DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာစက်မှုဇုန် စက်ရုံ ၅ ခုတွင် အလုပ်သမားများ ဆက်လက်ဆန္ဒပြ
DVB
·
May 23, 2013
လှိုင်သာယာစက်မှုဇုန် စက်ရုံ ၅ ခုတွင် အလုပ်သမားများ ဆက်လက်ဆန္ဒပြ
Donate to DVB

လှိုင်သာယာစက်မှုဇုန်အတွင်းရှိ စက်ရုံ ၅ ခုက အလုပ်သမားတွေဟာ မေလ ဆန်းပိုင်းကတည်းက အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုခဲ့ကြပြီး အလုပ်ရှင်ဘက်က လိုက်လျောမှု မရှိတဲ့အတွက် ဆက်ပြီး ဆန္ဒပြနေကြပါတယ်။

လှိုင်သာယာစက်မှုဇုန်ထဲက စံကောင်းပီနံအိတ်စက်ရုံ၊ အက်စကွဲ၊ နယူးနဲ့ ယက်စ် ဖိနပ်စက်ရုံနဲ့ ဟုန်ဆန် စက်ရုံတွေက အလုပ်သမားတွေ ဆန္ဒပြနေကြတာပါ။

[caption id="attachment_39799" align="alignright" width="300" caption=" စံကောင်းပီနန်အိတ်စက်ရုံအလုပ်သမားများ မေ ၁၇ ရက်နေ့က ဆန္ဒပြနေကြစဉ်"][/caption]

စံကောင်း ပီနံအိတ်စက်ရုံ အလုပ်သမား ၁ ထောင်ကျော်ဟာ အလုပ်သမား ၄၉ ယောက် အလုပ်ထုတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေ ၁၁ ရက်နေ့ကတည်းက ဆန္ဒထုတ်ဖော်ရာမှာ အလုပ်ရှင်ဘက်က လိုက်လျောမှုမရှိတဲ့အတွက် ဆက်ပြီးဆန္ဒပြနေကြပါတယ်။

လုပ်ခလစာတိုးပေးဖို့နဲ့ ၀န်ထမ်းအိမ်ရာ တိုးပေးဖို့အပါအ၀င် တောင်းဆိုချက်တွေကြောင့် အလုပ်သမား ၄၉ ဦး အလုပ်ထုတ်ခံခဲ့ရတာပါ။ ဒီပေါ် မကျေနပ်လို့ ထပ်ပြီး ဆန္ဒပြနေကြတယ်လို့ ဆန္ဒပြတဲ့နေရာကို ဒီမနက် သွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဒေါ်သက်သက်အောင်က ပြောပါတယ်။

“အခု သိရသလောက်က ၄၉ ယောက် ပြန်ခန့်ရေး မခန့်ရေးကို ခုံသမာဓိကို လွှဲလိုက်ပြီလို့ သိထားရတယ်။ အဓိက သူလိုချင်တဲ့အချက်က နောက်ထပ် အလုပ်သမားတွေကို အရေးယူမှုတွေပြုမယ်ဆိုရင် သမဂ္ဂနဲ့ညှိဖို့ ပြောထားတယ်။ အဲအချက်တွေ အဆင်ပြေပြီဆိုရင် ဆက်ညှိဖို့ဟာ လွယ်ကူပါလိမ့်မယ်လို့ ကျမကို ပြောပါတယ်။”

စံကောင်း ပီနံအိတ်စက်ရုံ အလုပ်သမားတွေဟာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထားပြီး အလုပ်သမားရေးရာကိစ္စတွေမှာ ဒီသမဂ္ဂကပိုပြီး ပါဝင်ခွင့်ရဖို့ကိုလည်း တောင်းဆိုတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခုချိန်ထိ သူတို့တောင်းဆိုချက်တွေကို အလုပ်ရှင်ဘက်က မလိုက်လျောသေးတာကြောင့် ဆက် ဆန္ဒပြနေကြပါတယ်၊

အလားတူ အက်စကွဲဖိနပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ၅ ဦးကို အလုပ်ရှင်က အလုပ်ထုတ်လိုက်တဲ့အပေါ် မကျေနပ်တဲ့ အလုပ်သမား ၂၀၀ ကျော်က ဆန္ဒပြနေကြတယ်လို့ အလုပ်သမား ဒေါ်မာမာဦးက ပြောပါတယ်။

