော်သက်ကတော့ ဒီကော်မီဖွဲ့စည်းတာဟာ ကွဲပြားနေတဲ့ ကရင်အဖွဲ့တွေကို ပြန်ပေါင်းစည်းဖို့ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကရင်လက်နက်ကိုင် ညီညွတ်ရေးကော်မတီဟာ ကရင်လက်နက်ကိုင် အဖွဲ့များကြား ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားကြဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013