DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရန် စတင်လျှောက်လွှာတင်နိုင်ပြီ
DVB
·
July 17, 2020
ထိုင်းရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရန် စတင်လျှောက်လွှာတင်နိုင်ပြီ
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေလည်း ကြိုတင်မဲပေးနိုင်ဖို့ လုပ်ဆောင်ရမှာတွေနဲ့ ပတ်သက်ပြီး    မြန်မာသံရုံးကနေ အသိပေးကြေညာ ထားပါတယ်။ 

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ / ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ကြိုတင်မဲထည့်ဖို့ အတွက် အရင်ဆုံး ပုံစံ-၁၅ လျှောက်လွှာပေါ်မှာ မိမိကိုယ်ရေးအချက်အလက်တွေ ဖြည့်သွင်းရမှာ ဖြစ်တာကြောင့် အဆိုပါပုံစံ ၁၅ ကို ဘန်ကောက် မြန်မာသံရုံးမှာရော ချင်းမိုင်ရှိ မြန်မာ ကောင်စစ်ဝန်ရုံးမှာ ကိုယ်တိုင်လာယူနိုင်သလို အွန်လိုင်းဝက်ဆိုက်လင့်ခ်တွေကနေလည်း ရယူနိုင် တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ပါတယ်။ 

အချက်အလက်ဖြည့်ပြီးရင်  အဆိုပါလျှောက်လွှာကို မြန်မာသံရုံး/မြန်မာကောင်စစ်ဝန်ရုံးသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှလည်းကောင်း / အီးမေးလ်မှလည်းကောင်း  ၂၀၂၀ ဇူလိုင် ၁၆ ရက်မှစပြီး  ၂၀၂၀ ဩဂုတ်လ ၅ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမယ်လို့ ဆိုပါတယ်။ 

လျှောက်လွှာတင်ထားသူတွေရဲ့အမည်ဟာ မိမိကျေးရွာ /ရပ်ကွက်တွင်းရှိ မဲဆန္ဒရှင်စာရင်း ထဲပါမပါ စိစစ်ဖို့အတွက် သံရုံးကနေပြီး အဆိုပါလျှောက်လွှာတွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တဆင့် ရွေးကောက်ပွဲကော်မရှင်သို့ ပို့ပေးမှာ ဖြစ်ပါတယ်။ 

မဲပေးခွင့်အမည်စာရင်းကျလာမှ သက်ဆိုင်ရာသံရုံး/ ကောင်စစ်ဝန်ရုံးမှာ ကြိုတင်မဲလာ ထည့်ရမှာ ဖြစ်ပါတယ်။ 

ဒီအစီအစဉ်ဟာ ဘန်ကောက်နဲ့ ချင်းမိုင်အနီးတဝိုက်က မြန်မာတွေအတွက်တော့ အဆင်ပြေပြီး  ထိုင်းတောင်ပိုင်းနဲ့ အခြားခရိုင်ရောက်အလုပ်သမားတွေအတွက်တော့ ဆန္ဒမဲလာပေး နိုင်ဖို့ မလွယ်ကူဘူးလို့  မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှား မှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးရှိနေတဲ့ မဲဆောက်တို့ ရနောင်းတို့ စူရတ်ဌာနီ၊ နောက် ကျွန်းစုမှာနေနေတဲ့ လူတွေကတော့ ဘန်ကောက်ထိ မဲသွားပေးရမှာ အဆင်မ ပြေပါဘူး ခင်ဗျာ။ အများစုက ရွှေ့ပြောင်းလုပ်သား အခြေခံလူတန်းစားတွေလေ၊ လမ်းပန်း ဆက်သွယ်ရေး၊ ခရီးစားရိတ်၊ တည်းခိုဖို့ စရိတ်စကတွေရှိသေးတယ်၊ လုပ်အားခကလည်း အင်မတန် နည်းတယ်လေ၊ ဘန်ကောက်ထိမဲသွားပေးကြဖို့တော့ တတ်နိုင်မယ်မထင်ဘူး။ မဲပေးခွင့်ရှိတဲ့ လူဦးရေကတော့ များမှာပေါ့ ၊ ကျနော်တို့ မဲဆောက်တစ်ခုတည်းတင် မြန်မာအလုပ်သမား ၂ သိန်း ရှိ တယ်။ အသက် ၁၈ နှစ်ပြည့် မြန်မာနိုင်ငံသား ၆ သောင်းကျော်ရှိတယ်၊ ကျနော်ကိုယ်တိုင်ကတော့ မြန်မာပြည်ပြန်ပြီး ကိုယ်တိုင်ကိုယ်ကျ မဲသွားထည့်မှာပါခင်ဗျ။”

