DVB Logo
Home
Lead Story
အကြွေး ငါးသိန်းကိုယ်စီ ပန်းချီကား
DVB
·
July 17, 2020
အကြွေး ငါးသိန်းကိုယ်စီ ပန်းချီကား
1 / 4
Donate to DVB

ပန်းချီတကား၊ လူများအပေါ်

အတွေးခေါ်ပြောင်း၊ စွမ်းအားကောင်းရှိ

တစ်ယောက်သိလာ၊ တရာကူးမည်

ပန်းချီမောင်ဒီ၊ ပြောပြသည်။ 



အသက် ၇၉ နှစ်ရှိ ဆရာကြီး ပန်းချီမောင်ဒီဟာ ကလသာ Kalasa ပန်းချီပြခန်းမှာ ၂၀၂၀ ပြည့်နှစ် မတ်လ ၅ ရက်က ၁၀ ရက်ထိ  Global Village Art Exhibition ပြပွဲပြုလုပ်ခဲ့တယ်။ 

အသက် ၈၀ ပြည့်တော့မယ့် အနုပညာရှင်ကြီးက ကဗျာလည်း ရေးတယ်။ ပန်းချီလည်း ရေးတယ်။ အဲ့သည်မှာ သူ့ကို မေးမြန်းခွင့်ရခဲ့တယ်။ ဒါ့အပြင် အလှသစ်ပန်းချီပြခန်းမှာလည်း ၂၀၂၀ ပြည့် ဖေဖော်ဝါရီ ၁၄ ကနေ ၁၈ တိုင် Colour Poetry ကဗျာနဲ့ ပန်းချီစုစည်းမှု Poet’s Art-2020 စုပေါင်း အနုပညာပြပွဲမှာ သူ့ကဗျာပန်းချီကားတွေ ပါဝင် ပြသခဲ့တယ်။

ဝုန်းဒိုင်းကြဲလိုက်ပုံက ပန်းချီကားရေးအပြီး ဒီပန်းချီကားချပ်အပြည့် ကဗျာတွေရေး ပစ်လိုက်တယ်။ ဒီအကြောင်းတွေ မပြောခင် ကွယ်လွန်သူ နာမည်ကျော် အဆိုတော်ခင်ဝမ်းရဲ့ အိုမောင်ဒီ သီချင်းလေးကို ကြည့်လိုက်ကြရအောင်ဗျာ။ 

အို မောင်ဒီ (ရေး/ဆို- ခင်ဝမ်း)

အို မောင်ဒီ ခင်ဗျားနဲ့ ကျနော် လမ်းကြိုလမ်းကြား လျှောက်သွားခဲ့တုန်းက အကြောင်းတွေ သတိရမိတယ်။ 

မြင်ခဲ့ရသမျှ လောကရဲ့အလှအပ ခင်ဗျား ထွင်းဖောက်ယူခဲ့ပုံ။

အို မောင်ဒီ ခင်ဗျားနဲ့ကျနော်  လမ်းဘေးက ကော်ဖီဆိုင် ထိုင်ခဲ့တုန်းက အကြောင်းတွေ အမှတ်ရမိတယ်။

လူတယောက်ရဲ့ ဘဝ ဖြတ်သန်း နိုင်သမျှ ခင်ဗျား ရယူခဲ့တာ။ 

အို မောင်ဒီ ခင်ဗျားနဲ့ ကျနော် လောကထဲကို ဖြတ်သန်းခဲ့တုန်းက အကြောင်းတွေ လွမ်း ဆွတ်မိတယ်။

တွေ့ကြုံခဲ့ရ ခံစားခဲ့ကြ ခင်ဗျား စိတ်တည်ငြိမ်ခဲ့ပုံ။

ဒါကတော့ တေးရေး တေးဆို ကျနော်တို့သိပ်ကြိုက်တဲ့ ခင်ဝမ်း ရေး ဆို အိုမောင်ဒီ သီချင်းပေါ့။ ခင်ဝမ်း လေးစားတဲ့ မောင်ဒီကို တွေ့ဆုံမေးမြန်းအပြီးမှာ ကျနော်လည်း ပန်းချီမောင်ဒီကို အရမ်း ကြွေသွားပါရဲ့။ သူက စကားတွေ ဒဿနတွေ သမိုင်းသင်ခန်းစာတွေ အရှည်ကြီး အကြာကြီး ပြောပြခဲ့ပါတယ်။ ပန်းချီမောင်ဒီ ပထမဦးဆုံး စ ပြောတာကတော့။ 

