DVB Logo
Home
ဆောင်းပါး
အများပြည်သူ ၀န်ဆောင်မှု ဥပဒေကြမ်းကို ဘာကြောင့် ရေးဆွဲရတာလဲ
DVB
·
May 23, 2013
Donate to DVB

အစိုးရအဖွဲ့ကိုယ်စား ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ “အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေကြမ်း” ကို ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က အများပြည်သူ လေ့လာနိုင်အောင် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ဒီလို ထုတ်ပြန်ပြီးပြီးချင်း နောက်တနေ့ထုတ် ပုဂ္ဂလိကသတင်းစာ ၃ စောင်မှာတော့ ဒီ ဥပဒေကြမ်းကို လက်မခံနိုင်ကြောင်း ဖော်ပြတဲ့ သတင်းတွေကို တွေ့ရပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဒီဥပဒေကို ဘာကြောင့် ပြဋ္ဌာန်းရသလဲ၊ ပြည်တွင်း စာနယ်ဇင်းသမားတချို့က ဘာကြောင့် လက်မခံနိုင်ကြောင်း ပြောရသလဲ၊ ဥပဒေကြမ်းမှာ ဘာအားနည်းချက်တွေ ရှိနေသလဲ ဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေက အုပ်စိုးထားစဉ် အနှစ် ၅၀ ကာလ တလျှောက်လုံး အစိုးရဟာ ပုဂ္ဂလိကမီဒီယာတွေကို နာလန်မထူအောင် ဖိနှိပ်တာ၊ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်သူပိုင် မီဒီယာတွေ ထူထောင်ပြီး အတိုက်အခံတွေနဲ့ အတိုက်အခံ လှုပ်ရှားမှုအားလုံးကို သေးသိမ်အောင် ရှုတ်ချတိုက်ခိုက်တာ၊ စစ်တပ်နဲ့ စစ်အာဏာရှင်စနစ် ကောင်းကြောင်း ၀ါဒဖြန့်တာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် အောက်က ရုန်းထွက်ချိန် ပြန်ကြားရေးဝန်ကြီးဌာနမှာ ရုပ်သံ၊ ရေဒီယိုနဲ့ သတင်းစာ စတဲ့ မီဒီယာ မျိုးစုံ ထုတ်လုပ် ထုတ်လွှင့်နိုင်တဲ့ ယန္တရားကြီးတခု လက်ဝယ်ပိုင်ပိုင် ရောက်ရှိနေခဲ့ပါတယ်။ ဒီ မီဒီယာ အားလုံး လည်ပတ်နေတဲ့ ကုန်ကျစရိတ်ကိုလည်း ပြည်သူတွေရဲ့ အခွန်ဘဏ္ဍာဖြစ်တဲ့ အစိုးရ ဘတ်ဂျက်ကနေ ရယူသုံးစွဲနေတာပဲ ဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာပြီးနောက် နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်မယ်ပြောပြီး နိုင်ငံရေးအရ ဖြေလျော့မှုတွေ လုပ်ပေးလာချိန်ကစလို့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်တွင်းက စာနယ်ဇင်းသမားတွေအားလုံးက အစိုးရလက်ထဲမှာ ၀ါဒဖြန့်ယန္တရားအဖြစ် အသုံးပြုနေတဲ့ ဒီမီဒီယာတွေ မရှိသင့်တော့ဘူး ဆိုပြီး ဝေဖန်လာကြပါတယ်။

တကယ်လည်း ပြည်သူဘဏ္ဍာငွေ ထောက်ပံ့ထားရတဲ့ ဒီ မီဒီယာတွေဟာ အစိုးရ၀ါဒဖြန့်ယန္တရား မဖြစ်သင့်ဘူးဆိုတာကို လွှတ်တော်အမတ်တွေရော၊ ပြည်သူတွေပါ လက်ခံ ယုံကြည်လာကြတာမို့ ပြန်ကြားရေးဝန်ကြီးဌာနကိုယ်တိုင် အစိုးရလက်အောက်က ဒီ မီဒီယာတွေကို အသွင်ပြောင်းဖို့ လုပ်လာကြတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဥရောပပုံစံ “ အများပြည်သူ ၀န်ဆောင်မှုမီဒီယာ” ဆိုတာကို ရှာဖွေတွေ့ရှိပြီး “အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေကြမ်း” ကို ရေးဆွဲဖို့ ဖြစ်လာပါတယ်။

ပြောရရင် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်က ဒီ မီဒီယာလုပ်ငန်းစုကြီးကို လွတ်လပ်တဲ့ “အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ကောင်စီ” လက်အောက်မှာ ထားပြီး လုပ်ငန်း လည်ပတ်စေမယ် ဆိုတဲ့ သဘောပါပဲ။ တဖက်က ပြန်ကြည့်ရင်လည်း မြန်မာနိုင်ငံလို ပညာရေး အဆင့်အတန်း နောက်ကျ၊ ပြည်သူလူထု ဗဟုသုတကလည်း ရေချိန်နိမ့်၊ တိုင်းရင်းသားမျိုးကွဲတွေလည်း များနေတဲ့အခြေအနေအောက်မှာ အကျိုးအမြတ် မရှာတဲ့ “အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ” ဆိုတာမျိုးကလည်း လိုအပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အခု ရေးဆွဲ ထုတ်ပြန်လိုက်တဲ့ ဥပဒေကြမ်းထဲမှာ ဒီ မီဒီယာလုပ်ငန်းစုကြီးက လုပ်ကိုင်ရမယ့်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ကတော့ ဘာမှ အငြင်းပွားစရာ မရှိပါဘူး။ အငြင်းပွားစရာရှိတာက ဒီမီဒီယာအုပ်စုကြီးကို ဦးဆောင်မောင်းနှင်မယ့် မီဒီယာကောင်စီ ဖွဲ့စည်းရေး၊ လက်ရှိ ဒီ မီဒီယာအုပ်စုကြီးထဲမှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အရာရှိနဲ့ ၀န်ထမ်းတွေရဲ့ ပြဿနာ ဖြစ်ပါတယ်။

