DVB Logo
Home
မြန်မာသတင်း
ကျောက်မဲဆန္ဒပြခေါင်းဆောင် ၃ ဦးအား တပ်မတော်က  တရားစွဲမည့်ကိစ္စ လူမှုအဖွဲ့အစည်းပေါင်း ၁၉၀ ကျော် ကန့်ကွက်ရှုတ်ချ 
DVB
·
July 13, 2020
ကျောက်မဲဆန္ဒပြခေါင်းဆောင် ၃ ဦးအား တပ်မတော်က  တရားစွဲမည့်ကိစ္စ လူမှုအဖွဲ့အစည်းပေါင်း ၁၉၀ ကျော် ကန့်ကွက်ရှုတ်ချ 
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့သီတင်းပတ်က လူပေါင်း သောင်းနဲ့ချီ ငြိမ်းချမ်းစွာစုဝေး စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြတာနဲ့ပတ်သက်ပြီး ခေါင်းဆောင် ၃ ဦးအား တပ်မတော်က  တရားစွဲမယ့်ကိစ္စကို  လူမှုအဖွဲ့အစည်းပေါင်း ၁၉၀ ကျော် ဝိုင်းဝန်း ကန့်ကွက်ရှုတ်ချ လိုက်ပါတယ်။

ပြီးခဲ့တဲ့လက တပ်မတော်ရဲ့ပစ်ခတ်မှုကြောင့် ရွာသားတချို့ သေဆုံးဒဏ်ရာရခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထောင်သောင်းချီတဲ့ ကျောက်မဲဒေသခံတွေဟာ ဇူလိုင်လ ၁၀ ရက်နေ့က လမ်း ပေါ်ထွက်ပြီး ရွာသားသေဆုံးဒဏ်ရာရမှုကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ တောင်းဆိုကာ အပစ်မဲ့ ရွာ သားတွေကို ပစ်ခတ်တဲ့တပ်မတော်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာပဲ  အဆိုပါဆန္ဒပြမှုဟာ သက်ဆိုင်ရာက ခွင့်ပြုချက်ကို မရဘဲဆောင်ရွက်တယ်ဆိုပြီး ဆန္ဒပြပွဲဦးဆောင်သူ ရွာသား ၃ ယောက်ကို  ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ရော ကူးစက်ရောဂါနှိမ်နင်းရေးပုဒ်မ ၁၈ နဲ့ပါ အမှုဖွင့် အရေးယူသွားမယ်လို့  တပ်မတော်သတင်းမှန်ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါကြောင့် ဆန္ဒပြပွဲဦးဆောင်သူ  ၃ ယောက်ကို တရားစွဲဆိုခြင်းမပြုဖို့ တောင်းဆိုကြောင်း အရပ်ဘက်အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်း၊ တိုင်းရင်းသား လူမျိုးအဖွဲ့အစည်းပေါင်း ၁၉၀ ကျော်က ဒီကနေ့ ပူးတွဲထုတ်ပြန်တောင်းဆို လိုက်တာပါ။ 

ရွာသားတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကူးစက်မှုကြားက မကြောက်မရွံ့ လူစုလူဝေးထွက်လာကြတာဟာ သူတို့အနေနဲ့ တပ်မတော်ရဲ့ လုပ်ဆောင်ချက်ကို လုံးဝသည်းမခံ နိုင်တော့တာကို ပြသနေကြောင်း၊ ဒါ့အပြင်ပြည်သူတွေ ခုလိုဆန္ဒပြတာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ နိုင်ငံသားအခွင့်အရေးအတိုင်း ဆောင်ရွက် ခြင်းသာဖြစ်လို့အပြစ်မရှိဘဲ တပ်မတော်ကသာလျှင် စစ်သည်တော်ကျင့်ဝတ်နဲ့မညီတဲ့ မိမိ လက်အောက်ခံ တပ်သားတွေကို စစ်ဆေးအရေးယူသင့်တယ်လို့လည်း အရပ်ဖက်အဖွဲ့ အစည်းတွေက ပြောပါတယ်။

ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းဒါရိုက်တာ ဒေါ်နန်းဝါနုက “စစ်သည်ကျင့်ဝတ် ချိုးဖောက်တဲ့ တပ်မတော်သားတွေကို စစ်ဆေးအရေး ယူပေးဖို့ တောင်းဆိုပါတယ်။ ပြီးတော့ ကျောက်မဲပြည်သူတွေက နိုင်ငံသားအခွင့်အရေးအရ မိမိယုံကြည်ချက်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုပြီး လက်နက်မပါ ငြိမ်းချမ်းစွာစုဝေးစီတန်းလှည့်လည်လို့ ကျမတို့အဖွဲ့အစည်းတွေအားလုံး ထောက်ခံတယ်။ စစ်တပ်က ပြန်ပြီးတရားစွဲမယ်ဆိုတာကိုလည်း ရှုတ်ချပါတယ်။”လို့ ပြောပါတယ်။

အဆိုပါထုတ်ပြန်ချက်မှာ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ပေါင်း ၁၉၀ ကျော်ထဲမှာ ရှမ်းလူမှု အခြေပြုအဖွဲ့အစည်း၊ တောင်သူလယ်သမား၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဝတ်ပြုအသင်း၊ ပရဟိတ၊ စာပေယဉ်ကျေးမှု၊ ဒေသဖွံ့ဖြိုးရေး အစရှိတဲ့ အသင်းအဖွဲ့တွေ၊ ဖောင်ဒေးရှင်းတွေအပြင် ရှမ်းနီ၊ ကရင်နီ၊ ကယန်း၊ ကချင်၊ ချင်း၊ ဓနု၊ ထနော့၊ ကယန်း၊ မြန်မာ အစရှိ တိုင်းရင်း သားလူမျိုးအဖွဲ့အစည်းတွေပါ ပါဝင်ကြပါတယ်။ 

အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်အဖွဲ့၊ ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ(မုံရွာ)၊  လားရှိုးနည်းပညာ တက္ကသိုလ်ကျောင်းသား သမဂ္ဂ၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ ကယားပြည်နယ်ကျောင်းသားသမဂ္ဂ၊ ဘားအံကွန်ပြူတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ပင်လောင်းရှမ်းလူငယ်အဖွဲ့ ၊ ရန်ကုန်ရှမ်းလူငယ် အဖွဲ့တွေကလည်း   ဆန္ဒပြတဲ့ ကျောက်မဲပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းနဲ့ တပ်မတော်ရဲ့လုပ်ရပ်ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ဒါ့အပြင် ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိ ရှမ်းဒုက္ခသည်စခန်း ၈ ခုနဲ့ ရှမ်းလူ့အခွင့်အရေး မဏ္ဌိုင်အပါအဝင် ပြည်ပရောက် ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းပေါင်း ၃၀ ကျော်ကလည်း ဆန္ဒပြ ကျောက်မဲပြည်သူတွေကိုလုံးဝထောက်ခံကြောင်း ဒီကနေ့ထုတ်ပြန်လိုက်ပြီး တပ်မတော်အနေနဲ့  တရားမျှတမှုအတွက် ကျောက်မဲပြည်သူတွေကို အရေးမယူဘဲ  ပြစ်မှုကျူးလွန်တဲ့ သူကိုသာ အရေးယူဖို့ ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 RCSS ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ကျောက်မဲမြို့နယ် ပန်လော့နဲ့ ဟဲကွီ ကျေးရွာအုပ်စုထဲမှာ တိုက်ပွဲဖြစ်ခဲ့ပြီး မြန်မာတပ်ဘက်က ပန်ကျင်ရွာထဲဝင်လာကာ ရွာသား  ၂ ဦးကို ပစ်ခတ်လို့ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဒါ့အပြင် အက်ကီးရွာသား ၁ ဦးကိုလည်း ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့  ဇူလိုင် ၁ ရက်နေ့က ကျောက်မဲခရိုင်ရှိ လွှတ်တော်ကိုယ် စားလှယ်တွေကလည်း တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတွေသေဆုံး ဒဏ်ရာရခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးပေးဖို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီ တင်ပြထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013