“အလုပ်အမှုဆောင် ၅ ယောက်ကို ဖြုတ်လိုက်တာလေ။ အောက်ကအလုပ်သမားတွေ စုပေါင်းတောင်းဆိုတယ်။ အလုပ်သမားတွေက ၅ ယောက်ကို ပြန်ခန့်ဖို့။ အလုပ်ရှင်ကလည်း ဒီ ၅ ယောက်ကို လက်မခံဘူး။ အလုပ်သမားတွေကလည်း အဲ ၅ ယောက်ကို ပြန်လက်မခံမချင်း သူတို့လည်း အလုပ်မ၀င်ဘူးပေါ့။ အလုပ်သမားတွေတောင်းဆိုတာ ၃ ရက်မြောက်သွားပြီ။ မနေ့က ၄ နာရီလောက်ကတော့ စာကပ်တယ် ၃ ရက်ရှိပြီဖြစ်လို့ အကုန်လုံးကို အလုပ်ဖြုတ်လိုက်တယ်တဲ့။”

ဟုန်စိန်စက်ရုံက အလုပ်သမားတွေကလည်း ပြီးခဲ့တဲ့ဧပြီလဆန်းကတည်းက သူတို့အခွင့်အရေး တောင်းဆိုရာမှာ အလုပ်ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ် အလုပ်သမားညှိနှိုင်းရေးအဖွဲ့က အလုပ်သမားနဲ့ အလုပ်ရှင်အကြား ညှိနှိုင်းမှုတွေ လုပ်ဆောင်ပေမယ့် မပြေလည်သေးဘဲ ဖြစ်နေဆဲပါ။

ပြီးခဲ့တဲ့နှစ်လယ်လောက်ကစပြီး စက်မှုဇုန်တွေမှာရှိတဲ့ အလုပ်သမားတွေဟာ သူတို့ရဲ့ အခွင့်အရေးအတွေအတွက် ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်နေပြီး အခုချိန်ထိ ပြေလည်မှုတွေ မရသေးတာဟာ အနိမ့်ဆုံး အခြေခံလစာဥပဒေ မပြဋ္ဌာန်းနိုင်လို့ ဖြစ်တယ်လို့ ဒေါ်သက်သက်အောင်က ပြောပါတယ်။

ဒီအနိမ့်ဆုံး အခြေခံလစာဥပဒေ မပြဋ္ဌာန်းနိုင်သရွေ့ အလုပ်သမားတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဆက်ရှိနေဦးမယ်လို့ ဆိုပါတယ်။

“ကျမတို့တိုင်းပြည်မှာ လက်ရှိအထိ အနိမ့်ဆုံးအခြေခံလစာ ဥပဒေပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသရွေ့ကတော့ ဒီပြဿနာတွေ ရှိနေဦးမယ်လို့ ခန့်မှန်းပါတယ်။ အစိုးရကိုလည်း ကျမတို့ တိုက်တွန်းနေပါတယ်။ အနိမ့်ဆုံးအခြေခံလစာဥပဒေ အမြန်ဆုံး အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ စာတင်တယ်၊ လွှတ်တော်ကိုလည်း ဖေဖော်ဝါရီ ၁၆၊ ၁၇ မှာလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ရရှိတဲ့ ရလဒ်တွေကို အမျိုးသားလွှတ်တော်ကို တင်တဲ့အခါမှာ အခုဆိုရင် လွှတ်တော်ကနေပြီး အလုပ်သမားနဲ့အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မတီဆိုတာ ပေါ်ပေါက်လာတယ်။ ”

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ အလုပ်သမားနဲ့ အလုပ်ရှင်အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်ကတော့ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာတွေကို လာမယ့် ဇွန် ၂၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်နာယကထံ အစီရင်ခံစာ တင်ဖို့ ရှိနေတယ်လို့ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီကော်မရှင်အနေနဲ့ စက်ရုံနဲ့ အလုပ်ရုံတွေရဲ့ အလုပ်သမားအခွင့်အရေး၊ လုပ်ခလစာ၊ အချိန်ပိုကြေးနဲ့ ရက်မှန်ကြေးပေးတာ၊ ဖြတ်တောက်တာ၊ အချိန်ပို စေခိုင်းတာ၊ အလုပ်ပိတ်ရက်၊ အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွားမှု၊ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းမှု၊ လူမှုဖူလုံရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုစတာတွေကို လေ့လာပြီး တင်ပြအစီရင်ခံရမှာ ဖြစ်ပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013