DVB Logo
Home
မြန်မာသတင်း
လိုင်စင်အပွားဖြင့် ဆီထုတ်ယူခံရသည့် ယာဉ်များအတွက် သီးသန့် QR ထုတ်ပေးမည်
DVB
·
July 31, 2026
Photo : DVB
Photo : DVB
Donate to DVB

စက်သုံးဆီထုတ်ယူရာမှာ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် (ဝှီးတက်) ကူးယူပြီး မသမာတဲ့နည်းနဲ့ ဆီထုတ်ယူခံရတဲ့ မော်တော်ယာဉ်ပိုင်ရှင်တွေကို စက်သုံးဆီဝယ်ယူခွင့်ရရှိရေQR Code အသစ် ထုတ်ပေးမယ်လို့ စစ်အာဏာရှင်အစိုးရ၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ပါတယ်။

ကိုယ်ပိုင်ယာဉ်နံပါတ်ကို မသမာတဲ့နည်း အသုံးပြုပြီး စက်သုံးဆီ ထုတ်ယူခံရတဲ့ ယာဉ်ပိုင်ရှင်တွေ ဟာ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းနဲ့ပြည်နယ် ကြီးကြပ်စစ်ဆေးရေးအရာရှိ ရုံးတွေမှာ QR Code အသစ် ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

QR Code အသစ်ထုတ်ဖို့ လျှောက်ထားရာမှာ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် ဝှီးတက်အစစ်ဖြစ်ကြောင်း သက်ဆိုင်ရာ ကညနရဲ့ ထောက်ခံချက်မူရင်း၊ မော်တော်ယာဉ် သက်သေခံ လက်မှတ် ကာလာနဲ့ မိတ္တူ၊ ယာဉ်ပိုင်ရှင်ရဲ့ မှတ်ပုံတင်ကာလာနဲ့ မိတ္တူ၊ ယာဉ်ပိုင်ရှင်ရဲ့ နေရပ်လိပ်စာနဲ့ ဖုန်း၊ မိမိပိုင်ယာဉ်နံပါတ်နဲ့ တခြားဆိုင်တွေမှာ စက်သုံးဆီဝယ်ယူခဲ့မှု အထောက်အထား (အချိန်၊ ရက်စွဲ၊ ဆိုင်အမည်) စတဲ့အချက်အလက်တွေနဲ့ လျှောက်ထားရမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ စက်သုံးဆီဆိုင်တခုက ဝန်ထမ်းတယောက်က "ဝှီးတက်အပွားနဲ့ ထုတ်ခံရတာ နေရာတိုင်းမှာ ဖြစ်နေတာ။ ကျနော်တို့ဘက်ကလည်း ဒီယာဉ်နံပါတ်နဲ့ သတ်မှတ်ထားတဲ့ Limit ထုတ်သွားပြီဆိုတာ ပေါ်နေတော့ တကယ်လာတဲ့ယာဉ်ပဲဖြစ်ဖြစ် အပွားပဲဖြစ်ဖြစ် ဆီထပ်ဖြည့်ပေးလို့ မရဘူးလေ။ အခုလိုလုပ်တာက ကောင်းပါတယ်။ တကယ်နစ်နာတဲ့ပိုင်ရှင်က QR အသစ် လျှောက်ပြီးသွားရင်တော့ အဲဒီ QR နဲ့ပဲ ဖြည့်ပေးရတော့မှာ” လို့ ပြောပါတယ်။

QR Code အသစ် ထုတ်ပေးပြီးတဲ့နောက် အဲဒီမော်တော်ယာဉ်ဟာ ဝှီးတက်မှာပါတဲ့ Barcode ဒါမှမဟုတ် အရောင်းဆိုင်ကထုတ်ပေးတဲ့ QR Code နဲ့ ဆီဝယ်ခွင့်ရတော့မှာမဟုတ်ဘဲ အသစ်ထုတ် ပေးလိုက်တဲ့ QR Code နဲ့သာ ဝယ်လို့ရတော့မှာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် အသစ်လျှောက်ထားတဲ့ QR Code ပျက်စီးပျောက်ဆုံးတာ မဖြစ်ဖို့ ယာဉ်ပိုင်ရှင်အနေနဲ့ တာဝန်ယူထိန်းသိမ်းရမယ်လို့ ဖော်ပြထားပါတယ်။

ကားနံပါတ်အပွားနဲ့ ဆီထုတ်ခံခဲ့ရဖူးတဲ့ မန္တလေးမြို့က ယာဉ်ပိုင်ရှင်တယောက်က "အရင်ကတည်းက အဲ့လိုလုပ်ရမှာလေ။ ဆီပြဿနာ ဖြစ်ကတည်းက တကယ့်ပိုင်ရှင်တွေက အဲဒီပြဿနာကြုံရတာ။ ကိုယ်က အချိန်ပေးတန်းစီ ဆိုင်လည်းရောက်ကော ကိုယ့်ကားက ထုတ်ပြီးသားဖြစ်နေကော။ အချိန်ကုန် လူပန်းနဲ့ အများကြီးနစ်နာတယ်။ ဝှီးတက် ပွားခံရတာတွေ ဆိုတာကလည်း ဘယ်သူက လုပ်တတ်မှာလဲ။ သူတို့ပဲလုပ်တတ်တာလေ” လို့ ပြောပါတယ်။

အရှေ့အလယ်ပိုင်းပဋိပက္ခ စတင်ဖြစ်ပြီးနောက် ကမ္ဘာ့နိုင်ငံတွေအပါအဝင် မြန်မာမှာလည်း စက်သုံးဆီ အခက်အခဲ ကြုံနေရပါတယ်။

စစ်အာဏာရှင်အစိုးရကတော့ ဆီချွေတာဖို့ဆိုပြီး မော်တော်ယာဉ်တွေကို စုံ၊ မ ရက်အလိုက် ခွဲမောင်း ခွင့်ပြုတာ၊ စက်သုံးဆီကို ခွဲတမ်းနဲ့ထုတ်ပေးတာတွေ လုပ်ဆောင်နေပြီး အခုလို ကားနံပါတ်အပွားနဲ့ ဆီထုတ်ယူခံရတဲ့ ပြဿနာတွေလည်း ကြုံတွေ့လာနေရတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013