Homeမြန်မာသတင်း
ကမ္ဘာပေါ်တွင် တရုတ်တပ်မတော်နေ့သဝဏ်လွှာ အစောဆုံးပေးခဲ့သူ မြန်မာကာချုပ်ဖြစ်ဟု တရုတ်ချီးကျူး
ကမ္ဘာပေါ်တွင် တရုတ်တပ်မတော်နေ့သဝဏ်လွှာ အစောဆုံးပေးခဲ့သူ မြန်မာကာချုပ်ဖြစ်ဟု တရုတ်ချီးကျူး
DVB
·
July 17, 2020

တရုတ်တပ်မတော်နေ့ အထိမ်းအမှတ်သဝဏ်လွှာကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေအထဲမှာ မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အစောဆုံးပေးပို့ခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း တရုတ်ဘက်က ပြောကြားလိုက်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်၊ စစ်သံမှူး ဝါရင့်ဗိုလ်မှူးကြီး Xiong Shaowei တို့နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၁ ရက်နေ့မှာ ကျရောက်မယ့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထူထောင်တဲ့ (၉၃) နှစ်မြောက်နေ့ အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်တွေ၊တပ်မတော်အကြီးအကဲတွေက တရုတ်နိုင်ငံသို့ ပေးပို့ခဲ့ပြီး မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အစောဆုံးပေးပို့ခဲ့တဲ့အတွက် တရုတ်တပ်မတော်မှ ဝမ်းမြောက်ဂုဏ်ယူကြောင်း ဆွေးနွေးပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
တွေ့ဆုံရာမှာ တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆက်လက် အကူအညီပေးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ဖို့ ထောက်ခံအားပေးကြောင်းနဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှုတွေကို အတူတကွ ကန့်ကွက်သွားမယ်လို့ ပြောတဲ့ အကြောင်းလည်း တရုတ်သံရုံးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဟောင်ကောင်အရေးဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးသာဖြစ်ပြီး တခြားနိုင်ငံတွေက ဝင်ရောက်စွက်ဖက်ခွင့်မရှိလို့ ယူဆကြောင်း၊ မြန်မာ့တပ်မတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံရဲ့ ထောက်ခံအားပေးမှုနဲ့ အကူအညီတွေ ပေးတဲ့ အပေါ်ချီးကျူးတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတည်ငြိမ်အေးချမ်းရေးအတွက် လက်တွေ့ကျကျ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ့်အခြေအနေတွေ၊ နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးတို့မှာ တပ်မတော်နှစ်ရပ်အကြား သတင်းအချက်အလက်နဲ့ နည်းပညာများဖလှယ်ကာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ လည်းသိရပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ တရုတ်နိုင်ငံက ဦးဆောင် အကောင်အထည်ဖော်နေတဲ့ “Belt and Road” စီမံကိန်းနဲ့ မြန်မာ-တရုတ်စီးပွားရေးစင်္ကြံတည်ဆောက်ရေးကို ထောက်ခံအားပေးကြောင်း ဒီလို ဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမယ်လို့ ယုံကြည်ကြောင်းလည်း ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံရဲ့ မဏ္ဍိုင် (၃) ရပ်ဖြစ်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေးဇုန်နဲ့ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အပြင် လျှပ်စစ်ဓာတ်အား၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး စတဲ့ စီမံကိန်းတွေကို စိုက်မတ်မတ်တွန်းအားပေးဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ တရုတ်သံအမတ်က ပြောပါတယ်။
ဒါ့အပြင် မြ၀တီမှာ ဆောင်ရွက်နေတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းဟာ တရုတ်နိုင်ငံက ဆောင်ရွက်နေတဲ့ OBOR စီမံကိန်းနဲ့ လုံး၀ သက်ဆိုင်ခြင်းမရှိဘဲ ကုမ္ပဏီတစ်ခုက လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ တရုတ်ဘက် ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို တရုတ်က လက်နက်ထောက်ပံ့မှုရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတကာသတင်းတွေထွက်လာပြီးနောက်မှာ မြန်မာ့တပ်မတော်အကြီးအကဲနဲ့ တရုတ်သံအမတ်ကြီးတို့ ခုလို တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ-DISINFO