DVB Logo
Home
ကျန်းမာရေး
သမိုင်းဆိုးနဲ့ ပလိပ်ရောဂါပိုး တရုတ်တွင်တွေ့ပြန်
DVB
·
July 8, 2020
သမိုင်းဆိုးနဲ့ ပလိပ်ရောဂါပိုး တရုတ်တွင်တွေ့ပြန်
Donate to DVB

Bubonic Plague လို့ ခေါ်တဲ့ ရှေးဟောင်းပလိပ်ရောဂါတစ်မျိုး တရုတ်ပြည်က အတွင်းမွန်ဂိုးလီးယားပြည်နယ် (Inner Mongolia) မှာ ဖြစ်ပွားနေတယ်လို့ ဒေသခံအာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

အတွင်းမွန်ဂိုးလီးယားပြည်နယ် ဘယန်နာမြို့မှာ ဒီရောဂါပိုးကို စတင်တွေ့ရှိထားတာဖြစ်ပြီးတော့ ဒီမြို့ဟာ ဘေကျင်းမြို့ရဲ့ အနောက်မြောက်ဘက်မှာတည်ရှိပါတယ်။

ဒေသခံဆေးရုံတစ်ခုက ရောဂါပိုးကူးစက်ခံထားရတဲ့ ဝေဒနာသည်တွေတွေ့ရှိထားကြောင်း အာဏာပိုင်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ရောဂါကူးစက်ခံထားရသူဟာ ပထမလူနာဟာ နွားကျောင်းတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့အခြေအနေက တည်ငြိမ်ကောင်းမွန်နေပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဘယ်လို ကူးစက်ခံထားရတယ်ဆိုတာကို ရှင်းလင်းစွာ မသိရှိရပါဘူး။ ဒုတိယလူနာကတော့ အသက် ၁၅ နှစ် အရွယ် လူငယ်ဖြစ်ပြီး သူကလည်း အမဲလိုက်သူတစ်ဦးပါ။

ဒေသခံအာဏာပိုင်တွေက ရောဂါပိုးသယ်ဆောင်နိုင်ခြေရှိနေတဲ့ ကြွက်၊ ရှဉ့်၊ ဌက် နဲ့ တွင်းအောင်းကောင်တွေကို သတ်ဖြတ်စားသောက်ခြင်းမလုပ်ဖို့ အမိန့်ထုတ်ထားပြီး တစ်စုံတစ်ခုထူးခြားမှုရှိရင် ကျန်းမာရေးဌာနကို အသိပေးဖို့ ကြေညာထားပါတယ်။

အဆိုပါ Bubonic Plague ရောဂါနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက အဆင့် ၃ သတိပေးချက်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကျန်းမာရေးသတိပေးချက်စနစ်ဟာ အဆင့် ၄ ဆင့်ရှိတာမို့ ဒါဟာ ဒုတိယမြောက်အဆင့် အဆိုးရွားဆုံး အနေအထားအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သတိပေးချက်ကို နှစ်ကုန်အထိ အချိန်သတ်မှတ်ကာ ထုတ်ပြန်လိုက်တာပါ။

တရုတ်မှာ စတင်တွေ့ရှိခဲ့တဲ့ COVID-19 ရောဂါဟာ လက်ရှိတစ်ကမ္ဘာလုံးမှာ ဆိုးရွားလှတဲ့ ကပ်ဘေးတစ်ခုအဖြစ် ပျံ့နှံနေဆဲဖြစ်ပြီး G4 လို့ အမည်ပေးထားတဲ့ ဝက်တုပ်ကွေးရောဂါသစ် တစ်မျိုးကိုလည်း မကြာသေးခင်ကမှ တရုတ်မှာထပ်မံတွေ့ရှိထားပါတယ်။

ဒါကြောင့် Bubonic Plague ပိုးတွေ့ရှိမှုဟာ တစ်နှစ်တာကလအတွင်း နောက်ထပ် ကပ်ဘေးဖြစ်နိုင်တဲ့ ရောဂါတွ့ရှိမှုဖြစ်လာခဲ့ပါတယ်။

Bubonic Plague ရဲ့ အတိတ်သမိုင်း


Bubonic Plague ကို မဟူရာမရဏကပ်ဘေး (Black Death pandemic) လို့လည်းခေါ်ဆိုပြီး ကမ္ဘာပေါ်မှာ ကပ်ဘေးအဖြစ် ၃ ကြိမ်တိုင်တိုင် ဒုက္ခပေးခဲ့ဘူးတဲ့ ရောဂါ အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။

ပလိပ်ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားဟာ တိရစ္ဆာန်တွေရဲ့ သန်းတွေ၊ လှေးတွေကနေတဆင့်ကူးစက်နိုင်ပြီးတော့ ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးကျန်းမာရေးကပ်ဘေးတွေကို ဖြစ်စေခဲ့တဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။