ဥပဒေကြမ်းထဲမှာ မီဒီယာကောင်စီဝင် ၁၅ ယောက်ကို သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ကနေ တယောက်ကို ၅ ယောက်စီ နာမည်စာရင်းပေး ဖွဲ့စည်းရမယ်လို့ ရေးဆွဲထားပါတယ်။ လက်ရှိ အခြေအနေမှာတော့ ဦးသိန်းစိန်၊ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ ဗိုလ်ချုပ်ဟောင်း ၃ ယောက်က ဒီမီဒီယာကောင်စီဝင်တွေကို ခန့်အပ်မယ့် သဘောဖြစ်ပါတယ်။ ဒါကြောင့် ဒီ မီဒီယာလုပ်ငန်းစုကြီးဟာ အများပြည်သူကို တကယ် ၀န်ဆောင်မှုပေးမယ်ဆိုတဲ့ ကောင်စီဝင်တွေ လက်ထဲကို ရောက်သွားမှာ မဟုတ်ဘူး ဆိုပြီး စိုးရိမ်ကြတဲ့ အချက်ဟာ မှန်ကန်ပါတယ်။

နောက်တချက်ကတော့ ဒီမီဒီယာတွေကို တာဝန်ယူ လုပ်ကိုင်နေကြသူတွေပါ။ သိကြတဲ့အတိုင်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လက်အောက်က မြန်မာ့ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ဦးဆောင်နေသူအားလုံးဟာ စစ်အရာရှိဟောင်းတွေချည်းပဲ ဖြစ်ပါတယ်။ ၁၉၈၈ အာဏာသိမ်း စစ်အာဏာရှင်တွေဟာ ဒီမိုကရေစီအရေးတော်ပုံကြီးကို ကြုံခဲ့ရပြီးတဲ့နောက် မီဒီယာရဲ့ အရေးပါပုံကို ကောင်းကောင်းသိပြီး မီဒီယာကို စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ လုံးလုံးလျားလျား ရှိစေဖို့ အကောင်အထည် ဖော်ခဲ့ကြပါတယ်။ ရုပ်သံ၊ ရေဒီယို၊ သတင်းစာနဲ့ ပုံနှိပ်လုပ်ငန်း အားလုံးရှိတဲ့ စစ်တပ်ပိုင် မြ၀တီ မီဒီယာအုပ်စုကို ပြန်ကြားရေးနဲ့ လုံးဝ မဆက်စပ်ဘဲ သီးခြား တည်ဆောက်ခဲ့သလို ပြန်ကြားရေးအောက်က မီဒီယာလုပ်ငန်းအားလုံးမှာလည်း အောက်ဆုံးအရာရှိကနေ အထက်ဆုံးဝန်ကြီးအဆင့်ထိ စစ်အရာရှိဟောင်းတွေက စနစ်တကျ အကွက်ကျကျ အားလုံး နေရာယူ လုပ်ကိုင်လာခဲ့တာ ဒီနေ့အထိပါပဲ။ ဒီ အတွက် မေးစရာမေးခွန်းက ဒီ စစ်အရာရှိဟောင်းတွေဟာ လွတ်လပ်တဲ့ မီဒီယာကောင်စီအောက်မှာ ဥပဒေက ချမှတ်ထားသလို အများပြည်သူ ၀န်ဆောင်မှုကို တကယ်လုပ်ကြမှာလား၊ စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပါတီ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အစိုးရအဖွဲ့ကို သစ္စာခံမှာလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ အတွက် အဲဒီ အရာရှိဝန်ထမ်းတွေက ဒီ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အကောင်အထည် မဖော်ရင် ဘယ်လို အရေးယူဆောင်ရွက်မယ် ဆိုတာ ဥပဒေကြမ်းထဲမှာ မပါပါဘူး။ ဒါကိုလည်း ပုဂ္ဂလိက စာနယ်ဇင်းသမားတွေက ထောက်ပြကြပါတယ်။
ပြောရရင် ဥပဒေကြမ်းရဲ့ ပင်မ ရည်ရွယ်ချက်ကောင်းပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်တွေက ချုပ်ကိုင်ထားပြီး စစ်အရာရှိဟောင်းတွေချည်းပဲ တာဝန်ယူ လုပ်ကိုင်နေတဲ့ ဒီ မီဒီယာ လုပ်ငန်းစုကြီးကို အသွင်ပြောင်းဖို့ ကိစ္စ ထင်သလောက် မလွယ်ကူနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013