DVB Logo
Home
မြန်မာသတင်း
အမရပူရမြို့နယ်ရှိ ရေဘေးဒုက္ခသည်အချို့ အကူအညီအထောက်အပံ့မရဖြစ်နေ 
DVB
·
July 23, 2020
အမရပူရမြို့နယ်ရှိ ရေဘေးဒုက္ခသည်အချို့ အကူအညီအထောက်အပံ့မရဖြစ်နေ 
Donate to DVB

မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်း ရေဘေးဒုက္ခရောက်နေသူတွေကို တာဝန်ရှိသူတွေရော၊ ပြည်သူလူထုနဲ့ အလှူရှင်တွေကပါ ဝိုင်းဝန်းထောက်ပံ့လှူဒါန်းနေရာမှာ အမှန်တကယ် ရေဘေးကြုံတွေ့ နေရသူတွေထံ စနစ်တကျ လှူပေးစေလိုတယ်လို့ ရေဘေးကြုံနေရသူတချို့က ပြောပါတယ်။

ရေဘေးသင့်သူတွေအတွက် ပြည်သူလူထုက လာရောက်လှူဒါန်းရာမှာ တွေ့ကြုံရာလူတွေက ဝင်ရောက်ယူငင်နေတာကြောင့် အမှန်တကယ် ရေဘေးသင့်သူတချို့ ထောက်ပံ့မှု မရရှိဘူးလို့ ဆိုပါတယ်။ 

အလှူရှင်တွေအနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ထမင်းဟင်းတွေအပြင် ဆန်၊ ဆီ ရေသန့် နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို ဝိုင်းဝန်းလှူဒါန်းပေးနေကြတာလည်း ဖြစ်ပါတယ်။

အမရပူရမြို့နယ်၊ ကျန်တန်းတိုက်နယ်၊ တိုးချဲ့ ၁ ရပ်ကွက်က မမျိုးမျိုးက "အများဆုံး‌ကတော့ အစ်မရယ် ငွေထောက်ပံ့မှုလေးတွေ ပေးနိုင်ရင်တော့ ကောင်းပါတယ်။ ပေးခဲ့မယ်ဆိုရင်လည်း သူ့ဟာနဲ့သူ ခုပေးတဲ့ဟာတွေက သူများရပ်ကွက်တွေကလည်း ဒီလမ်းပေါ်မှာပဲ လာပြီးတော့ ဆွဲကြလုကြဖြစ်တယ်။ သူ့ဟာနဲ့သူ လူကြီးလေးတွေကိုပေါ့နော၊ သူတို့လက်ထဲကို ပေးသင့်တာပေး၊ သူတို့ကတော့ နာမည်နဲ့တကွ ကောက်ပေးပေမယ့်လည်း ကျမ မရသေးဘူး။ ဆွဲလုတဲ့သူတွေက အများကြီးပဲ၊ တကယ်ရေနစ်တဲ့သူတွေက ဒီသံလမ်းရဲ့အောက်ကြောလေးတွေမယ် ဒီလိုပဲ ခက်ခက်ခဲခဲနဲ့ ညဆို ဒီဟာတွေကို ခင်းနေရတာ၊ အဲ့လိုလေးတွေ များတာပေါ့၊ မရတဲ့လူတွေကလည်း အများကြီး၊ဟို တစ်ခြားရပ်ကွက်ကနေပြီးတော့လည်း ဒီ သံလမ်းဘေးက ဝေနေတာသိတော့ ဒီနားကြီး လာပြီးတော့ လုကြတာတွေ အများကြီးရှိတယ်" လို့ပြောပါတယ်။

ဒါ့အပြင် ရေဘေးသင့်ပြည်သူတွေထဲက အိမ်ထောင်စု မရှိတဲ့ မိသားစုတွေ အတွက် ထောက်ပံ့မှု မရတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

