Homeမြန်မာသတင်း
ကိုယ်ပိုင်ကျောင်း ၇၆၄ ကျောင်းပြန်ဖွင့်၊ ဘော်ဒါဆောင်များပြန်မဖွင့်သေးဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
ကိုယ်ပိုင်ကျောင်း ၇၆၄ ကျောင်းပြန်ဖွင့်၊ ဘော်ဒါဆောင်များပြန်မဖွင့်သေးဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
July 24, 2020

မြန်မာနိုင်ငံတဝန်း အထက်တန်းကျောင်းတွေ ပြန်ဖွင့်ရာမှာ ကိုယ်ပိုင်ကျောင်း ၇၆၄ ကျောင်းကို ပြန်ဖွင့်ခွင့်ပေးထားပြီး ဘော်ဒါဆောင်တွေကတော့ ပြန်ဖွင့်ဖို့ လောလောဆယ် မဖြစ်သေးဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ပြောပါတယ်။
“ဘော်ဒါဆောင်နဲ့ ကိုယ်ပိုင်ကျောင်းတွေကို ဖွင့်ပေးရေးကတော့ လောလောဆယ် မဖြစ်သေးပါဘူး။ ကျောင်းသားတွေ၊ မိဘတွေကတော့ ဖွင့်စေချင်ကြပါတယ်။ Quarantine လောက်ကို ဘော်ဒါဆောင်တွေက စိတ်ချရပါတယ်လို့ယူဆချက်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ကမ္ဘာ့အခြေအနေ သုံးသပ်လိုက်တော့ ဘော်ဒါဆောင်တွေမျိုး အနေအထားကို လုံခြုံတယ်လို့ မယူဆနိုင်သေးတာ တွေ့ရှိရပါတယ်။ ကျောင်းသူကျောင်းသားများ ကျန်းမာရေးအတွက် စိတ်ချရတာနဲ့အမျှ ကျောင်းတွေဖွင့်နိုင်ရေးကို ဆောင်ရွက်ပါမယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကိုယ်ပိုင်ကျောင်းတွေကနေ အစိုးရကျောင်းကိုပြောင်းလာတဲ့ ကျောင်းသားတွေကိုလည်း လက်ခံမှာဖြစ်ပြီး ကိုယ်ပိုင်ကျောင်းတွေ အဆင်ပြေရေးကို အလေးထားတယ်လို့လည်း ပြောပါတယ်။
“ကိုယ်ပိုင်ကျောင်းများမှ အစိုးရကျောင်းများသို့ ပြောင်းချင်တဲ့ ကျောင်းသူကျောင်းသားတွေလည်း ရှိလာပါတယ်။ ပြောင်းရွှေ့လာမည့်သူ အားလုံးကို ဝမ်းသာစွာ လက်ခံမှာပါ။ ကမ္ဘာ့ပညာရေး အဆင့်မြင့်ဆုံးနိုင်ငံတချို့မှာလို့ ကျွန်မတို့နိုင်ငံမှာလည်း အစိုးရကျောင်းတွေက အကောင်းဆုံးပညာသင်ပေးနိုင်တဲ့အခြေအနေကို ရောက်ရှိစေချင်ပါတယ်။ လက်ရှိကျွန်မတို့နိုင်ငံအခြေအနေအရ ကိုယ်ပိုင်ကျောင်းတွေရဲ့ကဏ္ဍက တန်ဖိုးရှိပါတယ်။ ဒါ့ကြောင့် ဒီကျောင်းတွေ အဆင်ပြေရေးကိုကျွန်မတို့ အလေးထားပါတယ်။” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကပြောပါတယ်။
အခြေခံပညာအထက်တန်းကျောင်းတွေကို ဇူလိုင် ၂၁ ရက်ကစပြီး ပြန်လည်စတင်ဖွင့်လှစ်ရာမှာ တစ်နိုင်ငံလုံးမှာ အထက်တန်းကျောင်းပေါင်း ၇၁၇၃ ကျောင်း ရှိတဲ့အနက်၊ ကျန်းမာရေး ဆန်းစစ်မှုပြုလုပ်ပြီး ဖွင့်ခွင့်ပြုပေးခဲ့တဲ့ကျောင်း ၃၉၉၉ ကျောင်း ရှိပါတယ်။
ကျောင်းသူ၊ ကျောင်းသားဦးရေ တစ်သန်းကျော် ကျောင်းအပ်နှံခဲ့ပြီး ကျောင်းတက်ရက် တစ်ပတ်ခြား စီစဉ်ထားတဲ့အတွက် အခုအပတ်မှာ ကျောင်းအပ်နှံထားသူဦးရေရဲ့တစ်ဝက်ဖြစ်တဲ့ ကျောင်းသား ၅ သိန်းခွဲလောက် ကျောင်း တက်ရောက်ပါတယ်။