DVB Logo
Home
မြန်မာသတင်း
ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေးလုပ်ခွင့် အခြားပါတီများ ယခင်ကတည်းကရရှိနေဟု ကော်မရှင် ရှင်းလင်း
DVB
·
July 15, 2020
ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေးလုပ်ခွင့် အခြားပါတီများ ယခင်ကတည်းကရရှိနေဟု ကော်မရှင် ရှင်းလင်း
Donate to DVB

ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တွေရဲ့ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးနဲ့ ပတ်သက်တဲ့ထုတ်ပြန်ချက်ဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်ခင်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အတိုင်းသာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့အစည်းဝင်တွေရဲ့ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးနဲ့ စပ်လျဉ်းတဲ့ ထုတ်ပြန်ချက်အပေါ် နိုင်ငံရေးပါတီတချို့က ဝေဖန်နေတာနဲ့ ပတ်သက်ပြီး ပြောကြားလိုက်တာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ဒီထုတ်ပြန်ချက်ဟာ ၂၀၁၅ တုန်းက ထုတ်ပြန်ချက်အတိုင်းဖြစ်ပြီး ဘာမှ ပြောင်းလဲထားခြင်းမရှိဘူးလို့ ဇူလိုင် ၁၅ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြန်လည်ဖြေရှင်းလိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က “ကျနော်တို့ ကြေညာချက်ထုတ်ထားတာက ၂၀၁၅ တုန်းကလည်း ဒီလိုပဲ ကြေညာချက်ထုတ်ထားပါတယ်။ ၂၀၁၅ က ထုတ်ထားတဲ့ ကြေညာချက်အတိုင်း ဖတ်ကြည့်ရင်လည်း ၍၊ ၏တွေက အစ ဒီအတိုင်းပါပဲ။ ကျင်းပမယ့် ရက်စွဲပဲ ကွာတာပါ”လို့ ပြောပါတယ်။

ဒါ့အပြင် ဒီထုတ်ပြန်ချက်ဟာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေက ပေးထားတဲ့အတိုင်း ထုတ်ပြန်ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အခုထုတ်ပြန်ချက်အရ အာဏာရပါတီကို မဲဆွယ်စည်းရုံးခွင့်ပေးထားတယ်ဆိုပြီး ဝေဖန်မှုတွေအပေါ်မှာလည်း မဟုတ်မှန်ကြောင်း  ငြင်းဆိုသွားခဲ့ပါတယ်။

ဦးမြင့်နိုင်က “အာဏာရပါတီက မဲဆွယ်ခွင့်ရနေတယ်ဆိုတာ မဟုတ်ဘူးပေါ့နော်။ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးက အခုမှရတာ။ ကျနော်တို့က ကြေညာပြီးတဲ့အခါမှ အာဏာရပါတီရဲ့ ခေါင်းဆောင်တွေက ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေး ကိုပဲ လုပ်ခွင့်ရမှာ။ ကျန်တဲ့ပါတီတွေ အားလုံး အားလုံးဟာ ဟိုးအရင်ကတည်းက ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးကို ရနေကြတာ။ ဒါယူဆချက်က မှားနေကြတာ” လို့လည်း ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အခုထုတ်ပြန်ချက်ဟာ အစိုးရအဖွဲ့ဝင်တွေရဲ့ ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးအတွက်သာ ဖြစ်ပြီး မဲဆွယ်စည်းရုံးခွင့်ကိုတော့ ကိုယ်စားလှယ်လောင်းတွေ စိစစ်မှုအပြီး ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၆၀ အလိုမှသာ ရရှိမှာ ဖြစ်ပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013