DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲကို  စံပြလုပ်မည်၊ ဟန်ပြမလုပ်ဟု ကော်မရှင်ပြော
DVB
·
July 16, 2020
၂၀၂၀ ရွေးကောက်ပွဲကို  စံပြလုပ်မည်၊ ဟန်ပြမလုပ်ဟု ကော်မရှင်ပြော
Donate to DVB

လာမယ့်အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး ဟန်ပြမလုပ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲကို ဘယ်ပါတီအတွက်မှ ဦးစားပေးဆောင်ရွက်နေတာမဟုတ်ဘဲ ပြည်သူ့ဆန္ဒအမှန်ဖော်ထုတ်နိုင်စေဖို့ကိုသာ ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။

“ စံ ၅ ချက်နဲ့အညီ လုပ်မယ်။ စံပြလုပ်မယ်၊ ဟန်ပြမလုပ်ဘူး။ ဥပဒေတွေနဲ့ အညီလုပ်မယ်။ နည်းဥပဒေတွေနဲ့အညီလုပ်မယ်။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းမှာမှ ဥပဒေအထက်မှာ မရှိစေရဘူး။ ကျနော်တို့သည် ဘယ်ပါတီကို အနိုင်ရရှိစေဆိုပြီး ဦးတည်ပြီးမလုပ်ဘူး။ ပြည်သူ့ဆန္ဒအမှန်ကို ဖော်ထုတ်ပေးဖို့၊ ပြည်သူ့ဆန္ဒနဲ့ ရလဒ် တစ်ထပ်တည်းဖြစ်စေဖို့ ကျနော်တို့ ဆောင်ရွက်မယ်။ အာမခံတယ်။” လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး အာဏာရပါတီအပေါ် အလေးသာစေတယ်ဆိုတဲ့ စွပ်စွဲဝေဖန်မှုတွေရှိခဲ့ပေမယ့် ကော်မရှင်ဘက်က ဒီစွပ်စွဲမှုတွေကို ငြင်းပယ်လိုက်တာပါ။

လာမယ့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မဲရုံပေါင်း ၄၀၀၀၀ ကျော်လောက် ဖွင့်လှစ်သွားမယ်လို့ ကော်မရှင်ဘက်က ပြောထားပေမယ့် ရခိုင်ပြည်နယ်အပါအဝင် တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေမှာ ရွေးကောက်ပွဲဖြစ်မဖြစ် ဆိုတာကိုတော့ ကော်မရှင်ဘက်က လက်ရှိအချိန်ထိ တိကျစွာအဖြေပေးခြင်းမရှိသေးပါဘူး။

ဒါနဲ့ပတ်သက်ပြီးလည်း ဦးမြင့်နိုင်က “ရွေးကောက်ပွဲကိုကျင်းပမယ်လို့ ကြေညာထားပြီးသား ပေါ့နော်၊ ရွေးကောက်ပွဲကိုကျင်းပမယ်။ အတတ်နိုင်ဆုံးကျင်းပနိုင်အောင်လို့ လိုအပ်တာလေးတွေ ကိုလည်း ဆောင်ရွက်သွားပါမယ်။ တကယ်လို့ ရွေးကောက်ပွဲနီးပြီ၊ ရွေးကောက်ပွဲကျင်းပတဲ့ အချိန်အခါမှာမှ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမလုပ်နိုင်ဘူး။ သဘာဝအန္တရာယ်၊ သဘာဝဘေး ကြောင့် ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုလို့ရှိရင် မကျင်းပနိုင်တဲ့ နေရာလေးတွေကို ရွှေ့ဆိုင်းထား နိုင်တဲ့ တာဝန်လည်းရှိတာပေါ့နော်။ အဲ့ဒီအပေါ်မှာကြည့်ပြီးတော့ ဆောင်ရွက်သွားမှာပေါ့။ အခုဟာကတော့ အားလုံးကို လုပ်နိုင်အောင် ကြေလည်း ကြေညာထားတယ်။ လုပ်နိုင်အောင်လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှာ လက်ရှိအချိန်ထိ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉၆ ပါတီရှိပြီး အဲ့ဒီထဲက ၃ ပါတီကိုတော့ စည်းကမ်းနဲ့မညီညွတ်တဲ့အတွက် ၃ နှစ်ယာယီရပ်ဆိုင်းထားပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုကို ဇူလိုင် ၂၀ ကနေ စတင်တင်သွင်းနိုင်မှာဖြစ်ပါတယ်။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013