DVB Logo
Home
မြန်မာသတင်း
သတင်းသမားများကို အစိုးရ အကာအကွယ်ပေးရန် လိုအပ်
DVB
·
May 30, 2013
သတင်းသမားများကို အစိုးရ အကာအကွယ်ပေးရန် လိုအပ်
Donate to DVB

မြန်မာနိုင်ငံရဲ့ ပဋိပက္ခအခြေအနေတွေမှာ သတင်းရယူကြရတဲ့ မီဒီယာတွေကို အစိုးရဘက် ကနေပြီး အကာအကွယ်တွေပေးဖို့ လိုအပ်နေတယ်လို့ သတင်းမီဒီယာသမားတွေက ပြောပါတယ်။

အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရတဲ့ လားရှိုးမြို့ပေါ်မှာ သတင်းရယူနေရတဲ့ သတင်းထောက်တဦးကို လူတစုက တုတ်နဲ့ ရိုက်နှက်ခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းမီဒီယာသမားတွေရဲ့ အခြေအနေဟာ အပြည့်အဝ လုံခြုံစိတ်ချရတဲ့ အနေအထား မရှိဖြစ်နေတဲ့အတွက် အခုလို ပြောဆိုလိုက်ကြတာပါ။

[caption id="attachment_40109" align="alignright" width="300" caption="လားရှိုးမြို့တွင် လုံခြုံရေးယူနေသည့် တပ်မတော်သားများ(မေ ၃၀)"][/caption]

သတင်းသမားတွေဟာ အန္တရယ်နဲ့ ကြုံတွေ့နေကြရသလို သတင်းအချက်အလက် ရယူတဲ့အပိုင်းမှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ ပြည်သူ့ခေတ်ဂျာနယ်က သတင်းထောက်ချုပ် ဦးဥာဏ်လှိုင်လင်းက ပြောပါတယ်။

“ပထမပိုင်း နေ့ခင်းပိုင်းလောက်ထိက တည်ငြိမ်နေတုန်းပဲလေ။ တကယ်စဖြစ်တဲ့အချိန်မှာ လုံခြုံရေးအကူအညီ ယူဖို့၊ အရေးပေါ်အခြေအနေမှာ ဆက်သွယ်ဖို့အတွက် သီတာရုပ်ရှင်ရုံအပျက်အစီးမှာ ၀င်ပြီးတော့ လာရောက်ရှင်းလင်းတဲ့ ရဲမှူးနဲ့ တိုက်ရိုက်ပြောဆိုတာတောင်မှ အဆင်မပြေပါဘူး။ ဖုန်းနံပါတ်တောင် အဆင်မပြေဘူး။ အကယ်၍များ အရေးပေါ်အခြေအနေတခုဖြစ်ရင် ဘယ်သူနဲ့ ဆက်သွယ်ရမလဲပေါ့။ ဒီမှာ ထူးထူးခြားခြားက ဘာရှိလဲဆိုတော့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ အချက်အလက်တွေ ရဖို့ ခက်တဲ့အနေအထား။”

မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) အဖွဲ့ရဲ့ တာဝန်ရှိသူ ဦးမြင့်ကျော်က  “အရင်က သတ်မှတ်လာတာက လက်နက်ကိုင်တွေကပဲ သတင်းသမားတွေကို ဖမ်းနိုင်တယ်၊ အန္တရာယ်ပြုနိုင်တယ်လို့ ထင်နေကြတာ။  အခုအခြေအနေက အကြမ်းဖက် လူအုပ်စုတွေလည်း ရှိတယ်။ အဲဒီအုပ်စုတွေရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိတယ်ဆိုတာတော့ မသိဘူး။ သို့ပေမယ့် အကြမ်းဖက်အုပ်စုတွေကလည်း သတင်းသမားတွေကို အန္တရာယ်ပြုနိုင်တယ်ဆိုတဲ့ဟာကို သတိမမေ့သင့်ဘူး။  သတိထားသင့်တယ်။ ဒါမှမဟုတ်ရင် မနေ့ကလို အဖြစ်မျိုးဖြစ်နိုင်တယ်။ မိတ္ထီလာမှာလည်း အဲဒီကိစ္စတွေ ဖြစ်ခဲ့တယ်။ သတင်းသမားတွေ ကိုယ့်အန္တရယ်ကို ကြည့်ပြီး သတင်းယူကြဖို့ လိုပါတယ်” လို့ ပြောပါတယ်။

စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ ပြောခွင့်ရသူ The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက “သတင်းမီဒီယာဆိုတာ ဒီတိုင်းပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ လူထုသိအောင် တင်ပြရတယ်၊ နိုင်ငံတကာသိအောင် လုပ်တယ်။ ဟိုဘက်က လိုက်တယ်၊ ဒီဘက်ကလိုက်တယ် မဟုတ်ဘူး။ ဖြစ်နေတဲ့ သတင်းကို ဖြစ်တဲ့အတိုင်း တင်ပြရတာ။ အထူးသဖြင့် ဓာတ်ပုံသတင်းထောက်တွေပေါ့။ နိုင်ငံတကာမှာတော့ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ သတင်းထောက်တွေကို အကာအကွယ်ပေးထားတာ ရှိတယ်။ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေလိုပေါ့။ ဘယ်ဘက်ကမှ ထိခိုက်အောင် မလုပ်သင့်ဘူးဆိုပြီး အကာအကွယ်ပေးတာ ရှိတယ်။ ဒါပေမယ့် စစ်ပွဲဖြစ်နေတဲ့ နေရာတွေမှာ တချို့သတင်းထောက်တွေလည်း သေဆုံးတာရှိတယ်လေ။ နံပါတ်တစ်ကတော့ အကာအကွယ်ပေးဖို့လိုတယ်ဆိုပေမယ့် သတင်းထောက်တွေက ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်ဖို့ အရေးကြီးတယ်။ အခု ကြားရတဲ့အတိုင်းဆိုရင် လုံခြုံရေးတွေက ဒေသခံပြည်သူလူထုကိုရော သတင်းထောက်တွေကိုရော အကာအကွယ်မပေးနိုင်ဘူး။ ဒီလောက်ကြီး လက်ရဲဇက်ရဲ မီးရှို့သတ်ဖြတ်တာခံရတဲ့အတွက် ဒါအန္တရာယ်ရှိတယ်။ အသွင်ကူးပြောင်းတဲ့ကာလမှာရှိတဲ့ နိုင်ငံတွေမှာ ဒီလိုပြဿနာတွေ ကြုံတတ်တယ်” လို့ ပြောပါတယ်။

အခုလက်ရှိမှာတော့ လားရှိုးမြို့ရောက် ပြည်တွင်းသတင်းထောက်တွေဟာ  အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ ယာဉ်တန်းနောက်ကနေ လိုက်ပါသတင်းရယူနေရတယ်လို့ ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနကတော့ ပြည်နယ်ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို သတင်းထောက်တွေ အခက်အခဲရှိရင်အကူအညီတောင်းခံနိုင်ဖို့ စီစဉ်ပေးထားပါတယ်။

လက်ရှိအခြေအနေမှာတော့ လားရှိုးမြို့ အကြမ်းဖက်မှုဖြစ်စဉ်မှာ သေဆုံးသူ ၁ ဦးနဲ့ ဒဏ်ရာရသူ ၅ ဦး ရှိပါတယ်။ မန်ဆူ ဘုန်းတော်ကြီးကျောင်းမှာ ဒုက္ခသည် ၄၁၄ ဦး၊ စိတ္တသုခ ဘုန်းတော်ကြီးကျောင်းမှာ ၂၅ ဦး စုစုပေါင်း ၄၃၉ ဦးကို ကာကွယ်စောင့်ရှောက်ပေးထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မီးရှို့ဖျက်ဆီးမှုတွေကြောင့် လူနေအိမ် ၅ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ လုံး၊ ရုပ်ရှင်ရုံ ၁ လုံး၊ ဂိုဒေါင် ၄ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီး၊ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မေ ၂၈ ရက်နဲ့ ၂၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို့ပေါ် ဆူပူဖျက်ဆီးမှုတွေအတွင်း ဦးဆောင်ပါဝင်သူလို့ ယူဆရသူ ၂၅ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013