DVB Logo
Home
မြန်မာသတင်း
အများပြည်သူ ၀န်ဆောင်မှုမီဒီယာ ဥပဒေကြမ်း ဝေဖန်မှုများရှိ
DVB
·
May 23, 2013
Donate to DVB

မြန်မာပြည်တွင်းမီဒီယာတွေနဲ့ ပက်သက်ပြီးတော့ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေ ကြမ်းတခု မေ ၂၀ ရက်နေ့က ထွက်ပေါ်လာခဲ့ပြီးနောက် သတင်းမီဒီယာသမားတွေမှာ ဝေဖန်ကန့်ကွက်အငြင်းပွားမှုတွေ ရှိနေပါတယ်။

အစိုးရအဖွဲ့ကနေ လွှတ်တော်ကို ပေးပို့ခဲ့တဲ့ “အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ မူကြမ်း”ကို အများပြည်သူ လေ့လာနိုင်ဖို့ မေ ၂၀ ရက်နေ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့တာပါ။

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်က သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားလုပ်ငန်းတွေကို အစိုးရလက်အောက်ကနေ ထုတ်ပြီး လွတ်လပ်စွာ လုပ်ကိုင်နိုင်တဲ့ အဖွဲ့အစည်းတခုအောက် လွှဲပြောင်းပေးဖို့ ရည်ရွယ် ရေးဆွဲထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်  ဒီလုပ်ငန်းတွေကို မူဝါဒချမှတ်ဖို့ ထိန်းကျောင်းကိုင်တွယ်ဖို့ “အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ကောင်စီ တရပ်ကို အဖွဲ့ဝင် ၁၅ ယောက်နဲ့ ဖွဲ့စည်းရမှာ ဖြစ်ပြီး သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ၅ ယောက်စီ အမည်စာရင်းပေးရမှာ ဖြစ်ပါတယ်။

အဲဒီ ကောင်စီကနေမှ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်း တာဝန်ပေးအပ်ပြီး လုပ်ငန်း လည်ပတ်စေမှာဖြစ်ပြီး မီဒီယာ ၀န်ဆောင်မှု အတွက် ကုန်ကျစရိတ်ကို အစိုးရဘတ်ဂျက်ကနေ ကျခံ သုံးစွဲရမယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး မြန်မာ့ဓနစီးပွားရေးမဂ္ဂဇင်းရဲ့အယ်ဒီတာချုပ်တဦးဖြစ်သူ ဦးသီဟစောက အခုလို ပြောပါတယ်။

“နေ့စဉ်သတင်းစာမှာတော့ သူတို့က ပိုက်ဆံရှာမယ့်သဘောမှာ တွေ့ရတယ်။ ကြော်ငြာခရှာမယ်၊ ရောင်းမယ်။ ပြည်သူ့ဘဏ္ဍာလည်း ယူမယ်။ ကြော်ငြာခလည်းရှာမယ်ဆိုရင် တခြားရှိတဲ့ တခြားပုဂ္ဂလိကသတင်းစာတွေထက်ကို အခွင့်အရေးပိုယူသလိုဖြစ်နေတာပေါ့။ အဲဒါမျိုး အချက်တွေနဲ့ ယှဉ်ရင်တော့ အငြင်းပွားစရာတွေဖြစ်လာမယ်လို့ထင်တယ်။ နိုင်ငံတကာမှာက ပြည်သူ့ဝန်ဆောင်မှုသတင်းစာဆိုတာ ဘယ်နိုင်ငံမှာမှ မရှိဘူး။ အများပြည်သူ့ဝန်ဆောင်မှုမီဒီယာ ကောင်စီလို့ ဖွင့်မယ်ပြောတယ်။ အဲဒါဆို တဖက်မှာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီတို့၊ မီဒီယာကောင်စီတို့လည်း ရှိမယ်။ အဲဒါမျိုးက တမျိုးပဲရှိသင့်တယ်။ ဘာပဲလုပ်လုပ် မီဒီယာလုပ်ငန်းအားလုံး တမျိုးပဲရှိသင့်တယ် ထင်တယ်။ ပြည်သူ့ဝန်ဆောင်မှုကတမျိုး၊ ဒီဘက်ကတမျိုးဆိုရင် သဘာဝမကျဘူးလို့ ထင်တယ်။”

