DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း ကျောင်းအပ်ရာတွင် အမျိုးမျိုးဖြစ်နေ
DVB
·
May 30, 2013
နိုင်ငံတ၀န်း ကျောင်းအပ်ရာတွင် အမျိုးမျိုးဖြစ်နေ
Donate to DVB

မူလတန်းကျောင်းသားတွေ ကျောင်းအပ်ရာမှာ ငွေကြေးတစုံတရာ မပေးရတဲ့အပြင်  ကျောင်းသားတဦး ငွေကျပ် ၁၀၀၀ ကျောင်းက ပြန်လည်ထောက်ပံ့ပေးနေပေမယ့် တချို့ဒေသတွေမှာ မရကြဘဲ လျှောက်လွှာကြေးဆိုပြီး ပြန်လည်တောင်းခံတာတွေ ရှိနေပါတယ်။

အခုနှစ် ကျောင်းအပ်ရာသီဟာ မေလ ၂၇ ရက်က စတင်ခဲ့ပြီး ကျောင်းသားမိဘတွေ ကျောင်းအပ်ချိန်မှာ အခုလိုမျိုး ကြုံတွေ့နေကြရတာပါ။

ဒါ့အပြင် ကျောင်းအပ်နှံရာမှာ ငွေကြေးသောင်းနဲ့ ချီပေးနေရတုန်းပဲလို့ ဒီဗွီဘီက စုံစမ်းသိရှိရပါတယ်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ကျောင်းအပ်နှံခဲ့ကြတဲ့ ကျောင်းသားတွေ ကျောင်းသားမိဘတွေနဲ့ ကျောင်းဆရာတွေကို လိုက်လံမေးမြန်းပြီး သတင်းရယူခဲ့တဲ့ ဒီဗွီဘီသတင်းထောက် ဒေါ်ညိုမာသက်က အခုလို ပြောပြပါတယ်။

“သူငယ်တန်းကနေ ၄ တန်းအထိ အခြေခံပညာ မူလတန်းကို ကျောင်းအပ်ခနဲ့ စာအုပ်ဖိုးပေးစရာမလိုဘူး။ ကျောင်းကနေ ခဲတံတို့ ခဲဖျက်တို့ ၀ယ်ဖို့ ကျပ် ၁၀၀၀ ထောက်ပံ့ကြေးပေးတယ်။”

အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေကတော့ ဖတ်စာစာအုပ်တွေ ၀ယ်ရပြီး တဦးကို ကျပ် ၂၀၀၀ ကျော်ပဲ အများဆုံး ကုန်ကျတယ်လို့ ပြောပါတယ်။

ကရင်ပြည်နယ် မြ၀တီမြို့နယ်က ကျောင်းသားမိဘတဦးကတော့ သူရဲ့ ၁ တန်းကလေးကို ကျောင်းသွားအပ်ရာမှာ ကြုံခဲ့ရပုံကို အခုလို ပြောပါတယ်။

“ဖောင်ဖြည့်ရမယ်၊ အဲအတွက် ကျပ် ၁၀၀၀ တဲ့။ စာအုပ်တွေ အခမဲ့လို့ပြောတယ်။ ဒါပေမယ့် ရတဲ့သူလည်းရ၊ မရတဲ့သူတွေလည်းရှိတယ် ကုန်သွားလို့တဲ့။ ဖတ်စာအုပ်တွေလည်း ကုန်သွားတယ်၊ အပြင်မှာ ၀ယ်တဲ့။”

ကျောင်းသွားအပ်ရာမှာ ငွေကျပ် ၅၀၀၀၀ ပေးခဲ့ရတဲ့ မော်လမြိုင်မြို့က ကျောင်းသားမိဘတဦးကလည်း အခုလို ပြောပါတယ်။

“ပို့ပေးနိုင်တဲ့သူတွေက ဒီကျောင်းအစဉ်အလာကိုပြောကြတယ်။ ခြင်း ၁ ခြင်းပါရတယ်၊ ငွေကျပ် ၅ သောင်း ပါရတယ်တဲ့။ လိုက်ပို့ပေးတဲ့သူက အဲလိုသဘောမျိုးတွေ လမ်းကြောင်းပြောတဲ့အတွက်၊ ကျောင်းသဘောတရားအရပေါ့။ ခြင်း ၁ ခြင်းဆိုလည်း ဖြစ်တယ်တဲ့။ ကျောင်းဝင်ကြေးသဘောမျိုးနဲ့ပေါ့ ပေးခဲ့ရတယ်။ အခုလက်ရှိ ခေတ်စနစ်နဲ့ဆို မြန်မာတနိုင်ငံလုံးအတွက် ဘယ်နေရာ၊ ဘယ်ကျောင်းမှာအပ်အပ် ပေးစရာမလိုပါဘူး ပြောနေပေမယ့် စကားက စကားပါပဲ။ ပေးနေရတာပါပဲ။ မပေးဘဲနေရတာ ပိုကောင်းတာပေါ့။ ပြည်သူတွေက ဆင်းရဲကျပ်တည်းကြတယ်။ ၅ သောင်းဆိုလည်း ၅ သောင်းအလျောက် တန်ဖိုးရှိကြတယ်။ ၅ သောင်းနဲ့ပြီးပြီလားဆိုလည်း မဟုတ်သေးဘူး။ နောက်လာဦးမယ် ဟိုခ ဒီခတွေ။ မပေးဘဲနေလို့ကတော့ ကြားကဆက်သွယ်ပေးတဲ့သူ လက်ခံမှာမဟုတ်ဘူး။ ကျောင်းကတာဝန်ရှိ ဆရာ၊ ဆရာမတွေကလည်း အဲလိုလာရကောင်းလား၊ ဒီလိုမျိုး အယူအဆမရှိဘူးဆိုပြီး ငြင်းပယ်ရင် ငြင်းပယ်မယ်လေ။”

