
ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ ကျပ်သိန်း ၃၆၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၃ ရက်နေ့ ညနေ ၅ နာရီလောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနောက်ဘက်ရှိ တောင်ခြေမှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀,၀၀၀ ပြားကို ပိုင်ရှင် (စိစစ်ဆဲ) အား ဖမ်းဆီးမိခဲ့ပါတယ်။
အလားတူ ဇူလိုင်လ ၃ ရက်နေ့ မနက် ၉ နာရီခွဲလောက်ကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ စခန်းသာကျေးရွာနေ မအားမီရဲ့ နေအိမ်ကိုရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၁၂၆ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ပိုင်ရှင်(စိစစ်ဆဲ) နဲ့ မအားမီ (၄၄-နှစ်)ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။










