DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို ဖိအားပေးရန် အပါအဝင် အကြံပြုစာကို ကန် အမတ်များက နိုင်ငံခြားရေးဝန်ကြီးထံ ပေးပို့
သုတချမ်းသာ
·
March 29, 2026
Photo: Reuters
Photo: Reuters
Donate to DVB

စစ်ကောင်စီကို သံတမန်ရေးအသိအမှတ်မပြုဖို့နဲ့ ကုလလုံခြုံရေးကောင်စီကနေတဆင့် ဖိအားပေးဖို့ အချက်တွေပါဝင်တဲ့ အကြံပြုစာကို အမေရိကန်လွှတ်တော်အမတ်တွေက နိုင်ငံခြားရေးဝန်ကြီးဆီ ပေးပို့ခဲ့ပါတယ်။ 

မြန်မာ့အရေးမူဝါဒသုံးသပ်ချက်နဲ့ တိုက်တွန်းချက်တွေ ဖော်ပြထားတဲ့ အိတ်ဖွင့်စာကို ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် နှစ်ပါတီအမတ်တွေက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုဆီ ကို လိပ်မူပေးပို့ခဲ့တာပါ။ 

မတ် ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့စာကို အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီ တာဝန်ရှိအမတ်တွေ၊ အရှေ့အာရှနဲ့ပစိဖိတ်ဒေသ ကော်မတီခွဲ ဥက္ကဋ္ဌ ယန်းကင်၊ အာရှအလယ်ပိုင်းနဲ့ တောင်ပိုင်းကော်မတီခွဲ တာဝန်ရှိအမတ်တွေက လက်မှတ်ရေးထိုး ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ 

စာမှာ လတ်တလော မြန်မာ့အရေးကို အမေရိကန်အစိုးရက ချဉ်းကပ်ရာမှာ စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး သတိထားသင့်တဲ့အချက် ၅ ချက်နဲ့ တိုက်တွန်းချက် ၅ ချက်ကို အချက်အလက်တွေ ကိုးကားပြီး ဖော်ပြထားပါတယ်။ 

ဒီအကြံပြုစာဟာ  အမေရိကန်သံရုံးအကြီးအကဲ ဒေါင်စွန်းနက်ခ်က မြန်မာပြည်မှာပြုလုပ်ခဲ့တဲ့ Ford ကားအရောင်းမြှင့်တင်ရေးပွဲကို တက်ရောက်ကြောင်း သံရုံးက သတင်းထုတ်ပြန်ပြီး နောက်တရက်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

လော့စ်အိန်ဂျယ်လိစ်မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်း(စ်)ရွှေ က “သံရုံးတာဝန်ခံတွေက Ford ကို အရောင်းမြှင့်တင်ဖို့ စစ်တပ်ကလုပ်တဲ့ ကားအရောင်းပြပွဲတွေသွားတယ်၊ ဘာညာ ကြားတော့ ဒီကလူတွေက မေးကြတာကိုး၊ အစိုးရ အုပ်ချုပ်ရေးပိုင်းက ပေါ်လစီ အပြောင်းအလဲရှိမလား ဆိုတော့။ ကွန်ဂရက်ကတော့ အခုထက်ထိ ပြည်သူတွေကို ထောက်ခံတုန်းပဲ ရှိတယ်၊ တော်လှန်ရေးကို ထောက်ခံတယ်၊ ဒီမိုကရေစီကို ထောက်ခံတယ်ဆိုတော့ နိုင်ငံခြားရေးဝန်ကြီးကို အကြံပြုတာပေ့ါလေ။ ဒီလို ဆုံးဖြတ်ချက်တွေ ရှိပါတယ်။ ကျနော်တို့ကို အကြံပေးခွင့်ပြုပါ ဆိုပြီးတော့ အဲဒီလို စာရေးတာပေါ့လေ။ အကြံပြုချက် နံပါတ် ၁ ကတော့ စစ်အုပ်ချုပ်ရေးအဖွဲ့ကို သံတမန်ရေးအရ တရားဝင်မှု လုံးဝမပေးပါနဲ့ပေါ့၊ စစ်အုပ်ချုပ်ရေးအဖွဲ့ကို အသိအမှတ်မပြုရေး မူဝါဒကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားပါပေါ့၊ ဦးကျော်မိုးထွန်းရဲ့ ရာထူးကိုလည်း ဆက်လက်ပြီးတော့ ထောက်ခံဖို့ပေါ့၊ ကုလလုံခြုံရေးကောင်စီမှာ စစ်တပ်ကို ဖိအားပေးဖို့ပေါ့” လို့ ပြောပါတယ်။

လွှတ်တော်အမတ်တွေက ပေးပို့တဲ့ ဒုတိယ အကြံပြုချက်ကတော့ စစ်တပ်ကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့တာတွေ ပိုလုပ်ဖို့နဲ့ စစ်ကောင်စီကို အရေးယူနိုင်မဲ့ BURMA Act ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ 

တတိယအချက်အနေနဲ့ မြန်မာ့အရေးကို မူဝါဒရေးရာညှိနှိုင်းရာမှာ အဆင့်မြင့်အရာရှိခန့်အပ်ပြီး NUG အပါအဝင် တိုင်းရင်းသားအင်အားစုတွေ၊ အရပ်ဘက်အင်အားစုတွေအားလုံးနဲ့ ပိုပြီးထိတွေ့ဆက်ဆံဖို့ ဖြစ်ပါတယ်။ 

