DVB Logo
Home
မြန်မာသတင်း
ပျားရည်အထွက်နှုန်းကျဆင်းပြီး ပြည်ပတင်ပို့မှုလျော့နည်းသွားသဖြင့် ပျားမွေးမြူရေးလုပ်ငန်း အရှုံးပေါ်
DVB
·
July 22, 2020
ပျားရည်အထွက်နှုန်းကျဆင်းပြီး ပြည်ပတင်ပို့မှုလျော့နည်းသွားသဖြင့် ပျားမွေးမြူရေးလုပ်ငန်း အရှုံးပေါ်
1 / 5
Donate to DVB

မကွေးတိုင်းအတွင်း သီးနှံပင်တွေ အပွင့်ပွင့်တဲ့အချိန်မှာ မိုးရွာသွန်းမှု နည်းပါးတဲ့အတွက် ပျားရည်အထွက်နှုန်း ကျဆင်းနေသလို ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့်လည်း ပြည်ပတင်ပို့မှု လျော့နည်းသွားလို့ ပျားရည်စျေးနှုန်း ကျဆင်းကာ ပျားမွေးမြူရေးလုပ်ငန်းရှင်တွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

ပျားရည် တပိဿာကို အရင်နှစ်တွေက ကျပ် ၃၀၀၀ အထိ ရောင်းချခဲ့ရပေမဲ့ အခုနှစ်မှာတော့ ကျပ် ၂၀၀၀ ဈေးလောက်နဲ့ပဲ ရောင်းချရတဲ့အတွက် ပျားမွေးမြူသူတွေ အရှုံးပေါ်နေတာပါ။ 

မကွေးမြို့နယ် ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းရှင် ဦးအောင်မင်းက “ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် စျေးနှုန်းကျဆင်းနေချိန်မှာ မိုးရွာသွန်းမှု နည်းပါးပြီး သီးနှံတွေ ပျက်စီးသလို ပျားရည်အထွက်နှုန်း ကျဆင်းလို့ အရှုံးပိုများနေတာပါ။”လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပျားရည် တန်ချိန် ၅၀၀၀ ခန့်ထွက်တယ်လို့ သိရပြီး တန်ချိန် ၃၅၀၀ လောက်ကို ပြည်ပကို တင်ပို့ကာ တန်ချိန် ၁၅၀၀ လောက်ကို ပြည်တွင်းမှာ ရောင်းချတာဖြစ်ပါတယ်။

ပွင့်ဖြူမြို့နယ် ပျားလုပ်ငန်းဦးစီးဌာန  ဦးစီးအရာရှိ ဦးကျော်ဌေးက “တပိုင်တနိုင် ပျားမွေးမြူရေးလုပ်ငန်းဟာ ပန်းပွင့်ရှိတဲ့နေရာကို ရွှေ့ပြောင်းမွေးမြူလို့ရတဲ့လုပ်ငန်းဖြစ်လို့ တောင်သူနဲ့စာရင် အဆင်ပြေတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် ပျားမွေးမြူသူ တိုးလာတယ်။ မကွေးတိုင်းအနေနဲ့ နှမ်းပျားရည်နဲ့ ဇီးပျားရည်ကို အဓိက ထုတ်လုပ်နိုင်ပြီး နေကြာ၊ ပန်းနှမ်း၊ ပဲစိမ်းငုံ ပျားရည်တော့ အနည်ငယ်သာ ထုတ်လုပ်နိုင်တယ်။ ပျားပုံးတစ်ပုံးကို တစ်သိန်းကျပ်ဝန်းကျင် ကုန်ကျပြီး အနည်းဆုံး ပုံး ၃၀ ကနေ ပုံး ၅၀၀ ကျော်အထိ မွေးမြူကြပြီး ပျားပုံးတစ်ပုံးကို ပျားရည် ပေါင် ၁၀၀ ထိ ထွက်တယ်” လို့ ပြောပါတယ်။

မကွေးတိုင်းအတွင်း အဓိက ပျားမွေးမြူတာကတော့ ဧပြီလ၊ မေလတွေမှာ ရေသွင်းနှမ်း စိုက်ပျိုးတဲ့ ပွင့်ဖြူ၊ စလင်း၊ မင်းဘူး၊ စကုမြို့နယ်တွေမှာဖြစ်ပါတယ်။

မိုးနှမ်းရာသီဖြစ်တဲ့ ဇွန်၊ ဇူလိုင်လတွေမှာတော့ မကွေးမြို့နယ်အတွင်းမှာ မွေးမြူကြပြီး စက်တင်ဘာ၊ အောက်တိုဘာလ ဇီးရာသီမှာတော့ မကွေးတိုင်းအတွင်းက နေရာတချို့နဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ အများဆုံး မွေးမြူကြတယ်။ 

စလင်းမြို့နယ် ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်းရှင် ဦးထွန်းဝေက “ပျားပုံးတွေ ချတဲ့အခါမှာ ဝတ်မှုံကူးပြီး သီးနှံအထွက်တိုးတာကို နားလည်တဲ့သူ ရှိသလို၊ နားမလည်တဲ့ တောင်သူတချို့ကို ရှင်းပြပြီးမှ ချရတာဖြစ်လို့ အဆင်မပြေတာတွေ ရှိတယ်။ ဒါ့အပြင် အခင်းတွေမှာ ပိုးသတ်ဆေးတွေ သုံးတာကြောင့် ဝတ်မှုံကူးတဲ့အလုပ်ကို အဓိကလုပ်ဆောင်ပေးတဲ့ ပျား၊ ပိတုန်း၊ လိပ်ပြာတွေ သေဆုံးကြပြီး တချို့ ငယ်ရွယ်တဲ့ကလေးတွေဆိုရင် ပိတုန်းနဲ့ လိပ်ပြာကို မမြင်ဖူးကြတော့တဲ့ အခြေအနေပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ပုဂ္ဂလိက ပျားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၇၅ ဦး ရှိပြီး မြန်မာနိုင်ငံက ပျားရည်ကို ဂျပန်၊ အမေရိကန်၊ ကနေဒါ၊ ကိုရီးယား၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကို အဓိက တင်ပို့ ရောင်းချတာ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပျားလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013