DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာပဋိပက္ခအတွင်း နေအိမ်မီးလောင်ဆုံးရှုံးခဲ့သူများ မူလနေရာမှာ ပြန်နေလို
DVB
·
May 24, 2013
မိတ္ထီလာပဋိပက္ခအတွင်း နေအိမ်မီးလောင်ဆုံးရှုံးခဲ့သူများ မူလနေရာမှာ ပြန်နေလို
Donate to DVB

မိတ္ထီလာမြို့ပဋိပက္ခအတွင်း နေအိမ်မီးလောင်ပျက်စီးဆုံးရှုံးသူတွေက သူတို့မြေနေရာ တွေမှာပဲ ပြန်လည်နေထိုင်လိုတဲ့အကြောင်း သက်ဆိုင်ရာကို တင်ပြထားကြတယ်လို့ သိရပါတယ်။

ပဋိပက္ခအတွင်း နေအိမ်တွေ မီးလောင်ပျက်စီးခဲ့လို့ အခုထိ ဒုက္ခသည်စခန်းတွေမှာ နေထိုင် နေကြရသူတွေက အခုလို ဆန္ဒရှိနေကြတာ ဖြစ်ပါတယ်။

မိတ္ထီလာမြို့နယ် ထီလာသုခသမ္မဂီအသင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခင်နန်းက “သူတို့ကို တိုက်ခန်းတွေ ဆောက်ပေးမယ်ပေါ့။ ဒါပေမယ့် သူတို့က ဘာမှဆောက်မပေးချင်လည်း နေပါ၊ သူတို့ မြေနေရာလေး ၄၀-၅၀၊ ၃၀-၄၀ ပတ်ခြာလည်လေးတွေမှာ တဲထိုးနေရ နေရ နေပါရစေဆိုပြီး ကန့်ကွက်စာတွေ တင်ထားတယ်။ သူတို့က မွေးမြူရေးသမားတွေ။ ဆိတ်မွေးမြူရေတို့၊ လက်လုပ်လက်စား နေသူတွေဆိုတော့ သူတို့ လူနေမှုစနစ်ကိုက အဲတိုင်း ဖြစ်နေတော့ ချက်ချင်းကြီး ၀ုန်းဒိုင်း မြှင့်တင်လို့ မရဘူး။”

သီရိမင်္ဂလာရပ်ကွက်မှာ လမ်းမတန်းမြေကွက်တွေက သိန်း ၇၀၀နဲ့ ၈၀၀ ကြား တန်ကြေး ရှိတဲ့အတွက် တန်ကြေးရှိတဲ့ မြေနေရာကိုပဲ ပြန်လိုချင်နေကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။

မိတ္ထီလာမြို့နယ် ချမ်းအေးသာယာနဲ့ သီရိမင်္ဂလာရပ်ကွက်တွေက မီးလောင်ပျက်စီးသွားတဲ့ အိမ်နေရာတွေမှာ ၃ ထပ်နဲ့ ၄ ထပ်တိုက်တွေ ဆောက်ပေးမယ်၊ ရပ်ကွက်တခုမှာ တိုက်ခန်းပေါင်း ၁၅၀၀နဲ့ စုစုပေါင်း တိုက်ခန်း ၃၀၀၀ ကျော် ဆောက်ပေးဖို့ ရှိတယ်လို့ သက်ဆိုင်ရာက ကြေညာ ထားတာပါ။

မိတ္ထီလာမြို့နယ်က ဒုက္ခသည်စခန်းတွေမှာ အခုထိ နေထိုင်နေကြရသူတွေဟာ နေအိမ် မီးလောင်ပျက်စီးသွားသူတွေနဲ့ နေအိမ်ရှိပေမယ့်လည်း ပြန်နေဖို့ အခြေအနေ မပေးသေးသူတွေ ဖြစ်ပြီး နေအိမ်မီးလောင်သွားသူတွေက ပိုများပါတယ်။

မိတ္ထီလာမြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးထိန်လင်းခိုင်က နေအိမ်တွေ ပြန်ဆောက်ဖို့အတွက် အိမ်ပိုင်ရှင်တွေနဲ့ သက်ဆိုင်ရာတို့ ညှိနှိုင်းနေကြပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့ကတော့ အခုအချိန်က အကောင်းဆုံးပဲလို့ ခုလို ပြောပါတယ်။

“နေမယ့် သီရိမင်္ဂလာရပ်ကွက်ကလူတွေ၊ ချမ်းအေးရပ်ကွက်လူတွေ သဘောကျခြင်း ရှိမရှိ၊ သူတို့ ညှိနှိုင်းဆွေးနွေးဆဲအဆင့်ပဲ ရှိသေးတယ်။ နောင်လာမယ့် နှစ် ၂၀ အတွက် ကြိုပြီး တွက်သင့်ပါတယ်။ နောက်လာမယ့်အချိန်မှာ လူဦးရေ ဘယ်လောက်အထိ တက်လာမယ်၊ တက်လာမယ့် လူဦးရေအတွက်ကို မြို့တွင်းမှာ လမ်းဧရိယာတွေ ဘယ်လောက်ရှိမယ်၊ ဘယ်လောက် ရှိသင့်တယ်ဆိုတဲ့ဟာမျိုး မြို့ပြဖွံ့ဖြိုးမှုစီမံချက်ကို စနစ်တကျနဲ့ အကောင်အထည်ဖော်နိုင်ရင် အကောင်းဆုံးအချိန်ပါပဲ။”
ပြီးခဲ့တဲ့မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာပဋိပက္ခအတွင်း လူဦးရေ ၁သောင်းလောက် နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး လတ်တလော အဲဒီ လူဦးရေရဲ့ ထက်ဝက်လောက်ပဲ  အိမ်ပြန် နေနိုင်ကြသေးတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013