DVB Logo
Home
မြန်မာသတင်း
ဆလုံဒေသခံများနှင့် ပုလဲကုမ္ပဏီချုပ်ဆိုထားသည့် ကတိကဝတ် စာချုပ် ဥပဒေနှင့်မညီ 
DVB
·
July 15, 2020
ဆလုံဒေသခံများနှင့် ပုလဲကုမ္ပဏီချုပ်ဆိုထားသည့် ကတိကဝတ် စာချုပ် ဥပဒေနှင့်မညီ 
Donate to DVB

တနင်္သာရီတိုင်းဒေသကြီးမှာ ဆလုံဒေသခံတွေနဲ့  ဂျပန်အခြေစိုက် ပုလဲကုမ္ပဏီတို့ အကြား ချုပ်ဆိုထားတဲ့ ကတိကဝတ် စာချုပ်စာတမ်းဟာ  တစ်ဖက်သတ်ဆန်ပြီး  ပွင့်လင်းမြင်သာမှုမရှိသလို  ဥပဒေနဲ့မညီဘဲ အားနည်းချက်တွေ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောပါတယ်။ 

ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံတွေကို လွတ်လပ်စွာရှာဖွေစားသောက်လုပ်ကိုင်ခွင့်တွေပြန်လည် ပေးအပ်မယ်ဆိုတဲ့ ကတိကဝတ်တွေကြောင့် ဂျပန်နိုင်ငံအခြေစိုက် မြန်မာတာဆာကီပုလဲကုမ္ပဏီ ဆက်လက်လုပ်ကိုင်ဖို့ကို တနင်္သာရီတိုင်း လငန်းကျေးရွာမှာနေထိုင်တဲ့ ဆလုံဒေသခံအများစုက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သဘောတူစာချုပ်မှာ ကုမ္ပဏီဘက်က ကျေးရွာအတွက် ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ပေး မယ်ဆိုတာပါပေမယ့် စာချုပ်စာတမ်းဥပဒေနဲ့မညီညွတ်သလို လက်မှတ်ထိုးရာမှာလည်း ခိုင်မာ အားကောင်းတဲ့ လူပုဂ္ဂိုလ်အဖွဲ့စည်းတစ်ခုခုရဲ့ ရှေ့မှာလက်မှတ်ရေးထိုးထားတာ မဟုတ်ခဲ့ပါဘူး။

ဂျပန်ကုမ္ပဏီဘက်က တာဝန်ရှိသူ ၂ ယောက်နဲ့ ကျေးရွာဘက်က တာဝန်ရှိသူ ၂ ယောက်သာ လက်မှတ်ထိုးဆုံးဖြတ် အတည်ပြုထားတဲ့စာချုပ်ဖြစ်နေတယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းထွန်းက ပြောပါတယ်။ 

အဆိုပါ စီမံကိန်းနဲ့ပတ်သက်ပြီး ကျေးရွာသူကျေးရွာသားတွေက သဘောတူလက်မှတ် ရေးထိုးထားတယ်ဆိုပေမယ့် ဒေသခံတွေကို သေချာမေးမြန်းကြည့်တဲ့အချိန်မှာ စာချုပ်မှာ ဘယ်လို အချက်လက်တွေ ပါဝင်လဲဆိုတာ ဂဃနဏ သိကြတဲ့သူတစ်ယောက်မှ မရှိဘူလို့လည်း ဆိုပါတယ်။

အဆိုပါ သဘောတူကတိကဝတ် စာချုပ်မှာ ဂျပန်နိုင်ငံအခြေစိုက် မြန်မာတာဆာကီပုလဲ ကုမ္ပဏီဘက်က ကျေးရွာဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့ တစ်နှစ်ကို ကျပ်သိန်း ၁၀၀၀ သုံးစွဲပေး သွားမှာ ဖြစ်ပြီး အဲဒီအထဲက  ကျေးရွာအတွက်လိုအပ်နေတဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်တာကြောင့် သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့လည်း လငန်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးသိန်းဇံက ပြောပါတယ်။

အဲဒီလို သဘောတူလက်မှတ်ရေးထိုးထားတဲ့ စာချုပ်စာတမ်းမှာ ထည့်သွင်းရေးသားထားတဲ့ အချက်လက်တစ်ချို့ဟာ ပွင့်လင်းမြင်သာမှုမရှိသလို တစ်ဖက်သတ်ဆန်နေတယ်လို့လည်း တနင်္သာရီတိုင်း တရားဥပဒေစိုးမိုးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်နိုင်ဦးက ပြောပါတယ်။

မြန်မာတာဆာကီပုလဲကုမ္ပဏီအနေနဲ့ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်ထဲက စောမွန်လှ ကျွန်းပေါ်မှာ ၂၀၁၇ ခုနှစ် မေလကစတင်ပြီး ပုလဲမွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အဲဒီလို စတင်လုပ်ကိုင်ချိန်ကစလို့ အဆိုပါကျွန်းအနီးနားနဲ့ ရေပြင်ဧရိယာတွေကို ဒေသခံတွေကို ဖြတ်သန်းသွားလာခွင့်နဲ့ ရှာဖွေစားသောက်ခွင့်တွေ ပိတ်ပင်ခဲ့ပါတယ်။

 ဒေသခံ ဆလုံတိုင်းရင်းသားတွေအနေနဲ့ အဆိုပါ ကျွန်းအနီးနားနဲ့ရေပြင်ဧရိယာတွေမှာ ကင်းမွန်မျှားတာ ၊ ခရုကောက်တာနဲ့ ကျောက်ပိုးရှာတာတွေကို အဓိက လုပ်ဆောင်နေတာဖြစ်တဲ့ အတွက် အဲဒီလိုပိတ်ပင်မှုတွေကြောင့် ဆလုံတိုင်းရင်းသားတွေအနေနဲ့ စားဝတ်နေရေး အခက်ခဲဖြစ်ပေါ်လို့ အခုလို ပုလဲမွေးမြူရေးစီမံကိန်းကို ကန့်ကွက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

အခုလို ဆလုံတိုင်းရင်းသားတွေနဲ့ ပုလဲကုမ္ပဏီအကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ တနင်္သာရီတိုင်းဒေသကြီး တိုင်းအစိုးရအဖွဲ့အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်မရှိပဲ ပြည်ထောင်စု အဆင့်ကသာဆုံး ဖြတ်နိုင်တဲ့ ကိစ္စဖြစ်တယ်လို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးလှထွေးက ပြောကြားထားပါတယ်။

အောင်ကျော် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013