(အတွေးအခေါ်တွေ မပြောင်းရင် ကျနော်တို့နိုင်ငံက ဘယ်လိုမှ မတိုးတက်ဘူး။ အဲ့သည်အတွက် အတွေးအခေါ်တွေ ပြောင်းလဲသွားအောင် လုပ်ဖို့လိုအပ်တယ်။ အဲ့သည်အတွက် ကျနော် မောင်ဒီက မော်ဒန်ပန်းချီ ပြပွဲကို လုပ်တာပါ။) 

ဒါက Kalasa ကလသာ ပြခန်းမှာ မတ်လက ပြောခဲ့တာပါ။ သူ့ပန်းချီပြပွဲတွေက အတွေးအခေါ်တွေကို ဘယ်လို ပြောင်းလဲစေသလဲ ဆိုတာ စဉ်းစားနေမိပါတယ်။ ဒါကြောင့် သူ့ပန်းချီကားတွေကို လိုက်ကြည့်တဲ့အခါ ‘ ဇီဝကလို သမားတော် အလိုရှိသည်’ အမည်ရှိ ကဗျာ ပန်းချီကားမှာတော့ စဉ်းစားစရာကလေးတွေ တွေ့လာပါတယ်။  



‘ ဇီဝကလို သမားတော်တွေ အလိုရှိသည် ’

လူတယောက်မှာ

မကျန်းမမာ ဖြစ်နေလျှင်

မကျန်းမာသည့် လက္ခဏာများ

အားလုံးပင် ရှိနေကြသည်သာ။ 

မြန်မာနိုင်ငံ ဆိုသည်မှာလည်း 

မကျန်းမမာဖြစ်နေသည့် လူနာပမာ

မကျန်းမာသည့် လက္ခဏာများ

အားလုံးပင် ရှိနေကြသည်သာ။

လူနာတယောက်မှာ

ကျန်းမာလာသည့်အခါ၊ မကြာမီပင်

ကျန်းမာသည့်လက္ခဏာများ

ဖွံ့ဖြိုးလာကြဘိသကဲ့သို့။

ထို့အတူသာ

ငါတို့၏ နိုင်ငံမှာလည်း ကျန်းမာလာလျှင်

မကြာမီပင် ကျန်းမာသည့် လက္ခဏာများ

ဖွံ့ဖြိုးလာမှာပင်။

သို့ရာတွင် အားလုံးမှာ 

လူနာတွေချည်း ဖြစ်နေလို့ကတော့မဖြစ်၊

အသပြာ ဆရာဝန်တွေနှင့်ကလည်း မဖြစ်

ဇီဝကလို သမားတော်တွေ လိုအပ်နေသည်သာ။ 

မောင်ဒီ ၂ . ၂ . ၂၀၂၀

ပန်းချီကားတွေဟာ စကားပြောကြသတဲ့။ ဟားတိုက်ရယ်ကြသတဲ့။ ငိုယိုကြသတဲ့။ သမိုင်းကို ဖော်ပြကြတယ်တဲ့။ ဆောင်းပါးရေးသူကလည်း သူဖြစ်လိုတဲ့ဟာကို ဆောင်းပါးမှာထည့်ရေးကြတာပါ။

ဥပမာ လူတွေ ရွေးကောက်ပွဲကို မပျက်မကွက် မဲသွားပေးကြဖို့ တိုက်တွန်းရေးသားတာမျိုးပေါ့။ ဒီလိုပါပဲ။ တချို့ပန်းချီဆရာတွေက သဘာဝပတ်ဝန်းကျင်အကြောင်း ရေးမယ်။ ပန်းချီဆရာမတွေ ဆွဲရင်တော့ အမျိုးသမီးဆိုင်ရာတွေ ဖြစ်နေတတ်တယ်။

အလားတူ အထက်က ပန်းချီမောင်ဒီရဲ့ ဇီဝကလို သမားတော် အလိုရှိသည် ကဗျာ ပန်းချီကားမှာတော့ စဉ်းစားစရာ ကလေးတွေ တွေ့လာပါတယ်။ ပန်းချီကားချပ်မှာ သူ့အတွေးအခေါ်ကို ရေးခဲ့တော့ ကြည့်သူတွေ ကြည့်ပြီး အတွေးတွေ အသစ်တွေ ရသွားတာပေါ့။

နောက် ပန်းချီတချပ်ကိုလည်း ရှုပါဦး။ ‘အောင်ပွဲ’တဲ့။ အနိုင်ယူခြင်းလည်း မဟုတ်။ အရှုံးပေးခြင်းလည်း မဟုတ်သော ငြိမ်းချမ်းရေးတဲ့။ ချိုးဖြူငှက်ကလေး သံလွင်ခက်ကိုက်လို့။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ သူမသာ ကိုယ်မသာ ငြိမ်းချမ်းရေးဆိုတဲ့ အဆိုအမိန့်ကို ပြန်ကြား မြင်လာရတယ်။ နှစ်ဘက် စစ်မက်ပြုတိုက်ခိုက်နေသူတွေ အတွက် တွေးစရာပေါ့ဗျာ။ စစ်ပွဲရပ်ဖို့ ပန်းချီကားက အော်နေတယ်။



