
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကိုဗစ်-၁၉ ကာလအတွင်း မကြာမီ ပြန်လည်ဖွင့်လှစ်တော့မယ့် အခြေခံပညာစာသင်ကျောင်းများမှာ Social Distancing အညီ စာသင်ကြားနိုင်ဖို့ စာသင်ခန်းလိုအပ်ချက်ပေါ် မူတည်ပြီး အချိန်ခွဲခြား သင်ကြားသွားမယ်လို့ မြို့နယ် ပညာရေးမှူးရုံးက ပြောပါတယ်။
“လာမယ့် ဇူလိုင် ၂၁ ဆိုရင် ကျောင်းတွေစတက်ပြီ။ အဲဒီအခါမှာ ကျောင်းမှာရှိတဲ့ စာသင်သားဦးရေနဲ့ ကျောင်းမှာရှိတဲ့ ကျောင်းခန်း၊ တစ်ခန်း ၂၀ နှုန်းထားမှာဖြစ်လို့ မမျှဘူးဆိုရင် တသုတ်တက်၊ နှစ်သုတ်တက်၊ လေးသုတ်တက် ဆိုပြီးတော့ အစီအစဥ်တွေ ဆွဲထားပြီးဖြစ်ပါတယ်။ ကျောင်းအုပ်ကြီးတွေကိုလည်း သိပြီးသား ဖြစ်ပါတယ်။ စာသင်ခန်း အခြေအနေနဲ့ အချိန်ဇယားတွေလည်း ဆွဲပြီးသားဖြစ်လို့ အခက်အခဲ မရှိပါဘူး” လို့ မြိုနယ်ပညာရေးမှူရုံး ဒုပညာရေးမှူး ဦးနေမျိုးအောင်က ပြောပါတယ်။
ကိုဗစ်-၁၉ ကာလ စာသင်ကျောင်းများကို Social Distancing နဲ့အညီ ဖွင့်လှစ်နိုင်ရေး မြို့နယ်အတွင်း စာသင်ကျောင်းများကိုလည်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး လိုက်လံစစ်ဆေးနေသလို ကျောင်းသား ကျောင်းသူတွေနဲ့ မိဘတွေကလည်း ကိုဗစ်-၁၉ နဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ချောက်မြို့နယ်အတွင်း ကျောင်း စုစုကျောင်း ၂၀၁ ကျောင်းရှိပြီး၊ အထက်တန်းအဆင့်ကို ကျောင်းအပ်နှံရေး သီတင်းပတ် ဇူလိုင် ၁၃ မှ ၁၇ ရက်၊ အလယ်တန်းအဆင့်ကို ဇူလိုင် ၂၇ မှ ၃၁ ရက်၊ မူလတန်းအဆင့်ကို သြဂုတ် ၄ ရက်မှ ၇ ရက်ထိ စတင်လက်ခံသွားမယ်လို့ သိရပါတယ်။
ချောက်မြို့နယ်အတွင်း စာသင်ကျောင်းပေါင်း ၂၀၁ ကျောင်းကို ကိုဗစ်-၁၉ ကာလအတွက် အပူချိန်တိုင်းကိရိယာ၊ ကျောင်းသား တစ်ဦးချင်းစီအတွက် Face shield တစ်ခု Mask နှစ်ခုစီနဲ့ အသိပေး ပိုစတာများကိုလည်း စတင်ဝေငှပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။
ကိုလင်း(ချောက်)










