DVB Logo
Home
မြန်မာသတင်း
ရခိုင်အစီရင်ခံစာ အပြစ်အနာဆာများဟု အာရှလူ့အခွင့်အရေးကော်မရှင် ဝေဖန်
DVB
·
May 23, 2013
ရခိုင်အစီရင်ခံစာ အပြစ်အနာဆာများဟု အာရှလူ့အခွင့်အရေးကော်မရှင် ဝေဖန်
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ အပြစ်အနာဆာတွေ အများအပြား ရှိနေတယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က ဝေဖန်လိုက်ပါတယ်။

[caption id="attachment_14733" align="alignright" width="300" caption="ဦး​မင်း​လွင်ဦး​"][/caption]

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံပေးပို့တဲ့ ထုတ်ပြန်ချက်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာဟာ ပြစ်မှုကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ်ပေး အရေးယူဖို့ အတွက် ဖော်ပြထားတာကို မတွေ့ရသလို ပါဝင်တဲ့သူတွေကို တရားစွဲဆိုပြီး ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် ရှင်းလင်း တင်ပြချက်တွေကိုလည်း မတွေ့ရဘူးလို့  AHRC နဲ့ ဆက်စပ်အဖွဲ့အစည်း အာရှ ဥပဒေ အရင်းအမြစ် ပင်မဌာန (ALRC) က ပြောပါတယ်။

သမ္မတက လုပ်ပိုင်ခွင့်ပေးပြီး စုံစမ်းခိုင်းပေမယ့် အစီရင်ခံစာမှာ အနာဂတ်မှာ ဖြစ်ပွားလာတဲ့ ကိစ္စတွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတဲ့ နောက်ပိုင်း ကိစ္စတွေကိုပဲ တွေ့ခဲ့ရတဲ့အကြောင်း ALRC ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဒါ့အပြင် အစီရင်ခံစာပါ အချက်အလက်တွေဟာ အဖြစ်မှန်တွေကို ဖော်ထုတ်ထားတာ မဟုတ်သလို ဖုံးကွယ်ထားတာတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။

“တချို့ မမှန်မကန်ဖော်ပြထားတဲ့ အချက်တွေရှိတယ်။ ဒါတွေဟာ မှန်ကန်တဲ့ အစီရင်ခံချက်မဟုတ်ဘူးဆိုတာကို နိုင်ငံတကာသိအောင်၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ဒီနေ့ တင်ပြတဲ့အထဲ ဒီအချက်တွေပါတယ်။ အထူးသဖြင့် အရေးယူခံရတဲ့ ဒေါက်တာထွန်းအောင်ရဲ့ ကိစ္စဆိုရင် အရေးအခင်းဖြစ်စဉ်က အာဏာပိုင်တွေနဲ့အတူတူ လူထုကို ထိန်းသိမ်းခဲ့သူဖြစ်တယ်။ လူထုဟာ မောင်တောဒေသခံလူထုမဟုတ်တော့ ထိန်းသိမ်းမရတဲ့အခါ ရဲစခန်းမှူးတို့၊ အထွေထွေအုပ်ချုပ်ရေးမှူးတို့က သူတို့သက်ဆိုင်ရာဌာနတွေထဲ ၀င်ပြေးသွားတယ်။ ဦးထွန်းအောင်က ပြေးစရာမရှိတဲ့အတွက် ယူအန်အိပ်ခ်ျစီအာရ်ရုံးကို ၀င်ပြေးရတယ်။ ဒါပေမယ့် လက်ညှိုးထိုးဖို့ကျတော့ ဦးထွန်းအောင်တယောက်ကိုပဲ ထောင်ဒဏ် ၁၃-၁၄ နှစ် အပြစ်ပေးတာ တွေ့ရတယ်။ ဒါဟာ လုံးဝ တရားမျှတခြင်းမရှိဘူး။ ဦးထွန်းအောင်ဟာ အာဏာပိုင်တွေနဲ့ အတူတူ အရေးအခင်းမဖြစ်အောင် တားဆီးပါလျက်နဲ့ ဒီလိုမျိုး တရားခံအဖြစ် လွှဲချခံရတာက တော်တော် ဆိုးဆိုးဝါးဝါးဖြစ်တယ်ဆိုတာကို လူ့အခွင့်အရေးကော်မရှင်ကိုလည်း တင်ပြထားတယ်။ ကောင်စီကိုလည်း ဆက်လက်တင်ပြထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။”

ဒါ့အပြင် အစိုးရအစီရင်ခံစာမှာ ပါတဲ့အတိုင်း လုပ်ဆောင်သင့်တဲ့ ကိစ္စတွေကိုလည်း အမြန်ဆုံး အကောင်ထည်ဖော် ဆောင်ရွက်ဖို့လည်း သူက ပြောပါတယ်။

နိုင်ငံတော်လုံခြုံရေးနဲ့ နိုင်ငံခြားသားတွေကို ဖယ်ရှားတာစတဲ့ ပူပန်မှုတွေကို ထုတ်ပြန်ချက်မှာ ရေးသားထားသလို ဓားစာခံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း အပြစ်တင်ထားတယ်လို့ ALRC ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါအပြင် စုံစမ်းရေးကော်မရှင်အစီရင်ခံစာက အချက်အလက်တွေကိုလည်း မှားယွင်း တင်ပြ ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှားယွင်းဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးဖို့နဲ့ ပဋိပက္ခအတွက် လှုံ့ဆော်တဲ့သူတွေကို အရေးယူပေးဖို့လည်း ဦးမင်းလွင်ဦးက တိုက်တွန်းပြောဆိုပါတယ်။

“ဒုက္ခသည်စခန်းမှာမနေရဘဲနဲ့ လက်ရှိ ကိုယ့်နေရာကိုယ်ပြန်နေရအောင် အမြန်ဆုံး စီမံဆောင်ရွက်ပေးသင့်တယ်လို့တော့ အကြံပေး တိုက်တွန်းချင်ပါတယ်။ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်လို့ကတော့ တကယ်တမ်း ရခိုင်အရေးမှာ ပဋိပက္ခတွေဖြစ်ပွားအောင် လှုံ့ဆော်သွားသူတွေ၊ ဒီလူတွေက မောင်တောကလည်း မဟုတ် သံတွဲကလည်း မဟုတ်ဘူး။ အဲကိစ္စတွေကို လှုံ့ဆော်ပြီး လုပ်ဆောင်သွားသူတွေကို အမြန်ဆုံးဖော်ထုတ်အရေးယူသင့်တယ်။ ဖမ်းဆီးထားတဲ့အထဲ မှားယွင်းဖမ်းဆီးထားတာ အများကြီး ရှိတယ်။ အဲလူတွေကို ပြန်လွှတ်ပေးသင့်တယ်လို့ ကျနော်တို့က အကြံပြုတိုက်တွန်းချင်ပါတယ်။”

ဟောင်ကောင်အခြေစိုက် အစိုးရမဟုတ်သော လွတ်လပ်တဲ့ ALRC ဟာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီနဲ့ ဆွေးနွေးအကြံပေးနိုင်တဲ့ အခြေအနေတခုကို ပိုင်ဆိုင်ထားပါတယ်။

အာရှတ၀န်းက လူ့အခွင့်အရေး တရားရေးနဲ့ ပတ်သက်ပြီးတော့ ပိုမိုအားကောင်း လာအောင် ဆောင်ရွက်ဖို့ အတွက် ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013