Home
မြန်မာသတင်း
မင်းပြားမြို့နယ်၌ တိုက်ပွဲပြင်းထန်နေပြီး၊ ကားများပိတ်မိနေ
ဝဏ္ဏခွာညို
·
July 22, 2020
109830352_1116864472002892_6850867121915643899_n
109298691_1116822198673786_7819524550826565701_n
109290608_1116822272007112_4037095898515578320_o
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး ဖားပြိုကျေးရွာ၊ ဘအောင်ချိုင်နားမှာ ဇူလိုင် ၂၂ ရက် ဒီမနက် ၁၁ နာရီခွဲလောက်က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ ဒေသခံကျေးရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ က ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါတိုက်ပွဲဖြစ်ပွားတဲ့နေရာအနီး ကျေးရွာအတွင်းကို လက်နက်ကြီးတွေ၊ ကျည်ဆန်တွေ ကျရောက်လာမှာကို စိုးရိမ်ကြောက်လန့်နေတယ်လို့ ဒေသခံ မင်းတင်းမကျေးရွာနေ အမျိုးသမီး တဦးက ပြောပါတယ်။ “တိုက်ပွဲ ဖြစ်နေပါတယ်။ သေနတ်ပစ်သံတွေ အဆက်မပြတ် ကြားနေရတယ်။ ၁၁ နာရီခွဲ လောက်က စပြီးဖြစ်တာ ၂ နာရီဝန်းကျင်အထိ ကြိုးကြားဖြစ်နေတာတွေကြားနေရတယ်။ ရွာထဲကို လက်နက်ကြီးတွေကျမှာကို စိုးရိမ်နေတယ်။” အမည်မဖော်လိုတဲ့ အမ်းသားကျေးရွာသူတစ်ဦးက “ကျမတို့ရွာက တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့ ရာမောင်တံတား တစ်ခုခြားတယ်။ ရွာသားတွေက ဘေးလွတ်ရာကို ရှောင်နေတာ တွေတော့ ရှိတယ်။ ရွာထဲမှာ လမ်းသွားလမ်းလာတွေလည်း မရှိတော့ပါ။ ရွာသားတွေလည်း စိုးရိမ်နေပါတယ်”လို့ ပြောပါတယ်။ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကလည်း ဒီမနက် ၁၁ နာရီခွဲအချိန်က လက်နက်ကြီးပစ်သံတစ်ကြိမ် ကြားလိုက်ပြီးနောက် ဒေသခံတွေကို ဖုန်းဆက်ကြည့်လိုက်တော့ ရာမောင်တံတား အရှေ့ဘက် ဆနွင်းတောင်ကြိုင်ကြားမှာ တိုက်ပွဲဖြစ်နေကြောင်း သိရတယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရန်ကုန်-စစ်တွေသွားတဲ့ ကုန်ကားတွေနဲ့ ခရီးသည်တင်ကား တချို့ ရပ်နားနေရပြီး၊ ရာမောင်းတံတား မင်းပြားဘက်ကမ်းမှာ ကားတွေပိတ်မိနေသလို ဖားပြိုဖက်ကမ်းမှာလည်း ကားတွေပိတ်မိနေတယ်လို့ ကုန်တင်ကားမောင်းသူတွေက ပြောပါတယ်။ မနေ့ကလည်း ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်း အနီးမှာ တိုက်ပွဲဖြစ်ပွားပြီး ဖားပြိုကျေးရွားက ဒေါ်မတင်ကြည် အသက်(၄၄) နှစ်မှာ နောက်ကျောမှာ ဒဏ်ရာရှိသွားပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၀ ဇူလိုင်လ ၁၆ ရက်နေ့အထိ ဒေသခံအရပ်သားသေဆုံးသူ ဦးရေမှာ ၃၀၀ နီးပါးရှိပြီး ဒဏ်ရာရရှိတဲ့ ဦးရေမှာ ၅၈၆ ဦးရှိကြောင်း သိရှိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024