မော်လမြိုင်မြို့ တောင်ကုန်းမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းတင်ရီက သူတို့ရဲ့အခက်အခဲကို ခုလို ပြောပြပါတယ်။

“၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကစပြီး ကျောင်းအုပ်တွေအတွက် အသေးသုံးဆိုပြီးပေးပါတယ်။ ပရိဘောဂကြေးဆိုလည်း သိန်းဂဏန်းမပြည့်ဘူး။ နောက် စာအုပ်စာတမ်းဝယ်ဖို့၊ မြက်ရှင်းခတွေ ဘာတွေကအစ မနှစ်က ပညာသင်နှစ်က စပေးလာတယ်။ လုံလောက်မှုတော့ မရှိပါဘူး။ ဒါပေမယ့် ပေးတာ တော်သေးတာပေါ့၊ မရတာထက်စာရင်။ အလှူငွေမရှိတဲ့ ကျောင်းက ရပ်တည်ဖို့ခက်ခဲတယ်။ မြို့နယ်ပညာရေးမှူးကလည်း ကျောင်းအားလုံးရဲ့ အသေးစိတ်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘူးလေ။ ကျောင်းတွေက သက်တမ်းကြာပြီဆိုတော့ အုတ်တွေ ပေါက်နေမယ်၊ ခေါင်မိုး မိုးယိုတာတွေ ရှိမယ်လေ။ မြို့နယ်ပညာရေးမှူးက ၁ လ ၁ ကြိမ် အစည်းအဝေး၊ ကြားဖြတ်အစည်းအဝေးလည်း ခေါ်လေ့ရှိတယ်။ ပြဿနာမဖြစ်အောင်နေကြဖို့၊ အလှူငွေကိစ္စနဲ့ ပတ်သက်လို့ တိုင်စာတွေ တက်လာခဲ့ရင်လည်း အမေးအမြန်းမရှိ အရေးယူမယ်ပြောတယ်။ ကျမတို့ ကျောင်းအုပ်တွေက အလုပ်လုပ်ရတယ် အဲလိုတွေဆိုတော့ စိတ် ဖိအားဖြစ်တာပေါ့။ ကိုယ်တွေက တကျောင်းလုံးအတွက်လည်း တာဝန်ခံထားရတယ်။ တိုင်စာ၊ ပစ်စာတို့က ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ မစိစစ်ဘူးဆိုတော့ ကျောင်းအုပ်တွေ၊ ဆရာ ဆရာမတွေဟာ လူတွေပဲလေ။ သူတို့မှာ ချစ်တဲ့သူ၊ မုန်းတဲ့သူ ရှိကြတာပဲ။ အဲတော့ ဒီအချက်ကို ကိုင်ပြီး မလိုလားတဲ့သူကများ မဟုတ်မမှန် လုပ်ကြံ တိုင်လိုက်မယ်ဆိုရင် သက်သက်မဲ့အရေးယူခံရမယ်ဆိုရင် ပညာရေးဝန်ထမ်းတွေအတွက် အင်မတန်နှမြောဖို့ ကောင်းပါတယ်။”

အခုပညာသင်နှစ်ကစပြီး မူလတန်းကလေးတွေ ကျောင်းအပ်ရာမှာ ကျောင်းသားတဦးကို ကျောင်းသုံးဖတ်စာစာအုပ်တွေနဲ့ ဗလာစာအုပ် ၆ အုပ်တို့ အခမဲ့ပေးတဲ့အပြင် လိုအပ်တဲ့ စာရေးကိရိယာဝယ်ဖို့ ငွေကျပ် ၁၀၀၀ ကိုလည်း သက်ဆိုင်ရာက ထောက်ပံ့ပေးခဲ့ပါတယ်။

ကျောင်းသားလက်ခံတဲ့နေရာမှာ အခကြေးငွေ တစုံတရာ မယူဖို့နဲ့ အလှူငွေ ကောက်ခံတာ မလုပ်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကျောင်းတွေမှာ လိုက်လံကြီးကြပ် စောင့်ကြည့်တယ်လို့လည်း သိရပါတယ်။

၂၀၁၂ ခုနှစ် စာရင်းတွေအရ တနိုင်ငံလုံးမှာ အခြေခံပညာ ကျောင်းပေါင်း ၅၂၁၆၁ ကျောင်းရှိပြီး ကျောင်းသားကျောင်းသူ ၈၂ သိန်းကျော် တက်ရောက်နေတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013