DVB Logo
Home
မြန်မာသတင်း
မြန်မာပို့ကုန်များ စံချိန်မီရန် လိုအပ်
DVB
·
May 31, 2013
မြန်မာပို့ကုန်များ စံချိန်မီရန် လိုအပ်
Donate to DVB

ဥရောပသမဂ္ဂ (အီးယူ) က မြန်မာ့ပို့ကုန်တွေအပေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး ဖြစ်တဲ့ ဂျီအက်စ်ပီကို ဇွန်လကစပြီးတော့ အကျိုးခံစားခွင့်ပေးမှာ ဖြစ်ပေမယ့် မြန်မာ့ပို့ကုန်တွေအနေနဲ့ အီးယူဈေးကွက်ထဲ ပြန်လည်ဝင်ရောက်ဖို့ လိုအပ်ချက်တွေ ရှိနေပါတယ်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်  (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာမောင် မောင်လေးက “အီးယူက ဈေးကွက်ဖွင့်ပေးလိုက်လို့ သူတို့က ပြန်ပြီးတော့ မှာမယ်ဆိုရင်တောင် ဒီမှာရှိတဲ့ ပြဿနာက သူတို့ရဲ့စံနှုန်းတွေကို ကိုက်ညီဖို့လိုသလို လိုသလောက်ကိုလည်း ပုံမှန်ပေးနိုင်ဖို့ လိုပါတယ်။ ဒီမှာဖြစ်နေတာက သူတို့မှာတာကို အခုပေးနိုင်ပေမယ့် နောက်ပိုင်း များများလိုလို့ မှာရင် မပေးနိုင်တော့ဘူး။ ပြီးတော့ အစိုးရက ပိတ်လိုက်၊ ဖွင့်လိုက်နဲ့ အဖွင့်အပိတ်လုပ်တဲ့ စီးပွားရေးကလည်း အဆင်ပြေတဲ့သူကိုပဲ ပေးတာမျိုး မလုပ်ဖို့ အရေးကြီးပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ ဖြေလျှော့မှု ပေးတဲ့နေရာမှာ လွယ်ကူပြီး လုပ်သာကိုင်သာရှိတဲ့ ဖြေလျော့မှုတွေ ထားရှိဖို့လိုတယ်လို့ ဆိုပါတယ်။

“အစိုးရက တဖြည်းဖြည်းနဲ့ ဖြေလျော့မှုတွေပေးလာတဲ့အနေနဲ့ အိတ်စပို့စ် လိုင်စင်တွေ ဘာတွေ မလိုတာတော့ ဖြစ်လာပါပြီ။ ဒါတွေအပြင် တိုင်းရင်းသားလုပ်ငန်းရှင်တွေ အတွက် နှစ်ခါမရင်းရလေအောင်နဲ့ ပို့တဲ့နေရာမှာလဲ transaction cost တွေ မများရအောင် အဆင်ပြေဖို့ အရေးကြီးပါတယ်။ ပို့ကုန်လုပ်ငန်းရှင်တွေကလည်း ကိုယ့်ရဲ့ ပစ္စည်းက အရည်အသွေး တသမတ်တည်း ဖြစ်ဖို့ total quality management ထားရှိဖို့လိုပါတယ်။”

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရဲ့စီးပွားရေးဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က လတ်တလော အီးယူဈေးကွက်ထဲ အထည်ချုပ်တခုတည်းသာ အဆင်သင့်တင်ပို့နိုင်ဦးမယ်လို့ ပြောပါတယ်။

“အီးယူဈေးကွက်ကို ဇွန်လကစပြီးတော့ ပို့လို့ရပေမယ့် လောလောဆယ်မှာတော့ အထည်ချုပ်ပဲ သွားလို့ရဦးမယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အရည်အသွေးနဲ့ ဒီဇိုင်းကို လုပ်နိုင်တဲ့အတွက်ကြောင့်ပါ။ သစ်အချောထည်နဲ့ ရေထွက်ကုန်ကတော့ သူတို့ရဲ့အရည်အသွေး စံသတ်မှတ်ကြောင့် လောလောဆယ် နည်းနည်းခက်ခဲအုံးမယ်။ ဒါကြောင့် သူတို့ရဲ့အရည်အသွေး စံသတ်မှတ်ချက်တွေ၊ rule and regulation တွေကို သိအောင်လုပ်ထားဖို့လည်း လိုပါတယ်။”

အီးယူဈေးကွက်ကို မြန်မာ့ပို့ကုန်တွေ တိုက်ရိုက် တင်ပို့နိုင်ပြီ ဖြစ်တာကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ကုန်စည်ကဏ္ဍအလိုက် ၀ယ်ယူမယ့်သူတွေကို အခုကတည်းက ရှာဖွေစုဆောင်းထားဖို့ လိုအပ်တယ်လို့ ဒေါက်တာမောင်အောင်က ဆိုပါတယ်။

“အီးယူက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့မှု မရှိစဉ်ကာလတုန်းက မြန်မာ့ပို့ကုန် တွေကို တဆင့်ခံအနေနဲ့ဘဲ ကြားခံတင်ပို့မှုရှိခဲ့တာပါ။ အခုတော့ တိုက်ရိုက်တင်ပို့နိုင်ပြီ ဖြစ်လို့ ယခင်က ၀ယ်ခဲ့တဲ့ buyer (၀ယ်သူ) တွေကို ပြန်လည်ဆက်သွယ်ထားရှိဖို့လိုတဲ့အပြင် နောက်ထပ် တိုက်ရိုက်ဝယ်ယူမယ့် buyer အသစ်တွေကိုလည်း ရှာဖွေထားရှိဖို့လိုပါတယ်။ ဒါကြောင့် အီးယူဈေးကွက်ရဲ့ လိုအပ်ချက်တွေကို အခုကတည်းက လေ့လာထားရှိဖို့နဲ့ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နိုင်ငံတွေကလည်း တင်ပို့မှုရှိတာကြောင့် သူတို့နဲ့ယှဉ်ပြိုင်နိုင်ဖို့အတွက် သူတို့ရဲ့ပို့ကုန် အမယ်တွေကိုလည်း လေ့လာထားရှိဖို့လိုတယ်။”

မြန်မာနိုင်ငံအနေနဲ့ အီးယူရဲ့ စီးပွားရေးပိတ်ဆို့မှုမရှိစဉ် ၂၀၀၀ ပြည့်နှစ်ကာလတုန်းက မြန်မာ့ပို့ကုန်ဈေးကွက်ဟာ အာရှ၊ အီးယူနဲ့ အမေရိကန်နိုင်ငံတွေဆီ အဓိက တင်ပို့မှုရှိခဲ့တာ ဖြစ်ပေမယ့် စီးပွားရေးပိတ်ဆို့မှုစတင်ခဲ့တဲ့ ၂၀၀၃ ခုနှစ် ကစပြီးတော့ အီးယူနဲ့ အမေရိကန်ဈေးကွက်ကြီး ၂ ခုမှာ ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013