DVB Logo
Home
ဆောင်းပါး
အတိုက်အခံအဖြစ် ပိုပြီး ပီပီပြင်ပြင် မြင်လာရတော့မယ့် ဒေါ်အောင်ဆန်းစုကြည်
DVB
·
May 30, 2013
အတိုက်အခံအဖြစ် ပိုပြီး ပီပီပြင်ပြင် မြင်လာရတော့မယ့် ဒေါ်အောင်ဆန်းစုကြည်
1 / 3
Donate to DVB

မကြာသေးခင် ကာလတုန်းကအထိ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အားမလို အားမရ ဝေဖန်သံတွေ အတော်ထွက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ပြီး လွှတ်တော်ထဲ ရောက်သွားပြီ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုတာလည်း လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ရခိုင်အရေးနဲ့ ကချင်အရေးတွေမှာလည်း ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေတယ်၊ အာဏာရနေတဲ့ စစ်ဗိုလ်တွေနဲ့ပဲ ရင်းနှီးအောင် ပေါင်းနေလို့ တို့တိုင်းရင်းသားတွေအတွက် သူ့ကို မျှော်လင့်လို့ မရတော့ဘူး စတဲ့ အသံဗလံ ပေါင်းစုံ ဖြစ်ပါတယ်။

အခုရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဆက်တိုက် ပြောလာတဲ့စကားတွေကို ကြည့်လိုက်ရင် အဲဒီ ဝေဖန်သံတွေ မမှန်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်အချိန်ကစပြီး အတိုက်အခံနိုင်ငံရေးသမား ပီပီသသ ပြန်မြင်ကြရတော့မယ်လို့ မှန်းဆနိုင်လောက်တဲ့ လှုပ်ရှားပြောဆိုမှုတွေ တွေ့လာရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာတွေပြောခဲ့လဲ။ အဲဒါတွေအတွက် သူ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားပါမယ်။

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ရောက်တုန်း ပြောတဲ့စကား၊ နိုင်ငံခြားသတင်းဌာနနဲ့ တွေ့တဲ့ အချိန် ပြောတဲ့စကား၊ ခုရက်ပိုင်း ကျင်းပနေတဲ့ အန်အယ်လ်ဒီဗဟိုကော်မတီ အစည်းအဝေးမှာ ပြောတဲ့ စကားတခွန်းကတော့ အစိုးရအဖွဲ့သစ် တက်လာတာ ၃ နှစ်ထဲ ၀င်လာပြီ။ ပြည်သူလူထုတွေရဲ့ ဘ၀ သိသိသာသာ တိုးတက်ပြောင်းလဲလာတာ မရှိသေးဘူးလို့ ဆိုလိုက်တာပါပဲ။ ဒါက အစိုးရကို တိုက်ရိုက် ဝေဖန်လိုက်တဲ့ သဘောပါ။ နောက် မေ ၂၇ ရက်နေ့ ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးနဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေးဘက်မှာ သိပ်ပြီး အပြောင်းအလဲ မရှိဘူး။ ပြည်တွင်းငြိမ်းချမ်းရေး ဘက်မှာလည်း တိုးတက်သင့်သလောက် တိုးတက်မှုမရှိသေးဘူးလို့ ထပ်ပြီး ဝေဖန်ပါတယ်။ ဒီအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်လာတယ် ဆိုတာ ပိုပြီး သေချာလာတယ်လို့ ထောက်ပြပါတယ်။

တဆက်တည်း အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၃ နှစ်အတွင်း မူးယစ်ဆေးဝါးကိစ္စ ပိုပြီးဆိုးလာတဲ့အကြောင်း၊ သူသိသလောက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာက မူးယစ်ဆေးဝါး ပြဿနာကို သိပေမယ့် လျစ်လျူရှုထားပြီး အရေးမယူဘူးလို့ နားလည်တဲ့အကြောင်း၊ တချို့နေရာတွေမှာ မူးယစ်ဆေးဝါးလုပ်ကိုင်သူတွေနဲ့ ပူးပေါင်းမှုတွေတောင် ရှိတယ်လို့ ကြားရတဲ့အကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပါသေးတယ်။

