DVB Logo
Home
ကျန်းမာရေး
လေထဲက ကူးနိုင်တဲ့ COVID-19 အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ
DVB
·
July 11, 2020
လေထဲက ကူးနိုင်တဲ့ COVID-19 အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ
Donate to DVB

ပြီးခဲ့တဲ့ အင်္ဂါနေ့ (၇.၇.၂၀၂၀)က  WHOက ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲက တဆင့် ကူးနိုင်တယ်ဆိုတာ အသိအမှတ်ပြုခဲ့ပါတယ်။ သိပ္ပံပညာရှင်ပေါင်း ၂၃၀က လက်မှတ်ထိုးပြီး WHOကို ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲက ကူးနိုင်တဲ့အတွက် ကာကွယ်ရေး guidelinesတွေ ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုခဲ့ပါတယ်။ WHOရဲ့ အရင်က ထုတ်ပြန်ချက်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲက ကူးနိုင်တယ်လို့ ဖော်ပြချက်မရှိသေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ်က လူတစ်ယောက်နဲ့ တစ်ယောက် နှာချေ၊ ချောင်းဆိုးရာက တဆင့် ထွက်လာတဲ့ အမှုန်အမွှားတွေကနေပဲ ကူးနိုင်တဲ့လို့ပဲ အတည်ပြုထားတာပါ။ နောက်ထပ်တွေ့ရှိချက်တွေအရ ဒီဗိုင်းရပ်စ်က အရွယ်အစားသေးတဲ့ အမှုန်သေးသေးလေးတွေနဲ့ ဆိုရင် လေထဲမှာ နာရီနဲ့ ချီပြီး နေနိုင်တာကကြောင့် ရှူမိပြီး ကူးနိုင်တယ်လို့လည်း ဆိုပါတယ်။

ခုနောက်ဆုံးမှာတော့ ပညာရှင်တွေက ဒီဗိုင်းရပ်စ်ဟာ အလုံပိတ်အခန်းထဲမှာဆိုရင် အရင်ပြောခဲ့တဲ့ ၂မီတာ (၆ပေ)အထိသာ မဟုတ်ဘဲ ဒီထက်ပိုဝေးဝေး ပြန့်နိုင်ချေရှိလို့ ကာကွယ်ရေးနည်းလမ်းတွေကို ပိုပြီးတင်းကြပ်ဖို့ လိုနေပြီလို့ ဆိုပါတယ်။ အထူးသဖြင့် လေကတဆင့် ကူးစက်နိုင်တဲ့လို့ ယူဆပြီး အလုံပိတ်အခန်းတွေမှာ လေဝင်လေထွက်ကောင်းအောင် နေဖို့၊ လူစုလူဝေး မလုပ်ဖို့ စသဖြင့် သတိထားရမယ့်အချက်တွေကို လူထုကို ပိုပြီး ပြောပြဖို့ပါ။

လေကနေ ဘယ်လိုကူးစက်တာလဲ။


လူတွေ စကားပြောတဲ့အခါ၊ အသက်ပြင်းပြင်းရှူထုတ်တဲ့အခါ၊ ချောင်းဆိုးတဲ့အခါ အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေထဲမှာ ဗိုင်းရပ်စ်တွေပါလာပါတယ်။ ဒီအမှုန်အမွှားတွေက ပေါ့ပါးတဲ့အတွက် လေထဲမှာ မျောနေနိုင်ပြီး မီတာပေါင်းများစွာကို ရောက်သွားနိုင်ပါတယ်။ အလွယ်ပြောမယ်ဆိုရင် အခန်းထဲက လူတစ်ယောက် အားရပါးရ စကားပြောလိုက်တဲ့အခါ ဒါမှမဟုတ် အားနဲ့ ပါးစပ်ကြီး ဟပြီး သမ်းဝေလိုက်တဲ့အခါ အမှုန်တွေ ထွက်လာပြီး တစ်ခန်းလုံးကို ပြန့်သွားနိုင်ပါတယ်။ ဒါကို တခြားသူတွေ ရှူမိတဲ့အခါ ပိုးကူးစက်ခံရနိုင်ပါတယ်။

WHOကို ပို့တဲ့ သုတေသန စာတမ်းမှာတော့ အရင်တုန်းက  MERSနဲ့ တုပ်ကွေးပိုးတွေက အမှုန်အမွှားသေးသေးလေးတွေကနေ ဝေးဝေးကိုပြန့်နိုင်တာကြောင့် တစ်ခန်းတည်း အတူအလုပ်လုပ်တဲ့သူတွေ ရှူမိပြီး ကူးနိုင်ပါတယ်။ ခုCOVID-19ကလည်း မျိုးစိတ်တူတဲ့အတွက် ဒီလိုနည်းနဲ့ ပြန့်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိပြန့်မယ်၊ လူဘယ်လောက်လောက်ကို ကူးသွားနိုင်မယ်ဆိုတာကိုတော့ အတိအကျအမပြောနိုင်သေးပါဘူး။

