Home
မြန်မာသတင်း
မင်းပြားမြို့နယ်၌ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံအမျိုးသမီး ၁ ဦးဒဏ်ရာရ
ဝဏ္ဏခွာညို
·
July 21, 2020
110941053_1115892662100073_7167572893363473118_n
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီးမှာ ဇူလိုင် ၂၀ ရက် ည ၉ နာရီလောက်က  တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံကျေးရွာသူ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံကျေး ရွာသားတွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေက ဒီဗွီဘီကိုပြောပါတယ်။ ကျေးရွာသူ ဒေါ်မတင်ကြည် ၄၄ နှစ်မှာ တိုက်ပွဲဖြစ်နေစဉ် နေအိမ်ပေါ်မှ အိမ်အောက်ကို ဆင်းပြေးစဉ် နောက်ကျောကို ဆံကျည်သွားပြီး မင်းပြားမြို့ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ မိသားစုဝင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကပြောဆိုပါတယ်။ ဒဏ်ရာရရှိခဲ့သူ ဒေါ်မတင်ကြည်ရဲ့မိသားစုဝင်ကိုရွှေကျော်တင်က” သူမက သေနတ်သံကြားတာနဲ့ အိမ်အောက်ကိုဆင်းပြေးတယ်။ ဆံကျည်ထိသွားတာပါ။ နောက်ကျောကုန်းမှာ ထိသွားတာပါ။ အသက်ရှုကျပ်နေတယ်။ သူမကိုတော့ မင်းပြားဆေးရုံကို ပို့လိုက်ပြီးဆေးကုသမှုခံယူနေရပါတယ်”လို့ပြောပါတယ်။ အဆိုပါတိုက်ပွဲဖြစ်ပွားတဲ့နေရာက ဖားပြိုကျေးရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်းမကြီးမှာ မနေ့ညနေ ၉ နာရီအချိန်က ၁၂ နာရီအချိန်ထိ သေနတ်သံတွေ၊ လက်နက်ကြီးပစ်သံတွေ အဆက်မပြတ်ကြားနေရတယ်လို့ ဖားပြိုကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ဖားပြိုကျေးရွာနားမှာ တိုက်ပွဲဖြစ်တယ်လို့ ဒေသခံတွေဖုန်း ဆက်ပြီးတော့ ပြောလာတယ်။ ချင်းတိုင်းရင်းသူအမျိုးသမီးတစ်ဦး ကျည်ထိမှန်သွားတယ်လို့လည်းပြောတယ်”လို့ ပြောပါတယ်။ အခုရက်ပိုင်းမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ မင်းပြားမြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲဖြစ်ပွားနေပြီး ရသေ့တောင်ဘက်က  သောင်းချီတဲ့ ဒေသခံတွေဟာ စစ်တွေမြို့ပေါ်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းစတဲ့နီးစပ်ရာတွေကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024