ပထမအကြိမ် ကပ်ဘေးဟာ ဆက်ဆေးနီးယန်းအင်ပါယာ (ယခု အီရန်) မှာ စတင်ဖြစ်ပွားခဲ့တာပါ။ အေဒီ ၆ ရာစုဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ ဒီကပ်ဘေးမှာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှအလယ်ပိုင်းဒေသတွေက လူပေါင်း ၂၅ သန်းထက်မနည်းကို သေဆုံးခဲ့ပါတယ်။

ဒုတိယကပ်ဘေးကတော့ ၁၃၄၇ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးတော့ မွန်ဂိုလီးယားကနေစတင်ခဲ့တဲ့ ဒီကပ်ဘေးဟာ ပိုးလမ်းမကနေတဆင့် ဥရောပကိုရောက်လာခဲ့ပြီး ဥရောပတိုက်ရဲ့ လူဦးရေ ၃ ပုံ ၁ ပုံကို ပျက်စီးစေခဲ့တာပါ။

တတိယကပ်ဘေးကတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၉ ရာစုအလယ်ပိုင်းမှာဖြစ်ခဲ့တာပါ။ အဆိုပါ Bubonic Plague ကြောင့် ကန်တုန်နဲ့ ဟောင်ကောင်အပါအဝင် တရုတ်ပြည် အရှေ့တောင်ပိုင်းမြို့ကြီးတွေက လူပေါင်းသောင်းနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။

လူ့သမိုင်းတစ်လျှောက် အဖျက်စွမ်းအားအကြီးဆုံးရောဂါလို့ သတ်မှတ်ခံခဲ့ရတဲ့ Bubonic Plague ကို ဒီကနေ့ခေတ်မှာ ကာကွယ်ဆေးတွေ၊ တိုက်ဖျက်နိုင်တဲ့ဆေးတွေ ရှိနေပါပြီ။

ဘယ်လိုရောဂါမျိုးလဲ


Babonic Plague ဟာ ဘက်တီးရီးယားပိုးကူးစက်မှုကြောင့်ဖြစ်လာတဲ့ ကပ်ရောဂါကြီးဖြစ်ပြီး အာရှအလယ်ပိုင်းကနေ စတင်ခဲ့တဲ့ ရောဂါဖြစ်တယ်။ လူ့သမိုင်းတစ်လျှောက်လုံးမှာ လူသားပေါင်း သန်း ၂၀၀ ကျော်ကို သေဆုံးကြေပျက်စီးစေခဲ့ပါတယ်။

တိရစ္ဆာန်ကနေလူကို ကူးစက်တာဖြစ်ပေမယ့် ကြားခံသယ်ဆောင်သူကတော့ တိရစ္ဆာန်တွေရဲ့ ကိုယ်ပေါ်က လှေးတွေ၊ သန်းတွေဖြစ်ကြပါတယ်။

သေဆုံးစေနိုင်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ကုသဆေးတွေရှိနေပါပြီ။ CDC က ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေအရဆိုရင် ဖျားတာ၊ ခေါင်းကိုက်တာ၊ အားနည်းတာ၊ နာကျင်ကိုက်ခဲတာ၊ အအေးမိတာ၊ ပျို့အန်တာ၊ (ပေါင်၊ ချိုင်းနဲ့ လည်ပင်းက) ပြန်ရည်ကြောတွေရောင်တာ၊ အကျိတ်တွေထွက်တာနဲ့ တစ်ကိုယ်လုံး အနီရောင် အဖုအပိမ့်တွေ ထွက်လာတာတွေဖြစ်တတ်ပါတယ်တဲ့။

ဒီရောဂါဟာ လက်ရှိအချိန်မှာလည်း ဖြစ်ပွားမှုရှိနေဆဲဖြစ်ပြီး Babonic Plague ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ တစ်နှစ်ကို လူဦးရေ ၁၀၀၀ နဲ့ ၂၀၀၀ အကြား အသက်ဆုံးရှုံးနေကြဆဲလို့ WHO က ဆိုထားပါတယ်။ ကုသမှု မခံယူဖြစ်တဲ့ အခြေအနေမှာ သေဆုံးနိုင်ခြေ ၉၀% ရှိပြီး ကုသမှုခံယူမယ်ဆိုရင်တော့ ၃၀% အထိ လျော့ကျသွားမှာဖြစ်ပါတယ်။

ကွန်ဂို၊ မာဒါဂါစကာ၊ အမေရိကန်နဲ့ ပီရူးလိုတိုင်းပြည်မျိုးတွေမှာ ဒီရောဂါကူးစက်မှုတွေ ရှိနေဆဲဖြစ်ပြီး သေဆုံးမှုတွေလည်း ပုံမှန်ရှိနေဆဲဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ  | ရေးသားသူ 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013