DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ မဲဆွယ်စည်းရုံးရေး အခြေခံဥပဒေခုံရုံးတွင် ဖြေရှင်းရမည်ဟု ပြည့်သူ့ပါတီဥက္ကဋ္ဌပြော
DVB
·
July 9, 2020
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ မဲဆွယ်စည်းရုံးရေး အခြေခံဥပဒေခုံရုံးတွင် ဖြေရှင်းရမည်ဟု ပြည့်သူ့ပါတီဥက္ကဋ္ဌပြော
Donate to DVB

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားတဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေရဲ့ မဲဆွယ်စည်းရုံးရေးနဲ့ ဆက်စပ်တဲ့ ကြေညာချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှာ ဖြေရှင်းရမယ့်ကိစ္စ ဖြစ်တယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဇူလိုင် ၁ ရက်နေ့ ကြေညာချက်ထဲမှာ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရှိတယ်လို့ ပါဝင်နေတာပါ။ 

ဒီကြေညာချက်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေကို အခြေခံပြီးထုတ်ထားတဲ့ ကြေညာချက်ဖြစ်ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို လွန်ဆန်နေတယ်လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက နေပြည်တော်မှာ ပြုလုပ်နေတဲ့ JMC-U အစည်းအဝေးတက်ရောက်လာစဉ်မှာ ပြောပါတယ်။

“ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေမှာ ပြဋ္ဌာန်းတယ်ဆိုသော်လည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ကွဲလွဲနေရင် ပျက်ပြယ်ပါတယ်။ ဒီကိစ္စအငြင်းပွားပြီဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှာ တင်သွင်းပြီးတော့ အဆုံးအဖြတ်ရယူရမှာဖြစ်ပါတယ်။ ဒီကိစ္စဟာ ဥပဒေဆိုင်ရာ အငြင်းပွားမှုပေါ့။ ဒါ Conflict of Law ဖြစ်ပါတယ်။ ဒါ ဒီမိုကရေစီအရ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရလက်ထက်မှာ ဒီကိစ္စကို ပြီးပြတ်အောင် ရှင်းလင်းသေချာအောင် လုပ်သွားခြင်းအားဖြင့် အစဉ်အလာကောင်းတွေကို ချမှတ်နိုင်ခဲ့လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”

ပြည်သူ့ပါတီက ဦးကိုကိုကြီးအပါအဝင် အခြားနိုင်ငံရေးပါတီအချို့က ဒီဖြစ်ရပ်အပေါ် ဝေဖန်မှုတွေရှိနေပေမယ့် အန်အယ်လ်ဒီ ပါတီဘက်ကတော့ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပေးထားချက်တွေအရသာ ဆောင်ရွက်တာဖြစ်ပြီး အခွင့်အရေးရယူထားတာမျိုးတွေ မရှိဘူးလို့ ပါတီရဲ့ ဒုဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်က ဇူလိုင် ၅ ရက်က ရှင်းလင်းထားပါတယ်။

အစိုးရအဖွဲ့ဝင်တွေရဲ့ မဲဆွယ်စည်းရုံးခွင့်နဲ့ပတ်သက်ပြီးလည်း ဦးကိုကိုကြီးက “လက်ရှိအစိုးရဝန်ကြီးများ သမ္မတကနေစပြီး အားလုံးဟာ နိုင်ငံသားတစ်ယောက်အနေနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတယ်၊ မဲပေးခွင့်ရှိတယ်၊ မဲဆွယ်ခွင့်လည်း ရှိတယ်။ အဲ့တာက ကျနော်တို့ မဲဆွယ်လှုပ်ရှားခွင့်တွေကော်မရှင်က ခွင့်ပြုတဲ့အချိန်မှာ သူလည်း အခြားကိုယ်စားလှယ်များနည်းတူ မဲဆွယ်ခွင့်ရှိတယ်၊ ရွေးကောက်ခံပိုင်ခွင့်လည်းရှိတယ်။ သို့သော် နိုင်ငံတော်အဆောင်အယောင်တွေကို မသုံးရဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်တာဝန်၊ နိုင်ငံတော်အဆောင်အယောင်တွေကို သုံးစွဲမယ်ဆိုရင် တခြားကိုယ်စားလှယ်လောင်းများအတွက် သူက အထူးအခွင့်အရေးရသလို ဖြစ်နေတယ်။ ဒါကြောင့်မိုလို့ ကျနော်တို့က လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက် ပြိုင်ဘက်တွေအားလုံးဟာ တန်းတူအခွင့်အရေးရဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီအနေနဲ့လည်း လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ကိုယ်စားလှယ် ၁၄၀ လောက်နဲ့ ဝင်ရောက်မှာ ယှဉ်ပြိုင်မှာဖြစ်ပြီး ဘယ်ဒေသတွေကို အဓိကထား ယှဉ်ပြိုင်မယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013