ဒါကြောင့် လက်ရှိအချိန်မှာ လူစုလူဝေးများတဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ အလုံပိတ်အခန်းတွေက အန္တရာယ်များတဲ့ နေရာတွေပါ။ အထူးသဖြင့် လေဝင်လေထွက်မကောင်းဘဲ အမှုန်အမွှားတွေ လေထဲမှာ အကြာကြီးနေနိုင်တဲ့ ဝေးဝေးပြန့်နိုင်တဲ့ နေရာတွေပေါ့။ ပြန်ပြောင်းကြည့်မယ်ဆိုလည်း တကယ်ကြီးကြီးမားမား ဖြစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် ကူးစက်မှုတွေက အလုံပိတ်အခန်းထဲမှာ လူစုလူဝေး လုပ်ရာက စဖြစ်တာပါပဲ။

သင့်မှာ ကူးနိုင်ခြေ ရှိနေပြီလား။


ဒါဆို သင်ရော ကူးနိုင်နေပြီလား။ ခုချိန် သင်က အလုံပိတ်ရုံးခန်းထဲမှာ လူအများနဲ့ တွဲပြီး လုပ်နေရတဲ့သူ ဖြစ်တဲ့အတွက် ဒါလေးတွေကို သိထားပေးပါ။ ကူးနိုင်ချေက နှစ်ချက်ပေါ်မူတည်ပါတယ်။ ကြာချိန်နဲ့ ဗိုင်းရပ်စ်ထိတွေ့မှုပါ။

သင်္ချာလိုပြောမယ်ဆိုရင်တော့ ကူးနိုင်ခြေက လေထဲမှာ ရှိတဲ့ ဗိုင်းရပ်စ်ပမာဏနဲ့ သင်နဲ့ ထိတွေ့ထားတဲ့ အချိန်ရဲ့ မြှောက်လဒ်ပါပဲ။

ရှင်းအောင်ပြောရရင် လေထဲမှာလည်း ဗိုင်းရပ်စ်ပမာဏ နည်းနေမယ်။ ထိတွေ့တဲ့အချိန်လည်း တိုမယ်ဆိုရင် ကူးနိုင်ခြေ နည်းတာပေါ့။ သူနဲ့ပြောင်းပြန် ဗိုင်းရပ်စ်လည်း များပြီး အကြာကြီး ထိတွေ့ထားမယ်ဆိုရင် ကူးနိုင်ခြေများမှာပါ။

အလုံပိတ်အခန်းထဲမှာဆိုရင်တော့ အန္တရာယ်များပါတယ်။ အပြင်မှာဆိုရင်တော့ အငွေ့ပျံပြီး မြန်မြန်ပျောက်သွားတာပေါ့။

ဒါဆို ဘယ်လိုကာကွယ်ကြမလဲ။


အရင်လိုပဲ လက်ဆေးမယ်၊ ခပ်ခွာခွာနေမယ်၊ နှာခေါင်းစည်းတပ်မယ် စတာတွေကတော့ အရင်လုပ်နေကြအတိုင်းပဲ ဆက်လုပ်ပါ။ ဒီလိုသာ လေထဲသာ ကူးနိုင်တယ်ဆိုရင် နှာခေါင်းစည်းတပ်ဖို့က မဖြစ်မနေလိုလာပါပြီ။

ဗိုင်းရပ်စ်ပါတဲ့ ပေါ့ပါးတဲ့ အမှုန်အမွှားတွေက လေကောင်းလေသန့် မရှိတဲ့ အခန်းထဲ ဒါမှမဟုတ် အလုံပိတ်အခန်းထဲမှာဆိုရင်တော့ အနည်းဆုံးမိနစ်ပိုင်းကနေ နာရီပေါင်းများစွာထိ လေထဲမှာ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအခန်းတွေထဲမှာဆိုရင်လည်း နှာခေါင်းစည်းတပ်သင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။

နှာခေါင်းစည်းတပ်တာက ကိုယ့်ကိုယ်ကိုတင် ကာကွယ်တာ မဟုတ်ပါဘူး။ တကယ်လို့ သင်ကိုယ်တိုင်က ပိုးရှိပြီး လက္ခဏာ မပြဘူးဆိုရင် သူများတွေကို မကူးအောင်ပါ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

အလုံပိတ်အခန်းထဲမှာ တတ်နိုင်သမျှ လူစုလူဝေးနဲ့ မနေဖို့၊ တတ်နိုင်သမျှ အခန်းကို လေဝင်လေထွက် ကောင်းအောင်နေဖို့ သတိထားပါ။ နောက်ပြီး လူများတဲ့ အလုံပိတ်အခန်းတွေမှာ အကြာကြီး မနေဖို့ လူများလွန်းတဲ့ စျေးတွေကို ခဏခဏမသွားဖို့ အကြံပေးထားပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ  | ရေးသားသူ 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013