
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင်းမှာ မီတာတလုံးရဲ့ ဈေးနှုန်း မြင့်တက်နေသေးတာကြောင့် ပြည်သူတွေ အခက်အခဲ ကြုံတွေ့နေကြပါတယ်။
အင်္ဂပူမြို့နယ်တွင်းရှိ ကွင်းကောက်ဒေသမှာ ၂၀၁၃ ခုနှစ်က စပြီး ကိုယ်ထူကိုယ်ထနဲ့ မီးလင်းခဲ့တာဖြစ်ပြီး ဒီနေ့အချိန်အထိ ကိုယ်ထူကိုယ်ထမီးလင်းရေးကော်မတီက လျှပ်စစ်ဝန်ကြီးဌာနကို ပြန်မအပ်နိုင်သေးလို့ မီတာတစ်လုံးကို ၆ သိန်းကျော်ပေးဝယ်နေ ကြရပါတယ်။
ကွင်းကောက်ဒေသမှာ ရပ်ကွက်ပေါင်း (၁၅) ရပ်ကွက်ရှိပြီး အိမ်ထောင်စုပေါင်း ၁၁၀၀ ကျော်သာ မီတာဝယ်ယူတပ်ဆင်နိုင်သေးတာကြောင့် မီတာဈေးနှုန်းကို အစိုးရက သတ်မှတ်တဲ့ဈေးနဲ့ ဝယ်ယူ တပ်ဆင်ချင်နေကြတာလို့ ကွင်းကောက်နေ ဦးအောင်မြင့်မော်က ပြောပါတယ်။
“ကျနော်တို့ကွင်းကောက်မှာ ၂၀၁၃ ခုနှစ်ကစပြီး ကိုယ်ထူကိုယ်ထနဲ့ လျှပ်စစ်မီးလင်းခဲ့ပါတယ်။ ခု ၂၀၂၀ ပေါ့ ခုထိကို မီးလင်းရေးကော်မတီက ဦးဆောင်ပြီးမီးလင်းခဲ့တယ်။ မီတာတစ်လုံးကို ၆၂၀၀၀၀ လောက်ကျတယ်။ အိမ်သွယ်တာဘာညာနဲ့ဆို အိမ်မီးလင်းဖို့ ၁၀ သိန်းလောက်မှ လင်းလို့ ရတယ်။ အဲဒါကြောင့် မီးကော်မတီကနေ အစိုးရကိုပြန်အပ် ပြီး မီတာဈေးတွေကျစေချင်တယ်”လို့ ပြောပါတယ်။
ကျေးရွာတွေမှာ အခုလက်ရှိ မီးလင်းဖို့ အရေးကိုတော့ (NEP) အမျိုးသားလျှပ်စစ်စီမံကိန်း ဆိုပြီး ကျေးရွာထည့်ဝင်ငွေတစ်ဝက်နဲ့ မီးလင်းတာတွေ ဆောက်ရွက်နေပါပြီ။ အရင်တုန်းကတော့ ကျေးရွာတွေမှာ မီးလင်းရေးကော်မတီဖွဲ့ပြီး ကျေးရွာက မီတာလိုချင်သူတွေ ထည့်ဝင်ငွေနဲ့ မတည်ပြီး ကိုယ်ထူကိုယ်ထမီးလင်းခဲ့ကြတာပါ။
အခုလက်ရှိ မီတာတစ်လုံးကို လျှပ်စစ်ဝန်ကြီးဌာကနေ လေးသောင်းငါးထောင်၊ ငါးသောင်းခုနှစ်ထောင်၊ ကိုးသောင်းဆိုပြီး အမျိုးအစား ၃ မျိုးခွဲခြား သတ်မှတ်ရောင်းချပေးနေတာပါ။
အင်္ဂပူမြို့နယ် ကွင်းကောက်တောင်ရပ် ဦးဝင်းတင်က “ကျနော်တို့ အခုဖြစ်နေတာက မီတာဈေးတွေ မြင့်နေတယ်။ အဲဒါကြောင့် လူတိုင်း မလျှောက်နိုင်ဘူးဖြစ်နေတယ်။ ခု ပညာရေး တွေကလည်း မြင့်မားလာတယ်။ ကျနော်တို့ကလေးတွေကလည်း ကိုးတန်း ဆယ်တန်း တက်ရမှာ မီးမရှိလို့ မဖြစ်ပါဘူး”လို့ ပြောပါတယ်။
ကိုယ်ထူကိုယ်ထ မီးလင်းရေးကော်မတီတွေကတော့ မီးလင်းဖို့လုပ်ဆောင်ပြီးရင် ၃ နှစ် အတွင်းမှာ လျှပ်စစ်ဝန်ကြီးဌာနက သတ်မှတ်တဲ့ စံချိန်းစံညွှန်းအညီလုပ်ဆောင်ပီ ဌာနကို ပြန်လွှဲပြောင်းရပါတယ်။ လျှပ်စစ်ဝန်ကြီးဌာနက လက်ခံပြီးရင်တော့ အစိုးရသတ်မှတ်တဲ့ဈေးနှုန်း အတိုင်း မီးလင်းကြရတာပါ။
အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသ မီးလင်းရေးကော်မတီ ဒုဥက္ကဌ ဦးစိန်မြင့်က “ကျနော်တို့ က ၁၃ မိုင်လောက် ကိုယ်ထူကိုယ်ထနဲ့ မီးလင်းခဲ့ကြတယ်။ ခုကော်မတီကနေ မီတာဖိုးတွေ မရတာတွေနဲ့ ကြွေးသိန်း ၅၀၀ လောက်ကျန်နေတယ်။ အဲတော့ ကျနော်တို့အချိန် ၅ လ လောက်ယူ ပြီး ကြွေးတောင်းမယ်။ ပြီးရင် အစိုးရသတ်မှတ်တဲ့ စံချိန်းစံညွှန်းတွေအတိုင်း လုပ်ပြီး ပြန်အပ်မယ်၊ အဲအချိန်လောက်ကြရင် မီတာဈေးနှုန်းကျဆင်းမှာပါ”လို့ ပြောပါတယ်။
သတင်း - သန်းထိုက်မြင့်











