DVB Logo
Home
မြန်မာသတင်း
တပ်မတော်က ဖမ်းဆီးသွားသည့် လူငယ် ၂ ဦးကို အဆက်အသွယ်မရသဖြင့် မိသားစုဝင်များ စိုးရိမ်
DVB
·
July 24, 2020
တပ်မတော်က ဖမ်းဆီးသွားသည့် လူငယ် ၂ ဦးကို အဆက်အသွယ်မရသဖြင့် မိသားစုဝင်များ စိုးရိမ်
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာမှာ ဇူလိုင် ၇ ရက် မနက်က တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးပါအဖွဲ့က  လူငယ် ၂ ဦးကို နေအိမ်မှာ လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ဒီနေ့အထိမိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးတာကြောင့် စိုးရိမ်နေပြီး အဆက်အသွယ်ရချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်ကိုဝင်းနိုင်ရဲ့ မိခင်ဒေါ်ထွေးမြခင်က “ကျမသားက ဇင်ချောင်းမှာဖုန်းဆိုင်၊ ကွန်ပျူတာဆိုင်ဖွင့်ထားတယ်။ ၇ လပိုင်း ၇ ရက်နေ့ မနက် ၄ နာရီလောက်မှာ ရဲရယ်၊ စစ်တပ်ရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ် လာပြီးတော့ဖမ်းသွားတယ်။ နောက်ရဲစခန်းကိုသွားမေးတော့ သူ့ကို မတွေ့ရဘူး။ ရဲစခန်းက ပြောတာကတော့ ၃၄ တပ်က ဖမ်းသွားတယ်ဆိုပြီးတော့ ပြောတယ်။ သားရော ကွန်ပျူတာတွေ၊ဖုန်းတွေရော ပါသွားတယ်။ သားကိုလည်း မတွေ့ရတော့ဘူး။ ကျမသားက မိဘကို လုပ်ကိုင်ကျွေးမွေးနေတဲ့သူပါ။ သားမရှိလို့ ပူပင်သောက ရောက်နေရတယ်။ သားနဲ့တွေ့ချင်တယ်၊ သားကိုဘယ်မှာထားတယ်ဆိုတာကို သိချင်ပါတယ်” လို့ ပြောပါတယ်။

ဇင်ချောင်းကျေးရွာမှာ ဇူလိုင် ၇ ရက်နေ့က ကိုဝင်းနိုင်အပါအဝင် လူ ၄ ဦးကို တပ်မတော်က ဖမ်းဆီးခဲ့ပြီးနောက် ၂ ဦးကိုတော့ ဇင်ချောင်းရဲစခန်းက ပြန်လည်လွှတ်ပေးခဲ့ကာ ကိုဝင်းနိုင်နဲ့ ကိုမောင်အေးနိုင်တို့ကို တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဇင်ချောင်းကျေးရွာနေသူ တွေက  ပြောပါတယ်။

အဆိုပါဇင်ချောင်းကျေးရွာသား ၂ ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်ချုပ် ထွန်းထွန်းညီနဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါဘူး။

ဇူလိုင် ၁၁ ရက်က ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာမှာ ထိန်းသိမ်းစစ်ဆေးနေတဲ့ ရွာသား၂ ဦးအနက် အေအေလက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်သူ ထွန်းမြင့်စိုးကို ကျောက်ဖြူမြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူမှာ ဖြစ်ကြောင်းနဲ့ အေအေနဲ့ပတ်သက်ဆက်နွယ်မှုမရှိတဲ့ ဖြိုးဝေအောင်ကိုတော့ ဇူလိုင် ၁၅ ရက် ညနေပိုင်းမှာကျောက်ဖြူမြို့မရဲစခန်းမှတဆင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ မိဘတွေထံ ပြန်လည်အပ်နှံခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ကျောက်ဖြူမြို့နယ်မှာ တပ်မတော်ယာဉ်တန်းတွေ မိုင်းဆွဲ တိုက်ခိုက်ခံရတာတွေရှိလာနေပြီး စစ်ကြောင်းတွေ ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်လာနေကာ ရွာသားတွေကို သံသယနဲ့ဖမ်းဆီးမှုတွေ တိုးလာနေပါတယ်။

ဖမ်းဆီးခံရသူတချို့ကို ပြန်လည်လွှတ်ပေးတာရှိသလို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်လှစ်တရားစွဲဆိုတာတွေလည်းရှိပါတယ်။  ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးတာကြောင့် မိသားစုဝင်တွေ အနေနဲ့ စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

သတင်း-နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013