စတုတ္ထအချက်အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကို ပိုပြီးထိရောက်အောင် အစိုးရက ဆောင်ရွက်ဖို့၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ထောက်ပံ့ဖို့နဲ့ အမေရိကန်ရောက် မြန်မာတွေအတွက် ယာယီခိုလှုံခွင့် TPS ကို သက်တမ်းတိုးပေးဖို့ ဖြစ်ပါတယ်။ 

နောက်ဆုံးအချက်အနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မဟာဗျူဟာနဲ့ မူဝါဒရည်မှန်းချက်တွေကို လုံလောက်တဲ့ အရင်းအမြစ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့၊ လွှတ်တော်က ပြဋ္ဌာန်းပေးထားတဲ့ BURMA Act ဆိုင်ရာ ရန်ပုံငွေတွေကို အပြည့်အဝအကောင်အထည်ဖော်အသုံးပြုဖို့ ဖြစ်ပါတယ်။ 

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကွန်ဂရက်ရဲ့ အကြံပြုချက်တွေကို သတိမမူတာ၊ ရန်ပုံငွေတွေကို အပြည့်အဝ အသုံးမချတာတွေဟာ ပြိုင်ဘက် တရုတ်၊ ရုရှားနဲ့ အီရန်တို့ ခြေကုပ်ယူထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ဒေသအပေါ် လွှမ်းမိုးမှုကို လွှဲအပ်ရာရောက်တယ်လို့ ကွန်ဂရက်အမတ်တွေက အကြံပြုစာမှာ ထောက်ပြထားပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးရင်အေးက “ဟိုးရှေးခေတ်ကတည်းက ရပ်တည်လာခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒကို ပြန်ပြီး ကိုးကားပြီးတော့ ထောက်ပြထားတယ်။ နောက်ဆုံးအဆင့် အတုအယောင် ရွေးကောက်ပွဲကအစ သေချာသုံးသပ်ပြထားတယ်။ အရေးအကြီးဆုံးကတော့ တရုတ်၊ ရုရှား၊ အီရန်နဲ့ဆက်ဆံပြီးတော့မှ စစ်ကောင်စီက သွားနေတဲ့ကိစ္စတွေ၊ ဒါတွေက အမေရိကန်ရဲ့ အကျိုးစီးပွားတွေ၊ လုံခြုံရေးတွေကို ခြိမ်းခြောက်တယ်ဆိုတဲ့ ကိစ္စတွေကို ပြတ်ပြတ်သားသား ရပ်တည်ပြောထားတယ်ဆိုတော့ ဒါဟာ အင်မတန်အကျိုးရှိပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့က တောက်လျှောက် ကွန်ဂရက်နဲ့ ဆက်ဆံရေးအရမ်းကောင်းမွန်တယ် ကျနော်တို့ အင်အားစုတွေ အကုန်လုံးက။ သူတို့ကလည်း အရေးပေးနားထောင်တယ်ဆိုတော့ သူတို့ကို တောက်လျှောက်တွန်းအားပေးနေတဲ့အခါကျတော့ ဒီကိစ္စဟာ နွေဦးတော်လှန်ရေးအတွက်တော့ အားတကယ်ဖြစ်စရာပါ” လို့ ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုး က “မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးနဲ့အတူ ဆက်ပြီးတော့ ရပ်တည်သွားမယ်ဆိုတာကို လွှတ်တော်ရဲ့သဘောထားက တော်တော်လေးကို ရှင်းရှင်းလင်းလင်းပြထားတာ ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ အုပ်ချုပ်ရေးပိုင်းအပေါ်ကိုလည်း တစုံတရာ သက်ရောက်မှုကတော့ ရှိမှာဖြစ်ပါတယ်။ ဒါ ပြည်သူ့အသံပဲ၊ ပြည်သူရဲ့ လုပ်ဆောင်ချက်တွေပဲ။ ပြည်သူ့တိုက်တွန်းမှုတွေ အသံတွေကို တဆင့်ဖြန့်ဝေပေးတဲ့ တော်လှန်ညီအစ်ကိုမောင်နှမအားလုံးရဲ့ လုပ်ဆောင်မှုတွေ၊ ဒါတွေကြောင့်မို့ ဒါမျိုးတွေ ဖြစ်လာတာဖြစ်တဲ့အတွက် ကျမတို့က ဆက်လက်ပြီးတော့ ကိုယ်လုပ်စရာရှိတဲ့ ကိစ္စတွေကို တစိုက်မတ်မတ် ဆက်လုပ်ဆောင်သွားကြဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအတွင်း Ford ကားတွေနဲ့ ပဲပုပ်ဖတ်တွေ စျေးကွက်တင်ဖို့ ကြိုးစားနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ချက်တွေ ထုတ်ထားတာပါ။ 

အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ မျှတတဲ့ ဈေးကွက်ယှဉ်ပြိုင်မှုရရှိဖို့ အမေရိကန် သံရုံးအကြီးအကဲ Doug Sonnek က အားပေးကူညီနေတယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ 

အမေရိကန်လုပ်ငန်းရှင်တွေရဲ့ မြန်မာနိုင်ငံအတွင်း စီးပွားရေးခြေလှမ်းတွေဟာ စစ်ကောင်စီကို တစုံတရာ အသိအမှတ်ပြုရာရောက်မှာကို တော်လှန်ရေးအင်အားစုတွေဘက်က စိုးရိမ်မှုတွေ ရှိနေချိန်မှာ အမေရိကန်လွှတ်တော်ဘက်က စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အချက်အလက်နဲ့ ဖော်ပြပြီး အစိုးရကို အကြံပြုစာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

Photo : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013