DVB Logo
Home
မြန်မာသတင်း
စာရေးဆရာ ဆွေလှိုင်ဦး၏ “မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်”စာအုပ် ပြန်လည်ထွက်ရှိ
DVB
·
July 22, 2020
စာရေးဆရာ ဆွေလှိုင်ဦး၏ “မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်”စာအုပ် ပြန်လည်ထွက်ရှိ
Donate to DVB

       စာအုပ်အနေနဲ့ရော ရုပ်ရှင်အနေနဲ့ပါ အောင်မြင်ထင်ရှားခဲ့တဲ့ စာရေးဆရာ ဆွေ လှိုင်ဦးရေးသားတဲ့ “မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်”စာအုပ် ပြန်လည်ထွက်ရှိလာခဲ့ ပါတယ်။

       ဒီစာအုပ်ကိုတော့ ရုပ်ရှင်အနေနဲ့ ၂ ကြိမ်ရိုက်ကူးခဲ့ရပြီးဖြစ်ကာ သူ့ခေတ်အခါက ရုပ်ပြစာအုပ်အနေနဲ့ရော၊ အသံထွက်အော်ဒီယိုစာအုပ်အနေနဲ့ပါ ထွက်ရှိခဲ့ပြီး အောင်မြင်မှု ရရှိခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။

       ဒီဇာတ်လမ်းကတော့ တောထဲက လူဆိုးဗိုလ်ကိုသတ်ပြီး သူတို့ရဲ့ အရေးကြီးစာ ရွက်စာတမ်းတွေကို  မအေးပွင့်က ခိုးယူပြီးထွက်ပြေးခဲ့ပါတယ်။ တောထဲကနေ ပြေးဖို့ ထွက်ပေါက်လမ်း ၃၀ ရှိပြီး ဒီလမ်း ၃၀ ကနေ မလွတ်မြောက်နိုင်အောင် ရက်စက်တဲ့ လူဆိုးအယောက် ၃၀ က တလမ်းစီမှာစောင့်နေပြီး မအေးပွင့်ကို ရှင်းပစ်ဖို့ စောင့်ကြိုနေ ကြပါတယ်။ ဓားနဲ့ပတ်သက်ရင် ပစ်မလွဲတဲ့ ဓားဘခက်က မအေးပွင့်ကို ကူညီရင်း မအေး ပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် ဇာတ်လမ်းကို စတင်ဆွဲဆောင်ထားခဲ့ပါတယ်။ ထွက်ပြေး သွားတဲ့ မအေးပွင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ မှဲ့သုံးလုံးပါရှိပြီး သူ့ကို ဖမ်းမိရင် ဆုကြေးနဲ့ လူကိုပါ အပိုင်ရမယ်လို့ လူဆိုးတွေကို ကြေညာခဲ့ပါတယ်။ မအေးပွင့်ကိုယ်ပေါ်မှာ ထင်ရှား တဲ့ မှဲ့သုံးလုံးကတော့  မျက်နှာရယ် ရင်ဘတ်ရယ် ပေါ်မှာရှိနေပြီး နောက်ဆုံးတလုံးက ဘယ်မှာ ဖြစ်မလဲဆိုတဲ့ သဲလွန်စတွေနဲ့အတူ ရင်သိမ့်တုန်လျှို့ဝှက်သည်းဖိုအချစ်အက်ရှင် ဇာတ်လမ်းတပုဒ်အနေနဲ့ ပရိသတ်တွေ စွဲလမ်းခဲ့ကြရပါတယ်။

       ဒီဝတ္ထုကို ပထမဆုံး ရုပ်ရှင်ရိုက်ကူးချိန်မှာတော့ နေအောင်နဲ့ ခင်သီတာထွန်းတို့နဲ့ ရိုက်ကူးခဲ့ကာ နောက်ပိုင်းဒုတိယမြောက်ရုပ်ရှင်အနေနဲ့ နေမင်း၊ အေးမြတ်သူတို့နဲ့ ပြန် လည် ရိုက်ကူးခဲ့တာ ဖြစ်ပြီး ပရိသတ်တွေ နှစ်ခြိုက်အားပေးခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။