တိုးချဲ့ ၁ ရပ်ကွက်က မမျိုးမျိုးက"အိမ်ထောင်စု မရှိတဲ့လူကလည်း တော်တော်များပါတယ်။ မိသားစုဆို ကျမတို့ဆိုရင် ဆယ့်နှစ်ယောက် ဆယ့်သုံးယောက်လောက် နေရတယ်။ တစ်စုပဲ ရှိတဲ့ အခါကျတော့ တစ်စုပဲပေါ့နော၊ ကျန်တဲ့အပိုင်းကကျတော့လည်း ခင်မင်မှုနဲ့ပေးသွားကြတယ်။ အဲ့လိုမျိုးပေါ့၊ ဒီ ဆယ့်နှစ်ယောက်ရဲ့ တစ်စုက ဒီတစ်ဦးစာပဲ ရတဲ့ခါကျတော့ မိသားစုနည်းနည်း ကျပ်တည်းတာပေါ့၊ အဲ့လိုမျိုးတော့ ဖြစ်တယ်။ အစိုးရကပေးတာ ကျမတို့ မိသားစု ဆယ့်နှစ်ယောက် က တခါမှကို မရဘူးပါဘူး။ အဲ့လိုပဲ မရှိဆင်းရဲသား နွမ်းပါးတဲ့လူပေးတယ်ဆိုပြီး ကျမတို့လည်း နွမ်းပါးတာပဲ၊ တကယ်တမ်းကျ၊ ကျမတို့လည်း မရလိုက်ပါဘူး" လို့ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေအနေနဲ့ ရေလွတ်ရာ မီးရထားသံလမ်းနံဘေး တက်ရောက်နေကြရ သလို ချက်ပြုတ်စားသောက်ရေးတင်မက နေရေးထိုင်ရေးကိုပါ ဖြစ်သလိုဖြေရှင်းနေကြရတာ ဖြစ်ပါတယ်။ အိမ်သာတွေပါ ရေနစ်မြုပ်ကုန်တဲ့အတွက် အဆင်ပြေသလို ဖြေရှင်းနေရတာကြောင့် မိုဘိုင်းအိမ်သာတွေ ဆောက်ရွက်ပေးသင့်တယ်လို့လည်း ရေဘေးသင့်ပြည်သူတစ်ဦးက ပြောပါ တယ်။

တိုးချဲ့ ၁ ရပ်ကွက်မှ ဦးဖိုးတုပ်က "ဒီ တစ်ခါသုံးအိမ်သာကတော့ အဆင်ပြေရင်ကတော့ ပိုကောင်းတာပေါ့ဗျာ၊ခုက လောလောဆယ်ကတော့ ကြုံသလို ဖြစ်သလိုပေါ့။ အဲ့လို ရေထဲပဲ သွားကြ လာကြ အဲ့လို လုပ်နေကြရတာပေါ့။ ခုကတော့ စားရေရိက္ခာအရေးကြီးတာပဲဗျာ၊ စားရေရိက္ခာလေး တွေကို ဒီမှာလာပြီးတော့ ကူညီပေးစေချင်တာပေါ့၊အဲ့ဒီ သဘောပါပဲ။ စားရေရိက္ခာလေးတွေကတော့ တော်တော်လေး ဒီမှာ အခက်အခဲဖြစ်နေကြတာ၊နေမှုလည်း ဒီလိုပဲ၊အဲ့ဒါ ညဆို ဖျာတွေ ခင်းပြီး အိပ်ကြတာပဲ၊ဒါ ဒီလမ်းဘေးတင် ဖြစ်သလိုပဲ၊ရထားလာတဲ့အခါကျ တချို့တွေကျ မအိပ်ရဲတော့ ဒီတိုင်းငုတ်တုပ်ထိုင်ကြရတာပဲ" လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကလည်း ဧရာဝတီမြစ်ရေ အလွန်မြင့်တက်လာမှုကြောင့် လူနေအိမ်တွေ နစ်မြုပ်ကုန်တဲ့အထိ တွေ့ကြုံခဲ့ပြီး အခုလို ရေလွှမ်းမှု အန္တရာယ် မကြုံဘူးသေးတဲ့ ပြည်သူတွေအနေနဲ့ အရေးပေါ်အခြေအနေမှာ အိမ်သုံးပစ္စည်းတွေက အစ ဆုံးရှုံးခဲ့ရတာတွေ ရှိနေပါတယ်။

