DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ကြိုးပမ်း
DVB
·
May 23, 2013
Donate to DVB

ကယားပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းအဆင့် အောင်ချက်မြင့်မားရေးအတွက် တပြည်နယ်လုံးရှိ အထက်တန်းပြ ကျောင်းဆရာနဲ့ ဆရာမတွေကို လွိုင်ကော်မြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှာ မွမ်းမံသင်တန်းပေးနေပါတယ်။

ဒီမွမ်းမံသင်တန်းဟာ အောင်ချက်မြင့်မားဖို့နဲ့ ကျောင်းသားတွေကို ပိုင်ပိုင်နိုင်နိုင် သင်ကြားပေးနိုင်ဖို့ ရည်ရွယ်တယ်လို့  ကယားပြည်နယ် ပညာရေးညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ယုမေက ခုလိုပြောပါတယ်။

“ဒီကယားပြည်နယ် တပြည်နယ်လုံးမှာ နံပါတ် ၁ ကတော့ တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မြင့်မားရေးပေါ့။ နောက်တချက်ကတော့ အထက်တန်းဆင့်မှာ သင်ယူနေတဲ့ ကလေးတွေကို ဘာသာရပ်ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်နဲ့ ကလေးတွေကို သင်ကြားပေးနိုင်ဖို့အတွက်  ဆရာနဲ့ ဆရာမတွေကို ခေါ်ယူဆွေးနွေးတဲ့ သင်တန်းဖြစ်ပါတယ်” လို့ သိရပါတယ်။

သင်တန်းကို မေ ၁၃ ရက်နေ့ကစပြီး ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တချို့ အထက်တန်းပြ ဆရာနဲ့ ဆရာမတွေဟာ B.Ed ဘွဲ့ရရှိကြပေမယ့် သင်ကြားမှု အတွေ့အကြုံ မရှိသေးတာကြောင့် မွမ်းမံသင်တန်းတွေ ပို့ချပေးနေတာလို့ ဆိုပါတယ်။

ဒီပညာရေးမွမ်းမံသင်တန်းကို အထက်တန်းပြဆရာနဲ့ ဆရာမများ စုစုပေါင်း ၂၃၅ ဦး တက်ရောက်နေပြီး ဘာသာရပ်အသီးသီးအလိုက် နည်းပြတွေနဲ့ ဆွေးနွေးပို့ချပါတယ်။

ကယားပြည်နယ်မှာ  အထက်တန်းကျောင်း စုစုပေါင်း ၁၄ ကျောင်းရှိပြီး အထက်တန်းကျောင်းခွဲ ၃ ကျောင်းရှိနေပါတယ်။

သင်တန်းတက်ရောက်လာသူ ကျောင်းဆရာ ကေကောရီယိုက လက်ရှိ ကယားပြည်နယ် ပညာရေးစနစ်ရဲ့ အပြောင်းအလဲ အပေါ်မှာ ခုလိုပြောပါတယ်။.

“အခုပညာရေးစနစ်ကျတော့ နည်းနည်းပြောင်းလဲမှု ရှိလာပြီ။ သဘောက ဟိုအရင်တုန်းကဆိုရင်  ဘယ်လိုသင်လဲဆိုရင် ကလေးကို ဒါကျက်ရမယ်၊ ဒါကိုပဲသင်မယ် ဆိုတဲ့ပုံစံမျိုး အလွတ်ကျက်စနစ်ပေါ့။ အခုက ဒါမျိုးမဟုတ်တော့ဘူးလေ။ မဟုတ်တော့ဘူးဆိုတာက ကလေးကိုရှင်းပြမယ်။ သူတို့ရဲ့အတွေးခေါ်ကို ပြန်ပြီးတော့ ပြောခိုင်းတာပေါ့နော်။ သူတို့ရဲ့အတွေးအခေါ် သူတို့ရဲ့ခံယူချက်ပေါ့။ အဲလိုမျိုး။ ဆရာကလည်းတခါပြန်နားထောင်၊ ကလေးကလည်းပြောမှာပေါ့ အပြန်အလှန်ဆွေးနွေးကြတဲ့သဘောပေါ့။”

လက်ရှိ ကယားပြည်နယ် ကျောင်းတကျောင်းတွင် ကျောင်းသားများအရေအတွက်နဲ့ ရှိသင့်တဲ့ ကျောင်းဆရာ ဆရာမအရေအတွက်က ပိုနေသေးတယ်လို့ လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဒါပေမယ့် ကယားပြည်နယ်ရဲ့ တချို့အစွန်အဖျားကျေးရွာတွေမှာတော့ ကျောင်းဆရာ၊ ဆရာမ မလုံလောက်ဘူးလို့ ဆိုပါတယ်။

နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျား၊ မဦးရေ စုစုပေါင်း ၆ သိန်းကျော် ရှိပြီး မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ နှစ်စဉ်အောင်မြင်မှု ရာခိုင်နှုန်းမှာ ၃၀ ကျော်လေ့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013