DVB Logo
Home
မြန်မာသတင်း
ဂျပန်ဝန်ကြီးချုပ် မြန်မာပြည် ခရီးစဉ် အလုံးအရင်း ရင်းနှီးဖွယ်ရှိ
DVB
·
May 23, 2013
Donate to DVB

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေးနဲ့အတူ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေက လာမယ့် မေ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့ရှိ ကုန်သည်အသင်းချုပ်ရုံးမှာ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုဆိုင်ရာကိစ္စတွေ ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုမှာ အခြေခံအဆောက်အအုံနဲ့ ဆိုင်တဲ့ကိစ္စတွေအပြင် သီလ၀ါ အထူးစီးပွားရေးဇုန်၊ ကျောက်မီးသွေးတွင်းလုပ်ငန်းတွေ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ လေဆိပ်လုပ်ငန်းအပါအ၀င် အခြား သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်းနဲ့ အရင်းအနှီးဈေးကွက်စတဲ့ကဏ္ဍတွေ ဆွေးနွေးကြဖို့ ရှိတယ်လို့ ကုန်သည်အသင်းချုပ် (UMFCCI) ရုံး ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

“ကဏ္ဍအစုံအပေါ်မှာ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒါကြောင့် ဒီတွေ့ဆုံဆွေးနွေးမှုကနေ သူတို့ရဲ့ လုပ်ပုံကိုင်ပုံအကြောင်းကိုလည်း လေ့လာသိရှိနိုင်မှာဖြစ်သလို မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေကိုလည်း ဆွေးနွေးခွင့် ရသွားဖြစ်ပါတယ်။ ပြီးတော့ ဒီဆွေးနွေးမှုကနေ ကိုယ်ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကိုလည်း သိရှိလာမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မေ ၂၄ ရက်ကနေ ၂၆ ရက်ထိ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ၃၆ နှစ်အတွင်း ပထမဆုံး ဂျပန်ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ် ဖြစ်ပါတယ်။

သူနဲ့အတူ ဂျပန်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေလည်း လိုက်ပါသွားမှာဖြစ်ပြီး မြန်မာနိုင်ငံက ခေါင်းဆောင်တွေ၊ အဆင့်မြင့်အရာရှိကြီးတွေနဲ့လည်း အပြန်အလှန် စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ ဆွေးနွေးကြမယ်လို့ ဂျပန်ကက်ဘိနက် အတွင်းရေးမှူး ယိုရှိဟီဒေ ဆူဂါ (Yoshihide Suga) မနေ့က ပြောဆိုထားပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရဲ့ခရီးစဉ်ကြောင့် မြန်မာ-ဂျပန်စီးပွားရေးဆက်ဆံမှုက ပိုမို တိုးတက်လာမယ့် ခြေလှမ်းတရပ်လည်း ဖြစ်တယ်လို့ UMFCCI ရုံး ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။

“နဂိုကလည်း သူ့အထောက်အပံ့တွေ အများကြီးရှိခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ ကြွေးမြီတွေကိုလည်း ကူညီဖြေရှင်းပေးခဲ့တာမျိုးရှိတဲ့အပြင် တခြားလုပ်ငန်းတွေ အများကြီးကိုလည်း ကူညီဆောင်ရွက်ပေးတာတွေ ရှိပါတယ်။ အခုလည်း အစစအရာရာ သူတို့ကပဲ ရှေ့ဆက်ကူညီထောက်ပံ့ပေးပြီးတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် လုပ်သွားမယ့်သဘောပါ” လို့ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်ကလည်း ဂျပန်ဝန်ကြီးချုပ်ခရီးစဉ်အပေါ် ရင်းနှီးမြှုပ်နှံမှု လက်တွေ့သဘော ပါလာတော့မယ်လို့ မျှော်လင့်ပြောဆိုပါတယ်။

“အရင်ကဆိုရင် ဂျပန်လုပ်ငန်းရှင်တော်တော်များများက မြန်မာပြည်ကိုရောက်ရင် လာကြည့်ပြီးတော့ ပြန်ကြတာက များတယ်။ အခုနောက်ပိုင်းတော့ ဂျပန်စီးပွားရေးလုပ်ငန်းရှင် တွေက လုပ်လာတဲ့သဘော တွေ့ရတယ်။ ဒါကြောင့် သူခရီးစဉ်မှာ မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး တော်တော်လေး ခရီးပေါက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

လက်တလောမှာ ဂျပန်စီးပွားရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ မစ်ဆူဘစ်ရှီအပါအ၀င် ကုမ္ပဏီကြီးတချို့က မြန်မာနိုင်ငံမှာ ၀င်ရောက်ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာတဲ့အပြင် နောက်ပိုင်း ကာလတွေမှာလည်း ပိုပြီးတော့ များလာနိုင်တယ်လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးတက်စေရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ရေခံမြေခံတွေ တိုးတက်ရေးအတွက် ဂျပန်က အဆိုပြုဖွဲ့စည်းထားတဲ့ Japan-Myanmar Joint Initiative ပူးတွဲကော်မတီဟာ ဒီနှစ် မတ်လကုန်ပိုင်းတုန်းက ရန်ကုန်မှာ ဆွေးနွေးခဲ့ပါသေးတယ်။

အဲဒီကော်မတီမှာ ဂျပန်ဘက်က နိုင်ငံခြားရေးဌာန၊ စီးပွားရေးဌာန၊ ကုန်သွယ်ရေးနဲ့ စက်မှုဌာန၊ ပြည်ပကုန်သွယ်ရေးအဖွဲ့၊ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဂျိုက်ကာ) စတဲ့ ဌာနပေါင်းစုံက အရာရှိတွေ တက်ရောက်ပြီး မြန်မာဘက်က အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနဲ့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က တာဝန်ရှိသူတွေ တက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ပြီး ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့သလို ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီနောက် သမ္မတ ဦးသိန်းစိန်လည်း ဂျပန်နိုင်ငံ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံ လာရောက်တာ ဖြစ်ပါတယ်။

လက်ရှိ ဂျပန်-မြန်မာ စီးပွားရေးဆက်ဆံမှုအခြေအနေကတော့ နိုင်ငံအလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစာရင်းထဲမှာ ဂျပန်နိုင်ငံအနေဖြင့် အဆင့် ၁၂ နေရာမှာ ရှိနေပြီး ကုန်သွယ်ဘက် နိုင်ငံများစာရင်းမှာတော့ အဆင့် ၆ နေရာမှာ ရှိနေပါတယ်။
ကုန်သွယ်မှုမှာတော့ ဂျပန်ထံကနေ မြန်မာက မော်တော်ယာဉ်နဲ့ ယာဉ်ဆက်စပ် ပစ္စည်းတွေကို အဓိကတင်သွင်းပြီး လယ်ယာထွက်ကုန်စည်ဖြစ်တဲ့ ပဲမျိုးစုံနဲ့ နှမ်း၊ အ၀တ်အထည်နဲ့ ရေထွက်ကုန်ပစ္စည်းတွေကို တင်ပို့မှု ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013