ဒီအချက်တွေက အများပြည်သူ့ဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းမှာ အငြင်းပွားစရာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ဦးသီဟစောက ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

ရှေ့မှီနောက်မှီ မီဒီယာသမားကြီးတဦးဖြစ်ပြီး ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာရဲ့အယ်ဒီတာချုပ်တဦးလည်းဖြစ်တဲ့ ဆရာကြီး ဖိုးသောကြာ(ခေတ်+မိုး)ကတော့ အခုလို သုံးသပ်ပါတယ်။

“အစိုးရ သတင်းစာထုတ်တာကို သဘောမတူဘူး။ ဥပဒေကြမ်းကို ပိုတောင် သဘောမတူဘူး။ ဘယ်နိုင်ငံမှာမှ အစိုးရက သတင်းစာထုတ်ပြီး ပုဂ္ဂလိကကို တိုက်တယ်လို့ တခါမှ မကြားဖူးဘူး။ ပုဂ္ဂလိက သတင်းစာတွေကို ယှဉ်ပြိုင်တာလည်း မဟုတ်ဘူး။ အသာစီးနဲ့ တိုက်ခိုက်နေတယ်လို့ ခံယူတယ်။ ဒီဥပဒေကလည်း အဲဒါကို ကာကွယ်တဲ့ ဥပဒေလို့ မြင်ပါတယ်။ ကန့်ကွက်ဖို့ အခွင့်အရေးပေါ်လာရင် ထကန့်ကွက်မှာပဲ။ သတင်းစာ လွတ်လပ်ခွင့်မှာ ၀န်ဆောင်မှုဆိုတာ အစိုးရက လုပ်ဖို့မလိုပါဘူး။ ကျနော်တို့ သတင်းစာဆိုတာက ပြည်သူအတွက် ၀န်ဆောင်နေတာပဲလေ။ အစိုးရက ထူးထူးခြားခြားကြီး ဥပဒေပြုပြီး ၀န်ဆောင်စရာမလိုပါဘူး။ ဥပဒေတခုလုံးကို ကျနော်က ကန့်ကွက်တာပါ။”

အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်း ပြဋ္ဌာန်းချက်တွေ အပေါ်မှာ သတင်းစာလုပ်ငန်း လုပ်ကိုင်သူ တချို့ကလည်း အငြင်းပွားစရာတွေနဲ့ ကန့်ကွက်ရမှာတွေ အများကြီး ရှိနေတယ်လို့ ဝေဖန်ထောက်ပြနေပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီဗွီဘီနဲ့ တွေ့ဆုံစဉ် အခုလိုပြောပါတယ်။

“ကျနော့်အမြင်ကတော့ လက်ရှိဆွဲထားတဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေမူကြမ်းဟာ ကျနော်တို့အတွက် ရေရှည်မှာ ကောင်းကောင်းကို အထောက်အပံ့ပြုနိုင်မယ့် ဥပဒေတခုလို့ မြင်ပါတယ်။ အခုကျင်းပမယ့် ပါလီမန်မှာ ဒီမူကြမ်းကို စဆွေးနွေးမှာပေါ့။ အများပြည်သူဝန်ဆောင်မှုမီဒီယာ လုပ်မယ်ဆိုရင် အများပြည်သူဝန်ဆောင်မှုမီဒီယာ ကောင်စီမှာ မှတ်ပုံတင်ဖို့ လိုပါတယ်။ ဒါမှသာ အများပြည်သူဝန်ဆောင်မှု မီဒီယာလုပ်နိုင်သလား၊ မလုပ်နိုင်ဘူးလား၊ ဘယ်လိုအချက်တွေနဲ့ ကိုက်ညီမလဲ ဆိုတာ ဆန်းစစ်ပါမယ်။ ပြီးမှသာ ဆက်လက်လုပ်ဆောင်ခွင့်ပေးမှာဖြစ်ပါတယ်။”
မြန်မာပြည်မီဒီယာကဏ္ဍနဲ့ ပက်သက်ပြီး ဒီဥပဒေအပြင် နောက်ထက် ဥပဒေ ၃ ခုကိုလည်း ဆက်လက်ရေးဆွဲသွားဦးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013