       လတ်တလောမှာတော့ ဒီစာအုပ်ကို ငါတို့စာပေကနေ ပြန်လည်ထုတ်ဝေခဲ့တာ ဖြစ် ပြီး ပို့ဆောင်ခ အခမဲ့နဲ့ စာအုပ်တိုက်ရဲ့ မက်ဆင်ဂျာဘော့ထ်လင့်ခ် https://webookbot.yammobots.com/Order/ShareInfo?ID=6882 ကတဆင့် မှာယူ နိုင်သလို ဖုန်းနံပါတ် 09250091913 ၊ 09972293371 ၊ 09254192489 တွေကလည်း မနက် ကိုးနာရီကနေ ညနေ ငါးနာရီအတွင်း ဆက်သွယ်မှာယူနိုင်မှာ ဖြစ်ပါတယ်။

       စာရေးဆရာ ဆွေလှိုင်ဦးကို မန္တလေးမြို့မှာ ၁၉၃၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး တပ်မ တော်(လေ)မှာ အုပ်ခွဲတပ်ကြပ်ကြီး အဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၇၆ ခုနှစ်မှာ အငြိမ်းစား ယူခဲ့တာ ဖြစ်ပါတယ်။

ဆရာ ဆွေလှိုင်ဦးဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်ချိန်ကတည်းက က လောင်အမည် မောင်ဆွေသက်နဲ့ ပြစ်မှုမဂ္ဂဇင်းမှာ စာပေတွေကို စတင်ရေးသားနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် လှျို့ဝှက်သဲဖိုမဂ္ဂဇင်းမှာ ဝတ္ထု အတို၊ အရှည်တွေ ရေးသားခဲ့ပြီး ၁၉၇၃ ခုနှစ်မှာတော့ 'အငြိုးတရစ် အဆိုးတရပ် အချစ် တဖူးငုံ' လုံးချင်း ဝတ္ထုကို စတင် ရေးသား ထုတ်ဝေနိုင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဆရာ ဆွေလှိုင်ဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၄၀ အရွယ်သာ ရှိသေးပြီး ဇနီးနဲ့ သားသမီး ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။

ဆရာ ဆွေလှိုင်ဦး ရေးသားထုတ်ဝေခဲ့တဲ့ ထင်ရှားတဲ့ စာအုပ်တွေကတော့

၁။ အငြိုးတရစ် အဆိုးတရပ် အချစ်တဖူးငုံ (၁၉၇၄)

၂။ မြသည်စံအိမ် နေညိုချိန် (၁၉၇၅)

၃။ ရွှေလှေကားနှင့် တက်ခဲ့ပါ (၁၉၇၅)

၄။ ဂျက်မ (၁၉၇၆)

၅။ မချောလေးယောက် ကိုယ်တစ်ယောက် (၁၉၇၆)

၆။ မြစံပယ်မြိုင် (၁၉၇၆)

၇။ အင့် (၁၉၇၆)

၈။ လေဟုန်စီး၍ မြေကြီးတုန် (ပထမပိုင်း) (၁၉၇၆)

၉။ လေဟုန်စီး၍ မြေကြီးတုန် (ဒုတိယပိုင်း) (၁၉၇၆)

၁၀။ နေတစ်လွှာ၊ လေတစ်လွှာ၊ မြေကမ္ဘာ (၁၉၇၇)

၁၁။ သွေးကပြောသော စကား (၁၉၇၇)

၁၂။ မချောဆယ်ယောက် ကိုယ်တစ်ယောက် (၁၉၇၇)

၁၃။ မအေးပွင့်၊ မြင့်မြင့်စန်း၊ လမ်းသုံးဆယ် (၁၉၇၇)

၁၄။ အချစ်ညရဲ့ ရင်ခုန်သံ (ပထမပိုင်း) (၁၉၇၇)

၁၅။ အချစ်ညရဲ့ ရင်ခုန်သံ (ဇာတ်သိမ်းပိုင်း) (၁၉၇၈)

၁၆။ ချစ် (၁၉၇၈)

၁၇။ တကိုယ်တော် ဘခက် (၁၉၇၉)

၁၈။ တကိုယ်တော် ဘခက်နှင့် ရင်သိမ့်တုန် ဝတ္ထုများ (၁၉၇၉)

၁၉။ မိုးပေါ်က မချော (၁၉၇၉)

၂၀။ ဈေးချိုသူ (၁၉၈၀)

၂၁။ ကြောင်ရိုင်းသုံးဆယ် (၁၉၈၄)

၂၂။ နေတစ်လွှာ၊ လေတစ်လွှာ၊ မြေကမ္ဘာ (၁၉၉၅)

၂၃။ မချောလေးယောက် ကိုယ်တစ်ယောက်

၂၄။ တတိယမြောက် မှည့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013