အခုနှစ်ပိုင်း‌တွေမှာတော့ မန္တလေးမြို့မှာ ‌မူလကရှိတဲ့ ရေလွှမ်းလွင်ပြင်တွေမှာ မြေဖို့ပြီး လူနေ အဆောက်အအုံတွေနဲ့ လုပ်ငန်းခွင်တွေ တိုးချဲ့မှု ပိုများလာတာဖြစ်ပါတယ်။ 

ရေလွှမ်းလွင်ပြင်တွေကို တိုးချဲ့နေထိုင်လာတဲ့အခါ မြစ်ရေကြီးချိန်မှာ အခုလို ဘေးအန္တရာယ်မျိုး ကြုံတွေ့လာနိုင်တဲ့ အခြေအနေတွေကို အစိုးရတာဝန်ရှိသူတွေအနေနဲ့ ထည့်သွင်းစဉ်းစားပြင်ဆင်ထားသင့်တယ်လို့ မြို့ခံတစ်ဦးက အကြံပြုပါတယ်။

မန္တလေးမြို့ခံ ဦးမောင်မောင်ဦးက "မန္တလေးမှာ ဖြစ်သွားတဲ့အဖြစ်ဆိုတာ ကျနော်တို့ အနာဂတ်အတွက် နမူနာကောင်းတစ်ခုတော့ ယူနိုင်မယ်လို့ ကျနော်တို့က ထင်တယ်။ ဒါ ယူဖို့ လိုတယ်။ အစိုးရက၊ flood plainတွေမှာ စီမံခန့်ခွဲမှု အလွဲအမှားလေးတွေ အားနည်းချက်လေးတွေ ဖြစ်ပေါ်တဲ့အခါမှာ သက်ရောက်မှုဖြစ်လာရင် ခံစားရတဲ့ ဧရိယာကျယ်ရင်ကျယ်သလောက် ပတ်ဝန်းကျင် ဒေသလူနေထိခိုက်မှုပါ့နော်။ နေရေးထိုင်ရေးစားရေးသောက်ရေးမှာ ထိခိုက်မှုက အရမ်းများတယ်။ ကြီးကျယ်တယ်၊ အစိုးရတစ်ရပ်အနေနဲ့လည်း ဒါကြီးကို နောက်ဆက်တွဲ တချိန်လုံး ထောက်ပံ့ဖို့လို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့်မို့ လို့ မဖြစ်ခင်ကတည်းက ကြိုတင်စဉ်းစားဖို့လိုတယ်၊" လို့ပြောပါတယ်။

အမရပူရမြို့နယ်မှာ ရေဘေးသင့်ပြည်သူ ၁၄၄၁၀ ဦးရှိပြီး တစ်ဦးချင်းစီအတွက် ငွေနဲ့ ထောက်ပံ့ပစ္စည်း ၄ မျိုး ပံ့ပိုးကူညီခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီလို လှူဒါန်းရာမှာ ဆန်ရိက္ခာဖိုး တစ်ပတ်စာထောက်ပံ့ငွေကျပ် ၃၀၂.၆၁ သိန်းနဲ့ ငွေကျပ် သိန်း ၂၃၀.၀၁၆ တန်ဖိုးရှိ ​​ခေါက်ဆွဲခြောက်၊ ​ရေသန့်၊ Mask နဲ့ လက်ဆေးဆပ်ပြာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ရေဘေးရှောင်ပြည်သူတွေ အမြန်ဆုံး မိမိတို့နေအိမ်သို ပြန်လည်ပြောင်းရွှေ့နေထိုင်နိုင်ဖို့ အတွက် တာဝန်ရှိသူတွေက ရေတွေကို ပြန်လည် စုပ်ထုတ်ပေးနေပြီး အချိန်တိုအတွင်း ​ပမာဏ များများကို ပိုမိုလျင်မြန်စွာ စုပ်ထုတ်နိုင်ဖို့ ရေစုပ်စက်ကြီး (၈)လုံးနဲ့ အားဖြည့်ဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာ ဝင်းမြတ်အေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ  ၎င်းရဲ့ ပြောကြားထားပါတယ်။

သတင်း ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013