 ‘ အောင်ပွဲ ’

ငြိမ်းချမ်းရေးဆိုတာ

အနိုင်ယူခြင်း မဟုတ်သလို

အရှုံးပေးခြင်းလည်းမဟုတ်။

ပြဿနာဆိုတာ

သင်္ချာတပုဒ်ပမာ

ညီမျှခြင်းတွေ အဆင့်ဆင့်နဲ့

တဆင့်ပြီးတဆင့်

ဖြေရှင်းကြရတာ။

ပြီးမြောက်သွားတဲ့အခါ

ရလဒ်မှာ အောင်ပွဲဖြစ်၍

အကြွင်းက သုည သာ။ ။ 

 မောင်ဒီ (၂၈.၁.၂၀၂၀)

 

နောက် တကားကတော့ အကြွေး သိန်း ၅၀ စီ ရှိနေတဲ့ ပန်းချီကားပါ။ 

ပန်းချီပေါ်တွင်၊ ကဗျာတင်ရေး၊ 

သူ့အတွေးသည်၊ မြန်ပြည်အနှံ့၊ 

အကြွေးပြန့်တယ်၊ သိန်း ၅၀ စီ၊ 

ဆပ်ရမည်မျိုး၊ အဖြစ်ဆိုးကို

ဘယ်ပုဂ္ဂိုလ်က၊ တာဝန်ကျပြီး စီမံခဲ့တယ်ဆိုတာမျိုး ပန်းချီက ပြောပြထားပါတယ်။ ပန်းချီကားနာမည်က ‘ တာဝန်’ ပါ။



 ‘ တာဝန် ’

မြန်မာနိုင်ငံ ဆိုသည်မှာ

အမွေဆိုင် အိမ်ကြီးတအိမ်သာလျှင်

မြေပေါ်မြေအောက်တွင်ရှိ

သယံဇာတများ အားလုံးအပါအဝင်ပင်။

လမ်းဘေးတွင် ပညာသင်ခွင့်မရ

ပလပ်စတစ် ကောက်နေကြရသည့်

ကလေးများအပါအဝင် မြန်မာနိုင်ငံသားတိုင်းက 

အားလုံးကို ပိုင်ဆိုင်ကြရာ

တာဝန်တွေလည်း ကိုယ်စီရှိနေကြသည်။

အစိုးရအဖွဲ့ ဆိုသည်မှာ

စီမံခန့်ခွဲ လုပ်ကိုင်ရန်မျှသာ

တာဝန်ပေးအပ်ထားသည့်

လခစား ဝန်ထမ်းများပင်။

သို့ရာတွင် 

ယခင် သမ္မတ ဦးသိန်းစိန်လက်ထက်က

မွေးကင်းစ ကလေးငယ်များမှစ၍

နိုင်ငံသား အားလုံးတွင်

အကြွေး ငါးသိန်း ကိုယ်စီ ရှိနေကြသည်ဟု သိရသည်။ ။

မောင်ဒီ ၂ . ၂ . ၂၀၂၀

ပန်းချီပြခန်းတွေ သွားပြီး ပန်းချီတကားကို ကြည့်ရှုခံစားကြရတယ်။ ကဗျာတပုဒ်ကို ဖတ်ပြီး ခံစား အတွေးပွားကြတယ်။ တခုစီပေါ့။ ပန်းချီမောင်ဒီကတော့ ပန်းချီပေါ် ကဗျာတင်ရေးထားလို့ နှစ်ဆများ အတွေးပွားကြရ လေမလားပဲနော်။ မောင်ဒီ ပန်းချီရဲ့ ကဗျာပန်းချီ ၃ ချပ် အတွေးအခေါ် ၃ မျိုး ကြည့်သူတွေ အသိတိုး ပြောင်းစေမည်လား။ ယခင် သမ္မတ ဦးသိန်းစိန် လက်ထက် မွေးကင်းစကစ လူတိုင်း ကြွေး ငါးသိန်း ကိုယ်စီရှိနေကြဆဲကိုပဲ စဉ်းစားနေကြမလား။ ပန်းချီထဲက အတွေးအခေါ်ကောင်းတွေ ပြည်သူတွေထံ ရောက်ပါစေသားဗျာ။ ။ 

မောင်တူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013