DVB Logo
Home
မြန်မာသတင်း
ရှမ်းနှင့်ကယားရှိ မြေသိမ်းယူမှုတွင် စစ်တပ်က အများဆုံးဟုဆို
DVB
·
May 24, 2013
Donate to DVB

ပြီးခဲ့တဲ့ အနှစ် ၂၀ လောက်ကစပြီး   ရှမ်းနဲ့ ကယားပြည်နယ် ဒေသခံတွေ မြေယာအသိမ်းခံရမှုမှာ မြန်မာ့တပ်မတော်က သိမ်းယူတဲ့မြေတွေ အများဆုံးပဲလို့ မြေသိမ်းမှု စစ်ဆေးရေးကော်မရှင်က ပြောပါတယ်။

ရှမ်းနဲ့ကယား လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က “ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပထမအကြိမ်စစ်ဆေးတဲ့အချိန် လယ်မြေဧကပေါင်း ၂၀၀၀ လောက် ရှိပါတယ်။ အများဆုံးသိမ်းတာက ကာကွယ်ရေးဝန်ကြီးဌာန တပ်ပိုင် စိုက်ပျိုးမြေတွေသိမ်းတာ များတယ်။ တချို့ကျတော့ ပြည်ထဲရေးဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးတဲ့စာတွေ ရှိတယ်။ ကယားပြည်နယ်အတွင်း တပ်မတော်စစ်ရေးလေ့ကျင့်ရေးကျောင်းအတွက် ဧကပေါင်း ၃၀၀၀ လောက်သိမ်းထားတယ်။ အဲဒါလည်း ပြဿနာအကြီးအကျယ်ဖြစ်နေတယ်။”

တိုင်တန်းမှုမှာ  ၁၉၉၀  နောက်ပိုင်းက  အသိမ်းခံရတဲ့ မြေတွေသာ အကျုံးဝင်ကြောင်း၊ ရှမ်းပြည်နယ်က တိုင်စာပေါင်း ၅၀ ကျော်နဲ့ ကယားပြည်နယ်က တိုင်စာပေါင်း ၁၀ စောင် လက်ခံရရှိပြီး  ရှမ်းပြည်နယ်မြောက်ပိုင်းဘက်ကို မေ ၈ ရက်ကနေ ၁၇ ရက်နေ့အထိ ၁၀ ရက်ကြာ  သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်က မြေသိမ်းမှုတွေကိုတော့ လာမယ့် ဇူလိုင်လ ဒုတိယပတ်ထဲမှာ သွားရောက်စစ်ဆေးမယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် ကျောက်မဲ၊ သီပေါ၊ လားရှိုးနဲ့ မူဆယ်မြို့နယ်  ၄ ခုမှာ  အသိမ်းခံရတဲ့မြေ ဧကပေါင်း ၂၀၀၀ နီးပါးရှိပြီး တိုင်ကြားသူဦးရေ အနည်းဆုံး ၁၀၀၀ လောက်ရှိကြောင်း၊ စစ်တပ်က သိမ်းတဲ့မြေတွေအပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့ကွက်ဖော်ထုတ်ရေး၊ အိမ်ရာစီမံကိန်းတွေနဲ့ ကုမ္ပဏီတွေက ၀င်ရောက်လုပ်ကိုင်တဲ့  မြေတွေလည်း  ပါဝင်တယ်လို့ ဆိုပါတယ်။

ဘယ်ဌာနက ဘယ်နှရာခိုင်နှုန်း သိမ်းယူခဲ့သလဲဆိုတာကိုတော့ စာရင်းတွေ ပြန်ချုပ်နေတုန်းပဲမို့ အတိအကျ မပြောနိုင်သေးကြောင်း၊ စာရင်းချုပ်ပြီးတဲ့ အစီရင်ခံစာကို  ဇွန်လထဲမှာ တင်ပြဖို့ရှိတယ်လို့ ပြောပါတယ်။

နစ်နာသူမြေပိုင်ရှင်တွေအတွက် ဘယ်လိုပြန်ပြီး ဆောင်ရွက်ပေးမယ်ဆိုတာကတော့ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန စတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့  ညှိနှိုင်းဆုံးဖြတ်မှုအပေါ်မှာ မူတည်တယ်လို့ ဦးစိုင်းထွန်းစိန်က ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်၊ မဘိမ်း၊ သိန္နီ၊ နမ္မတူနဲ့ နောင်ချိုမြို့နယ်တွေဘက်က တိုင်ကြားစာတွေလည်း ရရှိပေမယ့်   ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး တက်စရာရှိတဲ့အတွက် နောက်တခေါက် ပြန်လာစစ်ဆေးဖို့ရှိကြောင်း၊    ဒီခရီးစဉ်မှာ မှတ်ပုံတင်ပြီးသား တိုင်ကြားစာတွေကိုပဲ စစ်ဆေးခဲ့ပေမယ့် နောက်ထပ် တိုင်ကြားတာတွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။

စစ်ဆေးမှုမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဌာန၊ တိုင်ကြားသူရွာသားနဲ့ အတိုင်ကြားခံရတဲ့ အဖွဲ့အစည်းကိုယ်စားလှယ်တွေ စုံညီပါဝင်ပြီး ပွင့်လင်းမြင်သာရှိအောင် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကော်မရှင်အနေနဲ့ အခုလို မြေသိမ်းမှုစစ်ဆေးရေးတွေ ဆောင်ရွက်နေတဲ့ကြားက  နောက်ထပ် မြေသိမ်းမှုတွေလည်း ရှိနေသေးကြောင်း၊ ဒါဟာ  မဖြစ်သင့် မဖြစ်ထိုက်ကြောင်း၊ ရွာသားတွေကြားမှာလည်း  အာဏာပိုင်တွေကို ကြောက်ရွံ့ပြီး မပြောရဲ မဆိုရဲတာတွေလည်း ရှိနေကြောင်း၊ နောက်တကြိမ် ကွင်းဆင်းစစ်ဆေးရတဲ့အခါ ပွင့်ပွင့်လင်းလင်းပြောဆို တိုင်တန်းဖို့ ဦးစိုင်းထွန်းစိန်က တိုက်တွန်းလိုက်ပါတယ်။
ရှမ်းနဲ့ ကယားပြည်နယ်  မြေသိမ်းဆည်းခံရမှု စစ်ဆေးရေးကော်မရှင်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးစိုင်းထွန်းစိန်၊  ဦးခင်မောင်သီ၊ ဦးစိုင်းဝင်းမောင်၊ ဦးစိုးရယ်နဲ့ ကျားဖြူပါတီက ဦးစိုင်းကျော်ဇောသန်းတို့ စုစုပေါင်း ၅ ဦး ပါဝင်ပါတယ်။

ရှမ်းနှင့်ကယားရှိ မြေသိမ်းယူမှုတွင် စစ်တပ်က အများဆုံးဟုဆို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013