DVB Logo
Home
မြန်မာသတင်း
သံဃာတော်တပါး သေဆုံးမှုဖြင့် ထောင်ချခံရသူအချို့ အယူခံဝင်မည်
DVB
·
May 23, 2013
သံဃာတော်တပါး သေဆုံးမှုဖြင့် ထောင်ချခံရသူအချို့ အယူခံဝင်မည်
Donate to DVB

မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့မတ်လ ပဋိပက္ခအတွင်း သံဃာတော်တပါး သေဆုံးခဲ့မှုနဲ့ အခုလ ၂၁ ရက်နေ့မှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရတဲ့ ကိုမျိုးထွန်း၊ ကိုမျိုးညွန့်၊ ကိုမျိုးဝင်းနဲ့ ကိုဇော်သက်နိုင်တို့အတွက် အယူခံဝင်သွားမယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ဘုန်းတော်ကြီး သေဆုံးမှုမှာ ကိုမျိုးထွန်းနဲ့ ကိုမျိုးညွန့်ဟာ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်အရ အခင်းဖြစ်တဲ့အချိန် အဲဒီနေရာမှာ ရှိနေတယ်ဆိုတဲ့ သက်သေခံချက် အားမကောင်းတဲ့အတွက် အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

“တရားလိုပြသက်သေ ၃၉ ယောက်မှာ၊ မျက်မြင်သက်သေ ၁၆ ယောက်ရှိတယ်။ တကယ်တွေ့တယ်လို့ ပြောနိုင်တာက ၁၀ ယောက်။ ကျန်တာက ခပ်လှမ်းလှမ်းက ၀ိုးတိုးဝါးတားမြင်တာ။ သူတို့ ၂ ဦးဟာ အခင်းဖြစ်ချိန်က အဲနေရာမှာရှိနေတယ်ဆိုတဲ့ သက်သေခံချက်တွေဟာ  အားမကောင်းဘူး။ သူတို့ဟာ ဆရာတော် ဦးသောဘိတကို လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ပါဝင်တယ်၊ အားပေးကူညီတယ်၊ လူသတ်ကွင်းဖြစ်တဲ့နေရာမှာ ရှိနေတယ်လို့ မထွက်ထားဘူး။ ဒါပေမယ့် ကျန်တဲ့ သက်သေ ၃ ယောက်လောက်က ဗလီရှေ့မှာ သတ်တယ်ဆိုတဲ့ ယေဘုယျ စွပ်စွဲချက်ရှိတယ်။ ကိုမျိုးထွန်းနဲ့ ကိုမျိုးညွန့်ဟာ ဖြစ်ချိန်က အဲနေရာမှာ မရှိဘူးဆိုတာကို ကောင်းကောင်းပြနိုင်တယ်ဆိုတော့၊ ကျနော်တို့အနေနဲ့က တရားခံတွေရဲ့ ထုချေချက်က ခိုင်လုံတယ်။ သူတို့ကို စွပ်စွဲတဲ့ ၂-၃ ယောက်က လွတ်လွတ်လပ်လပ် လက်ခံနိုင်တဲ့ အနေအထားမျိုးမရှိဘူးဆိုတာ ယူဆတယ်။ သူတို့ ၂ဦးက ပြစ်မှုထင်ရှားတွေ့ရင်တောင် ပုဒ်မ ၁၄၄ အရပဲ၊ ဥပဒေနဲ့ မညီညွတ်တဲ့ အဆင့်ပဲ ရှိတယ်။ ဆရာတော် ဦးသောဘိတကို သတ်ဖြတ်တာမှာ  ကိုယ်တိုင်လည်းမပါ၊ အားပေးကူညီတာလည်း မရှိဘူး။ လူသတ်ကွင်း အခင်းဖြစ်စဉ်မှာလည်း မပါဘူးဆိုတာနဲ့ တက်ပါမယ်။”

ဒါ့အပြင် ကိုမျိုးထွန်းနဲ့ ကိုဇော်သက်နိုင်ကို မြို့နယ်တရားရုံး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆို တောင်ချတာဟာလည်း တရားမျှတမှုမရှိဘူးလို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကိုမျိုးထွန်းက အခင်းဖြစ်ချိန်မှာ ဗလီရှေ့မှာ ဒီလိုရှိနေပါတယ်ဆိုပြီး ခရိုင်တရားရုံးက တွေ့ချိန်မှာပဲ၊ မြို့နယ်တရားရုံးက ၅၀၅(ခ)နဲ့ အဲကိစ္စအတွက် ထပ်စွဲတယ်။ ထောင်ဒဏ်ချခဲ့တာ။ တရားခံ ဇော်သက်နိုင်လည်း ဒီလိုပဲ။ မျက်မြင်သက်သေ ၁ ယောက်တည်းကပဲ ထွက်တယ်။ သူ ရှိနေတယ်၊ မရှိနေဘူးဆိုတာလည်း မသေချာဘူး။ ရုံးကတော့ ထွက်တဲ့ သက်သေရဲ့ ထွက်ချက်ကို လက်ခံတယ်။ ကျနော်တို့က လက်မခံနိုင်ဘူး။ မြို့နယ်တရားရုံးက ၅၀၅(ခ)နဲ့ အပြစ်ပေးတာကို ဥပဒေကြောင်းအရ မှန်ကန်တယ်လို့ မယူဆဘူး။ ခရိုင်တရားရုံးမှာ စစ်ဆေးခဲ့တဲ့အတွက် အဲလို စစ်ဆေးမယ်ဆို ခရိုင်တရားရုံးက တခါတည်း သုံးသပ်ယူဆခဲ့ရမှာလေ။ သီးခြားအမှုဖွင့်စရာမလိုပါဘူး။ ဒါ ဥပေဒျပဿနာပါ။ ဒီအတွက် အယူခံတက်ဖို့ ပြင်ဆင်သွားမှာပါ။”

ကိုမျိုးထွန်းဟာ မြို့နယ်ရော ခရိုင်နှစ်ခုက ချမှတ်တဲ့ ထောင်ဒဏ် စုပေါင်း ၁၆ နှစ်၊ ကိုမျိုးညွန့်ဦးက ခရိုင်တရားရုံးကနေ ပုဒ်မ ၃၀၂၊ ၂၉၅၊ ၁၄၄ အမှုတွေနဲ့ ၁၄ နှစ်၊ ကိုဇော်သက်နိုင်က ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၄၄ အမှုတွေနဲ့ မြို့နယ်နဲ့ခရိုင်တရားရုံးက စုစုပေါင်းထောင်ဒဏ် ၄ နှစ် ကိုမျိုးဝင်းကတော့ ခရိုင်တရားရုံးက ပုဒ်မ ၁၄၄ နဲ့ ထောင်ဒဏ် ၂ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့မတ်လက ဖြစ်ပွားခဲ့ ပဋိပက္ခအတွင်း ဘုန်းတော်ကြီး ဦးသောဘိတ သေဆုံးခဲ့ရပြီး ဘုန်းတော်ကြီးကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံသူ ၇ ဦးကို အခုလ ၂၁ ရက်နေ့က ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013