အလားတူ ချင်းမိုင်အခြေစိုက် ရွေ့ပြောင်းလုပ်သားများ ကျန်းမာရေးနဲ့ ပညာပေး လုပ်ငန်းဆောင်ရွက်နေတဲ့ မက်ပ်ဖောင်ဒေးရှင်းမှ စိုင်းဟတ်မိုင်းကလည်း  ကျေးလက်တောရွာကနေ ထိုင်းမှာအလုပ်လာလုပ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် မဲပေးဖို့တော့ မလွယ်ကူကြောင်း ပြောပါတယ်။ 

“ဒီထိုင်းမြောက်ပိုင်းဘက်က မြန်မာနိုင်ငံသား အလုပ်သမားတွေကတော့ တောင်ပေါ်ကျေး လက်တောရွာကနေ လာတာများပါတယ်။ အများအားဖြင့် တိုင်းရင်းသားတွေ ပုံစံ ၁၅ ဖြည့်ဖို့ဆိုတာ မြန်မာစကားမတတ်၊ မြန်မာစာမတတ် အင်္ဂလိပ်ဆိုပိုဝေးသေး၊ ချင်းမိုင်ထိ လာဖို့ကလည်း ဒီ ကိုဗစ်-၁၉ ကာလမှာ ခရီးသွားခွင့်တွေ ဘာတွေ တောင်းရဦးမှာနဲ့ဆို  မလွယ်ပါဘူးခင်ဗျ။ ကျနော် အထင်တော့ လူနည်းစုလောက်ဘဲ ကောင်စစ်ဝန်ရုံးမှာ ကြိုတင်မဲလာထည့်နိုင်မယ်။ ”

ထိုင်းမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်း၊ လမ်းဖွန်း၊ လမ်းပန်း၊ ဥဘွန်းရာ့ချ်ဌာနီ၊ ဖရယ့်၊ နန့်၊ ဖယောင်း၊ မယ်ဟောင်ဆောင် စတဲ့ ခရိုင်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့  ကြိုတင်မဲထည့်ဖို့ကိစ္စ ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးထံ ဆက်သွယ်ဆောင်ရွက်ဖို့ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးက ကြေညာထားပါတယ်။

ထိုင်းနိုင်ငံရဲ့ တခြားဒေသက ရွှေပြောင်းအလုပ်သမားတွေပါ ဆန္ဒမဲထည့်နိုင်ဖို့ ဆိုရင်တော့ မြန်မာအလုပ်သမားသံအရာရှိတွေ ရောက်ရှိနေတဲ့ ဒေသတွေမှာပါ မဲပုံးထားပေးဖို့ ဦးမိုးကြိုးက အကြံပြုပါတယ်။ 

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ တရားဝင်အနေနဲ့ရော တရားမဝင်အနေနဲ့ပါ စုစုပေါင်း ၃ သန်းကျော် ဝင်ရောက်လုပ်ကိုင်နေထိုင်နေကြတယ်လို့ မြန်မာနိုင်ငံ အလုပ်သမား ၊ လူ ဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်း ထိုင်းနိုင်ငံရောက် သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားရွေ့ပြောင်းလုပ်သားတွေ မဲပေးခွင့် ဆုံးရှုံးခဲ့ကြပါတယ်။ 

ကြိုတင်မဲပေးနိုင်ဖို့ ပုံစံ ၁၅ လျှောက်လွှာတွေကို အောက်ပါလင့်ခ်တွေမှာ ဒေါင်းလုတ်ယူ နိုင်ပါတယ်။ 

https://mcgchiangmai.org/2020general-election.html?fbclid=IwAR0Bw7-UaUA_cRdH-llRl6g4QgmUKxusQitTVAqhXPqXteHfbQ-RWcfIC7s

https://mcgchiangmai.org/images/pdf/2020-election-form.pdf?fbclid=IwAR05OF9K87Miza-sx-8ac6WgPRx5QmXFPMlrxczcZ6L1vcYfUIIXu7WIR14

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013