DVB Logo
Home
မြန်မာသတင်း
၄ နှစ်အတွင်း လွတ်လပ်စွာပြောဆိုခွင့်ကိုချိုးဖောက်ပြီး တရားစွဲခဲ့သည့် အမှုပေါင်း ၅၀၀ ကျော်ရှိ 
DVB
·
July 17, 2020
၄ နှစ်အတွင်း လွတ်လပ်စွာပြောဆိုခွင့်ကိုချိုးဖောက်ပြီး တရားစွဲခဲ့သည့် အမှုပေါင်း ၅၀၀ ကျော်ရှိ 
Donate to DVB

လက်ရှိ အန်အယ်လ်ဒီအစိုးရသက်တမ်း ၄ နှစ်တာကာလအတွင်းမှာ လွတ်လပ်စွာပြောဆိုခွင့် ကို ချိုးဖောက်ပြီး တရားစွဲဆိုခဲ့တဲ့ အမှုပေါင်း ၅၀၀ ကျော်နဲ့ တရားစွဲခံရသူပေါင်း  ၁၀၀၀ ကျော်ရှိခဲ့ တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အသံအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်တာသက်တမ်းကာလအတွင်း မြန်မာနိုင်ငံရဲ့  လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့် အခြေအနေကို သုတေသနပြုလုပ်ပြီး  “အချိန်မီပြင်ဆင်ခွင့်” အမည်ရှိ   အစီအရင်ခံစာကို ဇူလိုင် ၁၆ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှုများကြောင့် တရားစွဲဆိုခံရမှု စုစုပေါင်း ၅၃၉ မှုအထိ ရှိခဲ့ပြီး အနည်းဆုံး လူပုဂ္ဂိုလ် ၁,၀၅၁ ဦး တရားစွဲဆိုခံခဲ့ရတယ်လို့ဆိုပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီးတရားစွဲတဲ့အမှုတွေမှာ အစိုးရက တရားစွဲတာအများဆုံးဖြစ်ပြီး အရပ်သားအချင်းချင်းတရားစွဲတာက ဒုတိယအများဆုံးဖြစ်ကာ တတိယအများဆုံးကတော့ တပ်မတော်ကတရားစွဲတာဖြစ်ပါတယ်။

တရားစွဲဆိုမှုတွေထဲမှာ အစိုးရကစွဲဆိုခဲ့တာ ၄၇ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး၊ ပြည်သူ လူထုက တရားစွဲဆိုမှု ၁၄ ရာခိုင်နှုန်း  တပ်မတော်က တရားစွဲဆိုမှု ၁၀ ရာခိုင်နှုန်း၊ နိုင်ငံရေးပါတီ တွေက တရာစွဲဆိုမှု ၉ ရာခိုင်နှုန်းနဲ့ ကျန်တာတွေကတော့ စီးပွားရေးသမားတွေ၊ အနုပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ သတင်းမီဒီယာတွေနဲ့ တခြားသူတွေက တရားစွဲတဲ့အမှုတွေဖြစ်ပါတယ်။ 

တပ်မတော်အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုး ဖောက်ပြီး တိုက်ရိုက်တရားစွဲဆိုမှု  ၅၂ မှုနဲ့  တပ်မတော်ကို ဝေဖန်လို့၊ ဆန္ဒပြလို့ ရဲတပ်ဖွဲ့က တဆင့် တရားစွဲတာပါအဝင် ကြားလူက တရားစွဲပေးတဲ့ အမှု ၁၄ မှုရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

တရားစွဲတဲ့ အမှုတွေ ကိုလေ့လာကြည့်ရင် ဆက်သွယ်ရေးဥပဒေ၊ ငြိမ်းစုစီဥပဒေ၊ အသရေဖျက်မှု၊ နိုင်လွတ်လုံ၊ မတရားအသင်း ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ စတဲ့ဥပဒေတွေနဲ့ တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။

အရပ်သားအစိုးရ တက်လာချိန်မှာ ဒီဥပဒေတွေကို ပြင်ဆင်ပယ်ဖျက်မယ်လို့ မျှော်လင့်ခဲ့ ကြပေမဲ့ အစိုးရကိုယ်တိုင်က ဒီဥပဒေတွေနဲ့ ပြည်သူကိုတရားစွဲတာက အများဆုံးဖြစ်နေတယ်လို့ အသံအဖွဲ့ တည်ထောင်သူတစ်ဦးလည်းဖြစ် သုတေသနမန်နေဂျာလည်းဖြစ်တဲ့ ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။ 

လွတ်လပ်စွာပြောဆိုခွင့်ကိုချိုးဖောက်ပြီး တရားစွဲခံရသူတွေထဲမှာ သတင်းမီဒီယာသမားတွေ လည်း အများအပြားပါဝင်ခဲ့ပါတယ်။ အစိုးရနဲ့တပ်မတော်က သတင်းသမားတွေကိုတရားစွဲတဲ့အခါ သတင်းမီဒီယာကောင်စီကိုကျော်ပြီး တရားဥပဒေတွေနဲ့ တရားစွဲဆိုတာတွေရှိခဲ့တယ်လို့  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်  ဦးဇေယျာလှိုင်က ပြောပါတယ်။ 

အသံအဖွဲ့ရဲ့အစီအရင်ခံစာမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အင်တာနက်လိုင်း ကာလရှည်ပိတ်ထားတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အင်တာနက်လိုင်းတွေ ကြာရှည် ပိတ်ထားတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာဖြစ်တဲ့အပြင် ပြည်သူတွေရဲ့ သတင်းအချက်အလက်ရယူခွင့်ကို တားဆီးတာလည်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အစိုးရကတော့ ရခိုင်ပြည်နယ်ထဲမှာ စစ်ပွဲတွေဖြစ်နေတဲ့အတွက် လုံခြုံရေးလိုအပ်ချက်အရ အင်တာနက်တွေကို ပိတ်ထားပေမယ့် ဖုန်းလိုင်းတွေအပါအဝင် တခြားဆက်သွယ်ရေး လမ်းကြောင်း တွေကို ဖွင့်ထားတယ်လို့ ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013