အခုရက်ပိုင်း အစိုးရလုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်တာ ဒီလောက် မကသေးပါဘူး။ ကျင်းပပြီးသွားတဲ့ လွှတ်တော် အထူးအစည်းအဝေးအတွင်း မိတ္ထီလာမှာ သမ္မတ အမိန့်နဲ့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့တာ၊ အဲဒါကို အတည်ပြု သက်တမ်းတိုးပေးဖို့ တောင်းဆိုတာကိုလည်း ထိထိရောက်ရောက် ဝေဖန်ခဲ့ပါသေးတယ်။

အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ပြတာက အကြမ်းဖက်မှုတွေ ဖြစ်ပွားလာချိန် ရဲတပ်ဖွဲ့ဝင်တွေ အပါအ၀င် အုပ်ချုပ်ရေးဆိုင်ရာအပိုင်းက အစွမ်းကုန် လုပ်စရာရှိတာတွေ လုပ်ခဲ့ရဲ့လား၊ လုပ်ခဲ့ပြီး မနိုင်တော့မှ စစ်တပ်ကို ခေါ်တာလား။ နောက် လက်ရှိ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထားချိန်မှာလည်း အခြေအနေ ပြန်လည်တည်ငြိမ်အောင် ဘာတွေ လုပ်ကိုင်ဆောင်ရွက်ပြီးပြီလဲ၊ ရက်ပေါင်း ၆၀ တိုင်အောင် ဘာတွေ လုပ်ကိုင်ဆောင်ရွက်လို့ မအောင်မမြင်ဖြစ်ပြီး စစ်အုပ်ချုပ်ရေး သက်တမ်းတိုးဖို့ လိုအပ်ရတာလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေနဲ့ စစ်ဘက် အုပ်ချုပ်ရေးဆိုင်ရာတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာလည်း ထင်သာမြင်သာ မရှိတဲ့အတွက် သူ့အနေနဲ့ ဝေဖန်ဆန်းစစ်စရာ ဘာအချက်အလက်မှ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ လွှတ်တော်အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ အမတ်တွေ ပြောဆိုခဲ့တာတွေ ဘာမှ မထိရောက်ခဲ့ပါဘူး။

ဒါတင်မက ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေ အဓိက နေထိုင်တဲ့ မြို့ ၂ မြို့က အစ္စလာမ်မိသားစုတွေအနေနဲ့ တအိမ်ထောင် ကလေး ၂ ယောက်ထက် ပိုမယူရဘူးဆိုပြီး အစိုးရက ဒေသန္တရအမိန့် ထုတ်ပြန်ထားတာဟာ ခွဲခြားမှုဖြစ်ပြီး လူအခွင့်အရေး ချိုးဖောက်တာလည်း ဖြစ်တဲ့အကြောင်း ရဲရဲတင်းတင်း ဝေဖန်ပါတယ်။

ပြောရရင် ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမတ် ၄၀ ကျော် လွှတ်တော်ထဲ ရောက်သွားပြီးနောက်ပိုင်း အစိုးရအဖွဲ့အပေါ် ဝေဖန်သုံးသပ်မှုတွေဟာ ခုတကြိမ်မှာ အပြင်းထန်ဆုံးနဲ့ အကြိမ်ရေအများဆုံး ကာလလို့လည်း ပြောနိုင်ပါတယ်။ ဒါတွေကြည့်ရင် ရှေ့လျှောက် ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်ရမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၊ တရားဥပဒေစိုးမိုးမှု ရှိလာအောင် လုပ်ရမယ့်ကိစ္စတွေမှာ စိန်ခေါ်မှုတွေ အများကြီး ကြုံတွေ့ရမှာဖြစ်ပြီး အတိုက်အခံပီသတဲ့ ပုံသဏ္ဌာန်ကို ပြန်လည် မြင်တွေ့ကြရတော့မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013